မန်စီးတီးအသင်းဂိုးသမား အီဒါဆန် လီဗာပူးအသင်းနှင့် ပွဲစဉ်မှရရှိသည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တလေးပတ်ခန့် အနားယူရမည်

 

မန်စီးတီးအသင်းဂိုးသမား အီဒါဆန် လီဗာပူးအသင်းနှင့် ပွဲစဉ်မှရရှိသည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တလေးပတ်ခန့် အနားယူရမည်

မန်စီးတီးအသင်း အဓိကဂိုးသမား အီဒါဆန်သည် လီဗာပူးအသင်းနှင့် မန်စီးတီးအသင်းတို့ပွဲစဉ်တွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် ရက်သတ္တလေးပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း  မန်စီးတီးအသင်းက အတည်ပြု ကြေညာခဲ့သည်။

ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)အဖြစ်    ကစားသည့် လီဗာပူးအသင်းနှင့်မန်စီးတီးအသင်းတို့ တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့သော ပွဲစဉ်၌ ပွဲချိန် မိနစ် ၅၀ တွင်  အသင်းဖော်ခံစစ်ကစားသမား အကီက အီဒါဆန်ထံ ဘောလုံးပြန်လည်ပေးပို့ရာတွင်     လီဗာပူးအသင်းတိုက်စစ်ကစားသမား  နူနက်စ်က   ကြားဖြတ်ရယူခဲ့သည်ကို အီဒါဆန်က ဖျက်ထုတ်ရာတွင် ခြေချင်းဝတ်ဒဏ်ရာရရှိပြီးနောက်     ဆက်လက်ကစားနိုင်ခြင်း မရှိသည့်အတွက်  ပွဲချိန်  ၅၆  မိနစ်တွင်   စတီဖန်နှင့်လူစားလဲထွက်ခွာခဲ့ရသည်။

အီဒါဆန်အနေဖြင့်     ဒဏ်ရာမှာပြင်းထန်ခဲ့ပြီး အသေးစိတ်ဆေးစစ်မှုများပြုလုပ်ခဲ့ရာတွင် ခြေချင်းဝတ် ဒဏ်ရာမှာ   ပြင်းထန်သည့်အတွက် ပြန်လည်ကြံ့ခိုင်မှု ပြည့်ဝရန် ရက်သတ္တလေးပတ်ခန့်  အနားယူရမည် ဖြစ်ကြောင်း    မန်စီးတီးအသင်းက   အတည်ပြုကြေညာခဲ့သည်။

မန်စီးတီးအသင်းသည်    လက်ရှိ  ပရီးမီးယားလိဂ် ပြိုင်ပွဲ၌ ၂၈ ပွဲကစားပြီးချိန်တွင် ရမှတ် ၆၃ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၃)နေရာ၌ ရပ်တည်နေကာ အမှတ်ပေးဇယားထိပ်ဆုံးမှ  အာဆင်နယ်အသင်းနှင့်  အဆင့်(၂)နေရာမှ     လီဗာပူးအသင်းတို့နှင့်  ရမှတ် တစ်မှတ်သာကွာဟနေပြီး ချန်ပီယံဆုအတွက် အားပြိုင် နေရချိန်တွင် အဓိကဂိုးသမားအီဒါဆန်ကို လက်လွှတ် ရမည်ဖြစ်သည့်အတွက် ထိုးနှက်ချက်ဖြစ်လာဖွယ်ရှိ နေသည်။

ဂိုးသမားအီဒါဆန်သည် မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ်  ၂၇  ပွဲကစားခဲ့ရာ  ရှစ်ပွဲဂိုးမပေးရအောင် စွမ်းဆောင်ထားနိုင်သူဖြစ်ကြောင်း သိရသည်။

Ref;Sky Sports