တောင်တွင်းကြီးမြို့နယ် သဖန်းကုန်းကျေးရွာ၌ ဆောင်းနေကြာ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီး မြို့နယ် သဖန်းကုန်းကျေးရွာ၌ ဆီထွက် သီးနှံ ဆောင်းနေကြာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေတောင်သူများသည် နေကြာကို စီးပွားဖြစ် စိုက်ပျိုးလျက်ရှိရာ ပြီးခဲ့သည့်နှစ်ကထက် စိုက်ပျိုးသူ များပြားလာကြောင်းနှင့် ဆီထွက်သီးနှံများအနက် နေကြာမှာ သီးထပ်သီးညှပ်အပြင် နေကြာတစ်မျိုး တည်းသီးသန့်ဖြင့် ရာသီမရွေး မျိုးစေ့ဈေး နှုန်းသက်သာစွာ ဝယ်ယူစိုက်ပျိုးနိုင်သော သီးနှံဖြစ်၍ မိုးရာသီအပြင် ဆောင်းရာသီ တွင်လည်း စိုက်ပျိုးကြကြောင်း သိရသည်။
မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ဦးဆောင်မှုဖြင့် ကျေးလက်နေတောင်သူများ မိုးသီးနှံ များသိမ်းဆည်းပြီးချိန် မိမိတို့လယ်ယာမြေများတွင် ဆောင်းနေကြာကို စက်တင်ဘာ လနှင့် အောက်တိုဘာလတို့တွင် စတင် စိုက်ပျိုးကြသည်။ ထိုသို့စိုက်ပျိုးရာတွင် ဆောင်းနေကြာကို တခြားသီးနှံများဖြစ်သည့် မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းတို့နှင့် သီးညှပ် စိုက်ပျိုးကြသည့်အပြင် နေကြာတစ်မျိုး တည်း သီးသန့် တန်းခြား၂ ပေ၊ ပင်ကြား ၉ လက်မဖြင့် စိုက်ပျိုးကြသည်။
ထိုသို့ တန်းခြားပင်ကြားဖြင့် စိုက်ပျိုးသည့် ဆောင်းနေကြာမှာ တစ်ဧကလျှင် မျိုးစေ့လေးပြည်မှ ငါးပြည်အထိစိုက်ပျိုးကြ ပြီး တောင်တွင်းကြီးမြို့နယ်မှ ကျေးလက် နေတောင်သူများမှာ ဆောင်းနေကြာကို ဆင်းရွှေကြာ-၂၊ ရေဆင်း-၁ စပ်မျိုး စသည့် မျိုးများကို အဓိက စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။