၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ ဒုတိယနေ့ ကျင်းပ ၊  ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ်  တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ ဒုတိယနေ့ ကျင်းပ ၊  ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာဖြေဆို

 

နေပြည်တော် မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲ   ဒုတိယနေ့ကို ယနေ့ဆက်လက် ကျင်းပရာ  ကျောင်းသား၊ကျောင်းသူများ အင်္ဂလိပ်စာ ဘာသာရပ်ကို အေးချမ်းစွာ    ဝင်ရောက်ဖြေဆိုကြသည်။ 

ပညာရေးဝန်ကြီးဌာန   မြန်မာနိုင်ငံ တိုင်းရင်းသား ဘာသာစကား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်   ဦးကိုလေးဝင်း၊ ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းနှင့် ဒက္ခိဏသီရိမြို့နယ် အမှတ်(၁၈) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ လည်းကောင်း၊ ဆရာအတတ်ပညာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ နေပြည်တော်ကောင်စီနယ်မြေ ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ် အမှတ် (၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့ လည်းကောင်း၊  ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်နှင့် တာဝန်ရှိသူများသည်   ဇမ္ဗူသီရိမြို့နယ် အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းသို့ လည်းကောင်း  သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးကြသည်။

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာစစ်ဌာနများသို့  ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူး များနှင့်တာဝန်ရှိသူများ  သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။

စာစစ်ဌာန အသီးသီး၌လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီများ၊  ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊  ဌာနဆိုင်ရာများနှင့် ရပ်မိရပ်ဖများ၊ လူမှုရေး အဖွဲ့အစည်းများက စည်းလုံးညီညွတ်စွာ   စောင့်ရှောက်ပေးလျက်ရှိပြီး    စာစစ်ဌာန အားလုံးတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ခဲ့ကြောင်း သတင်းရရှိသည်။