ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၄ နှစ်တာခရီး

 

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၄ နှစ်တာခရီး

 

    ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ၁၁-၃-၂၀၂၄ ရက်နေ့တွင် ၁၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။   ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)ကို ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဖြင့် အတည်ပြုပြဋ္ဌာန်းပြီးနောက် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်   ဖွံ့ဖြိုးရေးကောင်စီသည် ပါတီစုံဒီမိုကရေစီ   အထွေထွေရွေးကောက်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၃ နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ်(၁/၂၀၁၀)ဖြင့် ပြဋ္ဌာန်းထားသော ၂၀၁၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေပုဒ်မ  ၃ တို့အရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စတင်ဖွဲ့စည်းပေးခဲ့ပါသည်။

ရုံးအမည်ကိုလည်း ယခင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံးဟု ခေါ်ဆိုရာမှ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အဖြစ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့ ရက်စွဲပါ စာအမှတ် ၁၀၆/နယက (ဥ)/တဝ-၂ ဖြင့် ပြင်ဆင်သတ်မှတ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၀ ပြည့်နှစ်   ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ၁၄ နှစ်တာ ကာလအတွင်း ကော်မရှင် ၄ ခု၊ ဥက္ကဋ္ဌအားဖြင့် ၄ ဦး တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။ နိုင်ငံတော်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၀၁၀ ပြည့်နှစ် မတ်လ ၁၁ ရက်နေ့တွင်  ကြေညာချက်အမှတ် (၁/၂၀၁၀)ဖြင့်  ဥက္ကဋ္ဌ ဦးသိန်းစိုး အမှူးပြုသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပါသည်။ ၂၀၁၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ်ကော်မရှင်သည် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန်   အချိန် ၈ လသာ ရရှိခဲ့ပါသည်။ အဆိုပါ ၈ လတာကာလ အတွင်း၌ပင်  ရွေးကောက်ပွဲကော်မရှင် ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေ၊ လွှတ်တော် ၃ ရပ်အတွက် သက်ဆိုင်ရာ လွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို ထုတ်ပြန်အတည်ပြု ပြဋ္ဌာန်းနိုင်ရေး၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ သင်တန်းပေးခြင်း၊ နိုင်ငံရေးပါတီများ တည်ထောင်ခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်၊ မဲဆန္ဒနယ်များ သတ်မှတ်ခြင်း၊ မဲစာရင်းများ ပြုစုခြင်း၊ မဲရုံများ သတ်မှတ်ခြင်း၊ မဲရုံသုံးပစ္စည်းများ  တွက်ချက်ဖြည့်ဆည်း ပေးပို့ခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား  စိစစ်အတည်ပြုခြင်း၊ မဲလက်မှတ်များ ရိုက်နှိပ်ခြင်း၊ ဖြန့်ဝေခြင်း၊ မဲဆန္ဒရှင်ပြည်သူများအား ပညာပေးဆောင်ရွက်ခြင်း စသည့်များပြားလှသော လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီ ပြီးစီးအောင် ဆောင်ရွက်ခဲ့ရပြီး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန် ဆောင်ရွက်ခဲ့ရပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၃၇ ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံရေးပါတီ ၂၂ ပါတီ အနိုင်ရရှိခဲ့ပြီး ၂၀၁၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲကိုလည်း အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။

၂၀၁၅ ခုနှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

၂၀၁၀ ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးနောက် ဒုတိယအကြိမ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဥက္ကဋ္ဌဦးတင်အေး အမှူးပြုသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို နိုင်ငံတော်သမ္မတက ၂၀၁၁ ခုနှစ် မတ်လ ၃၀ ရက်စွဲပါကြေညာချက်အမှတ်(၅/၂၀၁၁)ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး အမှူးပြုသော ကော်မရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို သမာသမတ်ကျစွာ ကျင်းပပေးပြီးသည့်နောက်  ၂၀၁၅ ခုနှစ်တွင်ကျင်းပမည့်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို  တရားမျှတစွာ ကျင်းပနိုင်ရေး၊ မဲဆန္ဒရှင်ပြည်သူများနှင့် နိုင်ငံတကာမှ ယုံကြည်လက်ခံသော ရွေးကောက်ပွဲဖြစ်ရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို  ပြည်တွင်းနှင့် နိုင်ငံတကာရွေးကောက်ပွဲ  စောင့်ကြည့်လေ့လာရေးအဖွဲ့များ စောင့်ကြည့်လေ့လာနိုင်စေရန် ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ    ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်   နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ   ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ထုတ်ပြန်၍ စောင့်ကြည့်လေ့လာ စေခဲ့ပါသည်။ မီဒီယာကဏ္ဍတွင်လည်း  ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက်    ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းမီဒီယာကျင့်ဝတ်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့်   ညှိနှိုင်းဆောင်ရွက် ရေးဆွဲခဲ့ပြီး ရွေးကောက်ပွဲ ကာလအတွင်း ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းအဖွဲ့များအား သတင်းရယူခွင့်ပြုခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို  နိုင်ငံတကာက တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြပါသည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၉၁ ပါတီဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံရေးပါတီ ၂၂ ပါတီ အနိုင်ရရှိခဲ့ပါသည်။

၂၀၂၀ ပြည့်နှစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

    ၂၀၁၅ ခုနှစ်   ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးသည့်နောက် တတိယအကြိမ်   ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဥက္ကဋ္ဌ ဦးလှသိန်း အမှူးပြုသော ကော်မရှင်အဖွဲ့ကို နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်စွဲပါကြေညာချက် အမှတ်၊ ၄/၂၀၁၆ ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် အစိုးရအဖွဲ့များနှင့် အုပ်ချုပ်ရေးအဖွဲ့များက ဝင်ရောက်စွက်ဖက်ခြင်း၊  အာဏာရပါတီ ပိုမိုအခွင့်သာမည့်သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ နည်းဥပဒေများအား ပြင်ဆင်ခြင်း၊ မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ  ကန့်သတ်တားမြစ်ချက်များကို အသုံးချ၍   အသာစီး ရယူဆောင်ရွက်ခြင်း၊ ရုပ်မြင်သံကြားနှင့် သတင်းစာမှထုတ်လွှင့် ဖော်ပြသည့် နိုင်ငံရေးပါတီများ၏ ဟောပြောချက်များကို ထုတ်လွှင့်ရာတွင်လည်း ပြိုင်ဘက်နိုင်ငံရေး ပါတီများ၏ ဟောပြောချက်များအား ဖြတ်တောက်ဆင်ဆာပြုလုပ်ခြင်း၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဆောင်ရွက်နိုင်သည့် လုပ်ငန်း ၁၃ မျိုးမှ ၄ မျိုးကိုလျှော့ချခဲ့ပြီး စောင့်ကြည့်ခြင်း လုပ်ငန်းစဉ်အားဖြုတ်၍ လေ့လာခွင့်သာပြုခဲ့ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် ကျင့်ဝတ် Code of Conduct for Political  Parties  and  Candidates (CoC) ရေးဆွဲရာတွင် ဝင်ရောက်စွက်ဖက် လွှမ်းမိုးဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊  နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော ညွှန်ကြားချက်အမျိုးမျိုး ထုတ်ပြန်ခြင်းဖြင့် ဘက်လိုက်ဆောင်ရွက်ခြင်း၊ ကြိုတင်မဲများ ကောက်ခံရာတွင်လည်း ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်မှုမရှိသော၊ မှန်ကန်မျှတမှု မရှိသောကြိုတင်ဆန္ဒ မဲကောက်ခံခြင်းများ ဆောင်ရွက်ခဲ့သဖြင့် တရားမျှတမှု မရှိသော ရွေးကောက်ပွဲဖြစ်ခဲ့သဖြင့် တပ်မတော်ကဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ အာဏာကို ထိန်းသိမ်းခဲ့ရပါသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဥက္ကဋ္ဌ ဦးသိန်းစိုးအမှူးပြုသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ရက်စွဲပါအမိန့်အမှတ်၊   (၇/၂၀၂၁)ဖြင့် ဖွဲ့စည်းပေးခဲ့ပါသည်။ ဦးသိန်းစိုး အမှူးပြုသော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်အနက် အမှတ်စဉ်(၁)ပါ    မဲစာရင်းများ စစ်ဆေးခြင်းများ အပါအဝင် လုပ်ဆောင်သင့်၊ လုပ်ဆောင်ထိုက်သည်များကို  ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ခဲ့ရာ   ၂၀၂၀ ပြည့်နှစ်  အထွေထွေ ရွေးကောက်ပွဲသည် အထက်ဖော်ပြပါအချက်များ စစ်ဆေးတွေ့ရှိရပြီး တရားမျှတမှု မရှိသဖြင့်  ရွေးကောက်ပွဲရလဒ်ကို  ပယ်ဖျက်ခဲ့ရပါသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သည် ရှေ့လုပ်ငန်းစဉ်  (၅)ရပ်ပါ တာဝန်ဖြစ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သော လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး၊ လွှတ်တော်အတွင်း တစ်ပါတီကြီးစိုးသည့်စနစ် မဖြစ်စေရေးနှင့်  မဲဆန္ဒရှင်များ၏ ဆန္ဒမဲများ အဟောသိကံ အလဟဿ မဖြစ်စေရေးအတွက် ယခင်ကျင့်သုံးသော အများဆုံးရသူ အနိုင်ယူ(FPTP)စနစ်အစား အချိုးကျ ကိုယ်စားပြုစနစ်(PR)ကို  ပြောင်းလဲကျင့်သုံးနိုင်ရေးနှင့် စပ်လျဉ်းပြီး တည်ဆဲနိုင်ငံရေးပါတီများနှင့်   တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့မှုများအရ  ရွေးကောက်ပွဲစနစ်ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ်များအတွက် FPTP  စနစ် ဆက်လက်ကျင့်သုံးပြီး  ကျန်လွှတ်တော် ကိုယ်စားလှယ်များအား  အချိုးကျ ကိုယ်စားပြုစနစ် Closed List (PR)ကို အသုံးပြုရွေးကောက် တင်မြှောက်ရန် သဘောတူညီမှု ရယူသတ်မှတ်နိုင်ခဲ့ပါသည်။

ထိုကဲ့သို့သတ်မှတ်ပြီးနောက် PR စနစ်နှင့် ကိုက်ညီမည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများ၊ သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ ရေးဆွဲထုတ်ပြန်နိုင်ရေး ဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊  နည်းဥပဒေများ ထုတ်ပြန်ပြဋ္ဌာန်းပြီးနောက်  နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး  အားကောင်းသော ပါတီများဖြစ်စေရေး လိုအပ်သောစစ်ဆေးမှုများ၊ ညွှန်ကြားမှုများကို ဆောင်ရွက်ခဲ့ပါသည်။

မဲစာရင်းများပြုစုရာတွင် အထောက်အကူ ဖြစ်စေရန်အတွက်  အခြေခံမဲဆန္ဒရှင်စာရင်းနှင့် မြေပြင်လူဦးရေ စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ကနဦးမဲဆန္ဒရှင်စာရင်း စိစစ်ခြင်းစနစ် IVLS)နှင့် Cross check ပြုလုပ်နိုင်သည့် Software များကို ရေးဆွဲခဲ့ပြီး သက်ဆိုင်ရာအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးများနှင့် ပူးပေါင်း၍ Pilot Project ဆောင်ရွက်ခဲ့ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ပေးပို့လာသည့် လူဦးရေစာရင်းပထမ(မူကြမ်း)ကို သက်ဆိုင်ရာမြို့နယ်အလိုက်  မဲရုံအဆင့်အထိ လူဦးရေစာရင်း လျာထားဆောင်ရွက်ရာတွင်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ မြို့နယ်အဆင့်မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်(Admin DEO, DEO Software)နှင့် ဗဟိုမဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်(CVLMS)တို့ကို အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါစနစ်များကို ကော်မရှင်၏ သီးခြား Network  အတွင်း ကိုယ်ပိုင် Server များဖြင့် ထိန်းသိမ်း ထားရှိပါသည်။

မဲမသမာမှုဖြစ်စဉ်များ မဖြစ်ပေါ်စေရေးနှင့် ဆန္ဒမဲလက်မှတ်များ  ဖောင်းပွမှုမဖြစ်စေရေး တို့အတွက် ရည်ရွယ်၍ Electronic မဲပေးစက် EVM  ကိုအသုံးပြုမဲပေးနိုင်ရန်နှင့်  မဲဆန္ဒရှင်ပြည်သူလူထု၏ စာတတ်မြောက်မှုနှုန်း၊ နားလည်နိုင်မှု အခြေအနေတို့နှင့် ကိုက်ညီမည့် မြန်မာအီလက်ထရွန်နစ် မဲပေးစက်(MEVM)ကို တီထွင်ဆောင်ရွက်ခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၃၁-၁-၂၀၂၄ ရက်စွဲပါ အမိန့်အမှတ်၊ (၉/၂၀၂၄)အရ ဥက္ကဋ္ဌ ဦးသိန်းစိုးအား ကျန်းမာရေးအရ တာဝန်မှ အနားယူခွင့်ပြုခဲ့ပြီး  ဦးကိုကိုအား ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအမိန့်အမှတ်၊ (၁၀/၂၀၂၄)ဖြင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့တွင်  တာဝန်ပေးအပ်ခဲ့ပါသည်။  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  ကြုံတွေ့ခဲ့ရသည့်  အားနည်းချက်/အားသာချက်များကို သင်ခန်းစာယူ၍ ရွေးကောက်ပွဲဖြစ်စဉ်များ၌ တရားမျှတမှုရှိစေရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများ  မဖြစ်ပွားစေရေးတို့ အတွက် မဲဆန္ဒရှင်ပြည်သူများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာန/အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သည့် Stakeholders များ အပါအဝင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် အမှတ်စဉ်(၅)ပါတာဝန်အရ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား   လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် အောင်မြင်စွာ ကျင်းပနိုင်ရေး အလေးအနက်ထား ဆောင်ရွက်နေမှုအား ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်း တင်လိုက်ရပါသည်။    ။

ထက်အောင်