အမေရိကန် ရွေးကောက်ပွဲ၌ သမ္မတသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်လျှင်ပင် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲမည် မဟုတ်ဟု တောင်ကိုရီးယားပြော

 

အမေရိကန် ရွေးကောက်ပွဲ၌ သမ္မတသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်လျှင်ပင် နှစ်နိုင်ငံကြား ဆက်ဆံရေး ပြောင်းလဲမည် မဟုတ်ဟု တောင်ကိုရီးယားပြော

အမေရိကန်ပြည်သူများက  လာမည့် ရွေးကောက်ပွဲတွင်  သမ္မတသစ်တစ်ဦးကို ရွေးကောက်တင်မြှောက်လျှင်ပင် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ဆက်ဆံရေးမှာ အခြေခံအားဖြင့် ပြောင်းလဲမည်မဟုတ်ကြောင်း တောင်ကိုရီးယားသမ္မတရုံးမှ အရာရှိတစ်ဦး ကပြောသည်။

အမေရိကန်တွင် ယခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပမည့် သမ္မတရွေးကောက်ပွဲနှင့် စပ်လျဉ်း၍  ထွက်ပေါ်နေသည့် ခန့်မှန်းပြောဆိုမှုများအပေါ်  တောင်ကိုရီးယားအနေဖြင့် တစ်စုံတစ်ရာ ဖန်တီးလုပ်ဆောင်မည် မဟုတ်ကြောင်း၊ တောင်ကိုရီးယားနှင့် အမေရိကန်နှစ်နိုင်ငံကြား ယခင်က တည်ဆောက် ထားရှိသည့်  လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းလာစေရန်အတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း အမည်ဖော်ပြထားခြင်းမရှိသည့် တောင်ကိုရီးယား အရာရှိက မတ်လ ၁၁ ရက်တွင် သတင်းထောက်များနှင့်  တွေ့ဆုံစဉ်ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံသည် အမေရိကန် ၏စစ်ရေးအင်အားကြီးမားမှုကို အခမဲ့အသုံးချလျက်ရှိပြီး တောင်ကိုရီးယားတွင် ဖြန့်ကြက်ထားသည့် အမေရိကန် တပ်ဖွဲ့ဝင်များအတွက် ကုန်ကျစရိတ်အဖြစ် တစ်နှစ်လျှင် ဒေါ်လာ ၅ ဘီလီယံပေးအပ်ရန်  သမ္မတဟောင်းဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့သည်။

ထို့ကြောင့် တောင်ကိုရီးယားနိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် အမေရိကန်တပ်ဖွဲ့များ အတွက် ကုန်ကျစရိတ်ကို နှစ်နိုင်ငံကြား ဝေမျှ ကျခံရေးနှင့်စပ်လျဉ်း၍ တောင်ကိုရီးယားနှင့် အမေရိကန်တို့ကြားဆွေးနွေးရန် အစော ပိုင်းက သဘောတူညီခဲ့ပြီးဖြစ်သည်။

ထို့ပြင် တောင်ကိုရီးယား အနေဖြင့် အမေရိကန်၏ တိုးချဲ့ထားသည့် ခုခံတားဆီးရေး အစီအစဉ်တွင်  ပိုမိုပြောဆိုနိုင်ရေး အတွက်လည်း ကြိုးပမ်းမည် ဖြစ်ကြောင်း  သိရသည်။

Ref: ST