အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အောင့်မျက်နှာသုန်မှုန်တာ ရုတ်ခြည်းပျောက်သွားသည်။ အောင့်မျက်နှာသည် ခဏချင်းပင် ကြည်ကြည်လင်လင် ဖြစ်လာလေသည်။ ဗလသည် သူ့မျက်နှာထက် မတန်တဆကြီးသော မျက်မှန်ကို ပင့်တင်လျက် ရယ်နိုင်၊ မောနိုင် ဖြစ်လာသည်။
ဒေဝကတော့ မျက်လုံးကို မှေးစင်းကာ အောင့်ကို လှမ်းကြည့်ပြီး အောင့်ရှေ့နား တွင် သူ့လက်နှစ်ချောင်း ထောင်ပြကာ
“အောင်၊ ပိစ်”ဟု ပြောလိုက်သည်။
အောင်ကလည်း ရယ်ကာ မောကာ မျက်နှာငွေလ ရွှင်ပျပျနှင့် သူ့လက်ချောင်းများကို ပြန်ထောင်ပြရင်း “ပိစိ...ပိစိ”ဟု ဆိုလိုက်လေသည်။
အခန်း(၅)
အောင့်ကို စိတ်ဆိုးလွယ်သလောက် စိတ်ပြေလွယ်သော ကောင်မလေးတစ် ယောက်ဆိုတာထက် ပို၍သိစရာတွေ ရှိလေမလားဟု ကိုလတ်ရော ကိုအောင်ပါ အမြဲတွေးသည်။ တွေးစရာတွေလည်း ရှိ လိမ့်မည်ဟုထင်သည်။
တကယ်လည်း အောင့်ရင်ထဲတွင် ပြော စရာ အခန်းကဏ္ဍတွေကလည်း အစုံစုံပင်။
“သူတို့ကတော့ ငါ့ကို ဘာမဟုတ်တဲ့ အသေးအဖွဲလေးနဲ့ စိတ်ဆိုးလွယ်လိုက်တာလို့ ထင်မှာပဲ ချောစုရယ်၊ ငါ့မှာလည်း ငါ့ အကြောင်းနဲ့ငါပေါ့ဟယ်၊ စက်ဆုပ်စရာတွေ၊ စိတ်မသတီစရာတွေ၊ ခံပြင်းဒေါသထွက်စရာတွေ အများကြီးပဲရှိပါတယ်၊ အဲဒါ သူတို့နားလည်အောင် ငါဘယ်လိုပြောပြရမလဲ”
အဆောင်ပြန်ရောက်တော့ ချောစုက ထမင်းအိုးတစ်လုံးကောက်တည်ပြီး ကြက် သွန်အခွံနွှာမြဲ။ အောင်က ငရုတ်တစ်ဆုံ ညက်အောင် ထောင်းမြဲပင်။ အဆောင်တွင် ဝယ်ထားသော ဘဲဥဖြစ်စေ၊ ငါးခြောက် ဖြစ်စေ၊ ဝက်သားပြုတ်ဖြစ်စေ ဟင်းတစ် ခွက်ရအောင် ချက်ကြသည်။
ညမနက် ချက်ထားပြီး ဖြစ်သလိုစားကြသည်။ တစ်ခါတလေတော့လည်း လက်ဖက်သုပ်၊ မြေပဲဆန်ကြော်နှင့် ထမင်းတစ်နပ် ပြီးချင်ပြီးသွားသည်။
ပေါင်မုန့်နှစ်ချပ်၊ ငါးပိကြော်နှင့်လည်း ထမင်းတစ်နပ်စာဖြစ်အောင် စားပစ်လိုက် ကြသည်။
ရောင့်ရဲသောဘဝမို့ မညည်းညူကြတော့။ ချောစုနှင့် အောင်တို့နှစ်ယောက် စလုံး အတွဲညီသည်မို့ တော်ပါသေးသည်။ သူတို့နှစ်ယောက်တွင် စိတ်မကျေနပ်စရာ ရယ်လို့လည်းမရှိ။
သူတို့ကြားတွင် အဘိဇ္ဈာတံတိုင်းမရှိ။ အပြိုင်အဆိုင် အတုအပတံတိုင်းမရှိ။ နား မလည်တာတွေ၊ မစာနာတာတွေမရှိ။
ချောစုက အောင့်မျက်နှာကိုကြည့်ကာ ရယ်မောရင်း...
“အေးဟဲ့၊ အချစ်တော်ကိစ္စကြီးဆိုတော့ ရှင်းရခက်တာပေါ့ဟယ်၊ နင်ကလည်း စိတ်ဆိုးလာရင် ဒိုးဒိုးဒေါက်ဒေါက်နဲ့ စကား အကုန်ဖွင့်ပြောတာနဲ့ ငါ့မှာ မျက်လုံးပြူး နေတာပဲ၊ နင်များ အကုန်လျှောက်ပြောပစ် မလားလို့”
“ငါပြောမလားဟဲ့...”
“မသိဘူးလေ၊ နင်က မပြောသင့်တာ တွေလည်း ပြောတတ်လွန်းလို့၊ ငါ့မှာ ခေါင်းကြီးနေတာပဲ”
“ဒါတော့ ငါ ဘယ်ပြောပါ့မလဲဟယ်၊ မောင်နှမလို ရင်းနှီးကြပေမယ့် သူတို့က ယောက်ျားတွေပဲ၊ မိန်းမကိစ္စ ပြောလို့ဖြစ်မလား၊ ယောက်ျားက ယောက်ျားသတ်သတ်၊ မိန်းမက မိန်းမသတ်သတ်ပေါ့၊ ဒါလောက်တော့ ငါနားလည်ပါတယ်၊ ငါ ကလေးမှ မဟုတ်ဘဲ ချောစုရယ်”
“ဒါပေမဲ့ နင် စကားပြောတာ သိပ် ကလေးဆန်တယ် အောင်၊ ကိုလတ်နဲ့ ကိုအောင်တို့က နင့်ကို အံ့သြပြီး ငေးကြည့်နေကြတယ်၊ နင်ငိုတော့ ဒေဝနဲ့ ဗလတို့ မျက်နှာလေးတွေက ဆီးရွက်လောက်ပဲ ရှိတော့တယ်”
ချောစုက ပြောရင်းရယ်မိသည်။ အောင်က တစ်ချက်မျှတွေသွားကာ...
“ဟုတ်တယ် အဲဒီတုန်းက ငါ့မျက်ရည်တွေ ဘယ်ကဘယ်လိုကျလာမှန်းမသိဘူး၊ ငါသိပ်ရှက်တာပဲဟယ်၊ ငါပြောချင်တာ တွေ ရင်ထဲမှာ စကားတွေ စုပြုံလာတယ်၊ ပြောလို့ကလည်း ဘယ်ထွက်ပါ့မလဲ”
အောင်နှင့်ချောစုတို့ ထမင်းစားသောက်ပြီး ရေမိုးချိုး၊ အင်းလျားကန်ပေါင်ရိုးသို့ လမ်းလျှောက်ထွက်ကြသည်အထိ သည်စကားက အစမသတ်။
“ငါ ငယ်ငယ်လေးကတည်းက ဘော်ဒါမှာ နေခဲ့ရတယ်၊ သူငယ်တန်းကတည်းက ပဲဟယ်၊ မိဘနဲ့ အတူတူမနေခဲ့ရဘူး၊ ငါ နေရတာက မိန်းကလေးကျောင်း၊ အဲဒီမှာ မိန်းကလေးအချင်းချင်း အချစ်တော်တွေ ဘာတွေလည်း ခေတ်စားနေတော့ ငါ့စိတ် ထဲမယ် မိန်းကလေးအချင်းချင်း ဖေးဘရိတ် သူငယ်ချင်းထားပြီး ပို့ဒ်စကတ်ပို့ရုံ၊ စာနုနု လေးတွေ ရေးရုံ ဒီလိုထင်ခဲ့တာဟာ”
“ငါတောင် အမှန်အတိုင်းဝန်ခံရရင် ခပ်ငယ်ငယ်က အချစ်တော်ထားဖူးသေး တယ်၊ ကောင်မလေးတွေလှရင် မိန်းကလေးအချင်းချင်းပေမယ့် လိုက်ပိုးတာပဲ”
“ငါလည်း အဲလိုပေါ့ ချောစုရယ်၊ ငါ ရှစ်တန်းတုန်းက အချစ်တော်လို ခင်မှန်း မသိ ခင်လာမိတဲ့ မိန်းမတစ်ယောက်ရှိတယ်၊ သူ့စာတွေက တကယ့်ရည်းစားစာ အတိုင်းပဲ၊ ငါ့ကို ချစ်တယ်တွေ၊ သနားတယ် တွေပေါ့၊ သူ့နာမည်က ခင်မျိုးသွယ်တဲ့၊ ပိန်ပိန်ရှည်ရှည် ခပ်ချောချောလေးပဲ”
“နင်က ပိုးတာလား၊ သူက ပိုးပန်းတာ လား”
“ငါက သူ့ကို လှလို့သဘောကျသလို သူကလည်း ငါ့ကို ချစ်စရာလေးတဲ့၊ နှစ် ယောက်စလုံး ပိုးကြတာပဲ၊ ပို့ဒ်စကတ်ပေးတော့ သူက စပေးတာ၊ ငါကလည်းပြန်ပေးတယ်။ ပို့ဒ်စကတ်တွေပို့ စာတွေရေးနဲ့ ကျောင်းတွေပိတ်ရင် အဲဒီအလုပ်ပဲ လုပ်နေကြတာ၊ သူနဲ့ငါနဲ့ ဘော်ဒါဆောင် တစ်ထပ်တည်းဆိုတော့ သိပ်ရင်းနှီးလာကြတယ်”
“သူက နောက်တော့ တဖြည်းဖြည်းနဲ့ ငါ့ကို လက်ပွန်းတတီးနေလာတယ်၊ ပါးကို ဆွဲလိမ်လိုက် ခါးဖက်လိုက်နဲ့၊ ငါလည်း မိန်းမအချင်းချင်းဆိုတော့ သိပ်မဖြုံဘူးပေါ့၊ နောက်တော့ ခင်မျိုးသွယ်က ကဲလာတယ်၊ လူလစ်တာနဲ့ ငါကိုဖက်ဖက်နမ်းတယ်၊ ငါ သိပ်မုန်းတာပဲ တွန်းပစ်လိုက်ရတယ်”
“အဲလိုတော့ ငါလည်း မုန်းတယ်ဟယ်၊ ငါဆိုလည်း တွန်းပစ်လိုက်တာပဲ၊ မိန်းကလေးချင်းပေမယ့် လူပုံလယ်ခါးဖက်လျှောက်ရင်တောင် ငါ ကြည့်လို့ရတာ မဟုတ်ဘူး”
ဆက်လက်ဖော်ပြပါမည်။