တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

 

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

 

    ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံနှင့် မြန်မာလူမျိုးများ တည်ရှိနေရမည်။  ထိုသို့တည်ရှိအောင် လုပ်ဆောင်ရမည်မှာ မြန်မာတစ်မျိုးသားလုံး၏ အရေးဖြစ်သည်။ မိမိနိုင်ငံကို    မိမိတို့အကောင်းမွန်ဆုံး ဖြစ်အောင် တည်ဆောက်နိုင်ရမည်။ မိမိနိုင်ငံကို မိမိတို့ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း ကာကွယ်နိုင်ရမည်။ 

မြန်မာဆိုသည့် ဝေါဟာရနှင့်အညီ လျင်မြန်ခြင်း၊ သန်မာခြင်းတို့ ရှိနေရမည်။ ထိုသို့ရှိနေအောင်လည်း သားစဉ် မြေးဆက်လေ့လာ၊ လေ့ကျင့်၊ လိုက်နာနေကြရမည်။ မြန်မာဟုဆိုလိုက်သည်နှင့်    မြန်မာနိုင်ငံအတွင်း နှစ်ပရိစ္ဆေဒကြာမြင့်စွာ  အတူယှဉ်တွဲ နေထိုင်ကြသော တိုင်းရင်းသားအပေါင်းကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း အလိုလို သိနားလည်ပြီးဖြစ်ကြလိမ့်မည်။

မြန်မာနိုင်ငံသည် အာရှတိုက် အရှေ့တောင်ပိုင်းတွင် တည်ရှိပြီး   စတုရန်းမိုင်ပေါင်း ၂၆၁၂၂၈ မိုင် (၆၇၆၅၇၈ စတုရန်းကီလိုမီတာ)  ကျယ်ဝန်းသည်။ အိမ်နီးချင်းနိုင်ငံများအဖြစ် တရုတ်၊ လာအို၊ ထိုင်း၊ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ တည်ရှိသည်။  နိုင်ငံအတွင်းတွင်လည်း တိုင်းရင်းသား လူမျိုးပေါင်း ၁၀၀ ကျော် ရှိနေသည်။ တိုင်းရင်းသားလူမျိုး အားလုံးတို့မှာ အေးအတူပူအမျှ အတူတကွ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လာကြသူများဖြစ်ကြသည်။ မြန်မာနိုင်ငံ၏ ထူးခြားချက်မှာ တိုင်းရင်းသားလူမျိုးစုအလိုက် သီးခြားစီနေထိုင်မှု မရှိခြင်းဖြစ်သည်။      အားလုံးသည် စိတ်အေးချမ်းသာစွာ မိမိတို့နေထိုင်ရာ ဒေသများတွင် မိမိတို့ကျွမ်းကျင် လိမ္မာရာပညာရပ်များဖြင့် အသက်မွေး ဝမ်းကျောင်းပြုလျက် ရှိသည်။

မြန်မာနိုင်ငံသည် မြေပေါ်မြေအောက်၊  ရေပေါ်ရေအောက် သယံဇာတလွန်စွာ ပေါများလှသည်ဖြစ်ပြီး ရေမြေတောတောင် သဘာဝ အလှရှုခင်းများကလည်းကြည်နူးဖွယ်ကောင်းလှသည်။    မြန်မာနိုင်ငံတွင် ထူးခြားသည်မှာ ဘာသာရေးအရ လွတ်လပ်ခွင့်ရှိနေခြင်း ဖြစ်သည်။ ကမ္ဘာတွင် မည်သည့်နိုင်ငံတွင်မှ မမြင်မတွေ့နိုင်သော ဘာသာရေး အဆောက်အအုံများ ယှဉ်တွဲ လျက်တွေ့မြင်ရခြင်း ဖြစ်ပြီး ဘာသာရေးပဋိပက္ခ ကင်းရှင်းသည့် နိုင်ငံဖြစ်သည်။ သို့သော်မြန်မာနိုင်ငံတွင် ဆင်ခြေဆင်လက် အကြောင်းအမျိုးမျိုးပြကာ လက်နက်စွဲကိုင် အကြမ်းဖက် သောင်းကျန်းသူများ ရှိနေခြင်းက နိုင်ငံ၏ အလှကိုပျက်ယွင်းစေပြီး    တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေနိုင်သည်။

လွတ်လပ်ရေးရရှိချိန်မှစတင်ပြီး     နယ်ချဲ့တို့ မြှောက်ပင့်သွေးထိုးကာ လက်နက်ထောက်ပံ့ပေးခဲ့ခြင်းကြောင့် ရောင်စုံသောင်းကျန်းသူများ ပေါ်လာသည်။

ထိုလက်နက်ကိုင် သောင်းကျန်းသူများက  ဥပဒေမဲ့ လက်နက်ကိုင်ဆောင်ကာ ဘိန်းစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်ခြင်း၊ သယံဇာတများကို ခိုးထုတ်ရောင်းဝယ်ခြင်း၊   ဒေသခံပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းတို့ဖြင့် စီးပွားရှာခဲ့ကြသည်။

လက်နက်ကိုင်ဆောင်ခြင်း၏ အရသာကို ကောင်းစွာ သဘောကျစွဲလမ်းနေပြီ ဖြစ်၍အကြမ်းဖက် သောင်းကျန်းသူတို့မှာ လက်နက်ကိုင်ဆောင်ခြင်းကို မည်သည့်အခါမျှစွန့်လွှတ်တော့မည် မဟုတ်ပေ။   အကြောင်းတစ်ခုခုကြောင့်  လက်နက်နှင့်ငြိမ်းချမ်းရေး လဲလှယ်ခဲ့လျှင်လည်း အဆိုပါအဖွဲ့မှ အဖွဲ့ငယ်တစ်ဖွဲ့ဖွဲ့သည် အမြဲတမ်း ခွဲထွက်ကာ ကျန်ခဲ့လေ့ရှိသည်။  နောင်တွင်အင်အားကြီးထွားလာအောင် ဒေသခံပြည်သူများအား အကြောက်တရားဖြင့် လူသစ်စုဆောင်းသည်။ ဒေသခံများမှာ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲကြီးများစွာ နေထိုင်ခဲ့ကြရသည်။

နိုင်ငံတော်အစိုးရ အဆက်ဆက်က လက်နက်ကိုင် သောင်းကျန်းသူများအား တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဟု ချိုသာစွာ သုံးနှုန်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများဆီသို့ ဖိတ်ခေါ်ခဲ့သည်။  ယနေ့ကာလတွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုပေါင်းကာ မတည်ရေးဆွဲခဲ့သော စာချုပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် ပြည်တွင်းပြည်ပအသိများ ရှေ့မှောက်၌ အမှန်တကယ်လက်မှတ်ရေးထိုးကြသည့်အခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က ပြည်ပသွေးထိုးမှုကို နားယောင်ကာ လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပေ။   အမှန်က၎င်းတို့ ကိုယ်တိုင် စတင်ရေးဆွဲခဲ့သည့်  ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ဖြစ်သည်။

စာချုပ်ပါအချက်အလက်များအတိုင်း တဖြည်းဖြည်းချင်း အကောင်အထည်ဖော် ဆောင်ရွက်ကြမည်ဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်မှာ   ပစ်ခတ်တိုက်ခိုက်မှုများ ကင်းစင်သွားမည်ဖြစ်သည်။ တိုင်းရင်းသားတို့၏ လိုအပ်ချက်ဆန္ဒမှန်သမျှကို သက်ဆိုင်ရာ လွှတ်တော်အသီးသီးတွင် ဆွေးနွေး တောင်းဆိုနိုင်မည်ဖြစ်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)မှာ လည်း တိုင်းရင်းသားများ၏ အခွင့်အရေး ထည့်သွင်းထားပြီးဖြစ်သည်။  ထိုမျှနှင့်မလုံလောက်သေးပါက အဆိုပါဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ခွင့်ရှိပါသေးသည်။  စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးနေပြီဖြစ်၍ မိမိတို့တိုင်းဒေသကြီး/ပြည်နယ်အလိုက် လိုအပ်ချက်များကို ဒီမိုကရေစီနည်းလမ်းကျစွာ တောင်းဆိုနိုင်ပြီဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်သည်  နိုင်ငံအတွက်၊ နိုင်ငံအတွင်းရှိ လူမျိုးများအတွက် အလွန်တရာ ကောင်းမွန်သော စာချုပ်ဖြစ်သည်။ ထိုစာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးခြင်းဖြင့် ပြည်သူအကျိုး သယ်ပိုးကြရမည်    ဖြစ်သော်လည်း သောင်းကျန်းသူလက်နက်ကိုင် အဖွဲ့များအနေဖြင့် မိမိတို့တစ်ဖွဲ့၊  တစ်စုကောင်းစားရေးကို လက်မလွှတ်နိုင် သည့်အတွက် အဆိုပါစာချုပ်တွင် ပါဝင်လက်မှတ်မရေးထိုးခြင်းဖြစ်သည်။ လွတ်လပ်ရေး ရပြီးစဉ်ကတည်းက တစိုက်မတ်မတ် ကြွေးကြော်နေသည်မှာ  ဗမာလူမျိုးကြီးဝါဒ တိုက်ဖျက်ရေး၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဟူသော စကားလုံးများကို သုံးစွဲကာ မသိနားမလည်သော တိုင်းရင်းသားများကို မြှောက်ပင့်ပေးလျက်ရှိသည်။

သမိုင်းကြောင်းကိုအမှန်အတိုင်း မြင်အောင်လေ့လာကြည့်မည်ဆိုလျှင် တပ်မတော်ဟူသော  အဖွဲ့အစည်းတစ်ရပ် စတင်ပေါ်ပေါက်လာသည်မှာ   ဗမာလူမျိုး တစ်မျိုးတည်း   တာဝန်ထမ်းဆောင်ခြင်း မဟုတ်ပါ။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်ပါသည်။  ထို့အတူ ပြည်နယ်များတွင်လည်း လူမျိုးစု အကြီးအကဲများကိုသာ ဦးဆောင်စေခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု တပ်မတော်ဟုသာ သတ်မှတ်ထားပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသားပေါင်းစုံသည် တပ်မတော်သို့ ဝင်ရောက်ကာ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ဂုဏ်သိက္ခာရှိစွာ ထမ်းဆောင်လျက်ရှိသည်မှာ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)မှ  ယနေ့အချိန်ကာလအထိ ဖြစ်သည်။တပ်မတော်သည် မြန်မာ့နိုင်ငံရေးသမိုင်းတွင် မျိုးချစ်စိတ်ရှိသည်။  စည်းကမ်းကောင်းသည်။ နိုင်ငံတော်အပေါ်သစ္စာရှိသည်။  စည်းလုံးညီညွတ်သည်။ စွမ်းရည်ရှိသည်။ စွန့်လွှတ်စွန့်စားသည်။ တစ်ဦးချင်း ကိုယ်ကျိုးကို ပဓာနမထားပါ။ စိတ်ဓာတ်မြင့်မြတ်သည်။ အခက်အခဲကို ရင်ဆိုင်ကျော်လွှားနိုင်သည့် ရဲစွမ်းသတ္တိရှိသည်။ အပင်ပန်း အဆင်းရဲခံနိုင်သည်။  ဇွဲ၊ လုံ့လ၊ ဝီရိယရှိသည်။   ဒို့တာဝန်အရေးသုံး ပါးကိုအမြဲတမ်း ဦးထိပ်ပန်ဆင်ထားသည်။  ထိုသို့သော အစဉ်အလာကောင်းများ ရှိနေသည့်အတွက် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးတွင်  မားမားမတ်မတ် ရပ်တည်နိုင်ခြင်းဖြစ်သည်။ သူ့ကျွန်အဖြစ် နွံနစ်နေခဲ့သော  မြန်မာနိုင်ငံကို ဦးဆောင် ကယ်တင်ခဲ့သည်မှာလည်း တပ်မတော်သာဖြစ်သည်။     ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ရဲဘော်သုံးကျိပ်တို့ ဦးဆောင်ကာ တပ်မတော်ကို စတင်ဖွဲ့စည်းနိုင်ခဲ့ခြင်းသည် လွတ်လပ်ရေး လမ်းကြောင်းပေါ်သို့ စတင်လျှောက်လှမ်းနိုင်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက်   ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင်    ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းသည်။ ထိုတပ်မတော်သည် နယ်ချဲ့အင်္ဂလိပ်တို့ကို မြန်မာနိုင်ငံမှ ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့သည်။ မြန်မာတို့ကို အကူအညီပေးခဲ့သော ဂျပန်တို့သည်လည်း မြန်မာတို့အပေါ် ကောင်းလှသည်မဟုတ်ပေ။    မြန်မာတို့ကို လွတ်လပ်ရေးပေးကြောင်း ကြေညာခဲ့သော်လည်း     မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာများကို   မြန်မာတို့လွတ်လပ်စွာ ကျင့်သုံးခွင့်ရခဲ့သည်မဟုတ်ပေ။ အဆိုပါလွတ်လပ်ရေး ကို  ရွှေရည်စိမ်လွတ်လပ်ရေးဟု သတ်မှတ်ခဲ့သည်။

ဆိုးရွားလွန်းစွာ ဖက်ဆစ်စနစ်ဖြင့်    လွှမ်းမိုးခဲ့သည့်အတွက် မြန်မာတိုင်းရင်းသားတို့ မခံမရပ်နိုင်ဖြစ်လာသည်။ နောက်ဆုံးတွင် တပ်မတော်၏ ဦးဆောင်မှု အောက်တွင် တိုင်းရင်းသားအားလုံး အတူတကွလက်တွဲကာ ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့ကြသည်။  စတင်တော်လှန်ခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့သည် မြန်မာတို့တန်ဖိုးထားရမည့် အမှတ်တရနေ့ဖြစ်ခဲ့သည်။

နိုင်ငံတစ်ဝန်းလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပါဝင်တိုက်ခိုက် ခဲ့ကြသည့်အတွက် ဖက်ဆစ်တို့မြန်မာနိုင်ငံမှ အပြီးအပိုင်ဆုတ်ခွာ ထွက်ပြေးခဲ့ကြရသည်။

ထိုနေ့မှစ၍   တပ်မတော်သည်မည်သူ၏ လွှမ်းမိုးမှုအောက်တွင်မှ မဟုတ်တော့ဘဲ ကိုယ်ပိုင်စွမ်းရည်များဖြင့် ရပ်တည်ခဲ့သည့်အတွက် နှစ်စဉ် မတ်လ ၂၇ ရက် ကို   တပ်မတော်နေ့အဖြစ် ဂုဏ်ပြုကျင်းပခဲ့သည်။ ယခုနှစ်တွင်  (၇၉)  နှစ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည့် အတွက်(၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို     ကျင်းပတော့မည်ဖြစ်သည်။

မြန်မာတိုင်း၊    မြန်မာတိုင်းက    မိမိတပ်မတော်အပေါ်အလေးထားလျက် ရှိကြောင်းကို ကမ္ဘာသိအောင် ကျင်းပနိုင်သည့်  အခမ်းအနားကြီး တစ်ခုလည်း ဖြစ်ပါသည်။

ခေတ်သစ်မြန်မာ့သမိုင်းတွင် တပ်မတော်ပေါ်ပေါက် လာသည်မှအစပြုကာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ထင်ရှားအောင်ပြသနိုင်ခဲ့သည့်   ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာသည်။ ပြည်ထောင်စုနေ့မှ ဆက်စပ်ကာ လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာခဲ့ရသည်။ လွတ်လပ်ရေးကြိုးပမ်းမှုကို ပြန်ပြောင်း တင်ပြရမည်ဆိုလျှင်လည်း  မြန်မာတစ်မျိုးသားလုံးကို မျက်စိ၊ နားစတင်ဖွင့်ပေးနိုင်သည်မှာ    ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA)ဖြစ်သည်။ အမျိုး၊  ဘာသာ၊ သာသနာ၊ ပညာကိုရည်မျှော်မှန်းကာ စတင်ခဲ့သည်မှ   ပထမကျောင်းသားသပိတ် ပေါ်ပေါက်လာခဲ့သည်။ တက္ကသိုလ်ကျောင်းသားများမှ စတင်ကာ တစ်နိုင်ငံလုံးရှိ ကျောင်းသားများ သပိတ်မှောက်ခဲ့သည့် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော်  ၁၀ ရက်သည်  မြန်မာတစ်မျိုးသား လုံးအတွက် အမျိုးသားနေ့ဖြစ်လာခဲ့သည်။ ဤသည်ပင် အခြေခံအုတ်မြစ် စတင်ခြင်းဖြစ်သည်။  တပ်မတော်တစ်ရပ် ပေါ်ထွန်းလာသည်မှာလည်း (YMBA) သည် ရေသောက်မြစ်ဖြစ်ခဲ့သည်။

နိုင်ငံတိုင်းတွင် တပ်မတော်တစ်ရပ် ရှိသည့်နည်းတူ မြန်မာနိုင်ငံတွင်လည်း တပ်မတော်တစ်ရပ်ရှိထားသည်မှာ မြန်မာတို့အတွက် အားတက်ဖွယ်၊ ဂုဏ်ယူဖွယ်ဖြစ်သည်။ တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် အတူပေါ်ပေါက်လာသည့်အတွက်    နိုင်ငံ့သမိုင်းနှင့် တပ်မတော်သမိုင်းသည် ခွဲခြား၍မရပေ။    နိုင်ငံတွင်   အခက်အခဲနှင့်ကြုံလေတိုင်း တပ်မတော်က ဦးဆောင်ခဲ့ရသည်ချည်းဖြစ်သည်။    ထင်ရှားသောဖြစ်စဉ် အကြောင်းအရာများကို ရေးသားရလျှင် လွတ်လပ်ရေး ရသည်မှစ၍ ပြည်တွင်းရောင်စုံ သောင်းကျန်းသူအဖွဲ့များ ပေါ်ပေါက်လာသည်။ ထိုသောင်းကျန်းသူများကြောင့် “ရန်ကုန်အစိုးရ”ဟု     လှောင်ပြောင်နေချိန်တွင် တပ်မတော်နှင့်ပြည်သူများ လက်တွဲပြီး တိုက်ထုတ်ကာ အစိုးရတစ်ရပ်၏    ဂုဏ်သိက္ခာကို မြင့်မားစေခဲ့သည်။

အလားတူ ပြည်ပကျူးကျော်မှုဖြစ်သည့် ကူမင်တန် (တရုတ်ဖြူ) တို့ကိုလည်း တပ်မတော်ကပင် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့မှုကြောင့် ပြည်ပရန် ချုပ်ငြိမ်းခဲ့သည်။ တပ်မတော်၏ စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်နှင့် စည်းရုံးရေးစွမ်းရည်တို့ကြောင့် သောင်းကျန်းသူတို့မှာ နယ်စပ်ဒေသများတွင်သာ ခိုအောင်းနေကြရသည့် အခြေအနေမျိုးသို့ ရောက်သွားခဲ့သည်။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများသည် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား  စတင်ဖြစ်ပွားခဲ့ခြင်း မဟုတ်ဘဲ   သက်ဆိုင်ရာ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များ အကြား ဖြစ်ပွားခဲ့ခြင်းသာဖြစ်သည်။ တပ်မတော်အနေဖြင့်   နိုင်ငံတော်နှင့် အချုပ်အခြာအာဏာကို ကာကွယ်ရန် တာဝန်ရှိသည့် အဖွဲ့အစည်း ပီသစွာ  ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။ တပ်မတော်အနေဖြင့်  ပြည်တွင်းရောင်စုံသောင်းကျန်း သူများကို နှိမ်နင်းခြင်းသာမက ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အတွင်း ပြည်ပကျူးကျော်သူ ကူမင်တန်(တရုတ်ဖြူ)များ၊ ရခိုင်ပြည်နယ် အတွင်းတွင် အခြေပြုလှုပ်ရှားနေသော  ကုလားဆိုးသောင်းကျန်းသူများကို   အမြစ်ပြတ် တိုက်ထုတ်ခဲ့ရသည်။ ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အတွင်း   ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် သောင်းကျန်းသူများကို အမြစ်ပြတ် တိုက်ထုတ်နိုင်ခဲ့သည်။ ထို့ပြင် ပဲခူးရိုးမတွင်  အခြေစိုက်လာသည့် ဗကပများကို ပြည်သူလူထုနှင့် ပူးပေါင်းပြီး ဖြတ်လေးဖြတ်စနစ်ဖြင့် စစ်ဆင်ရေးကြီးများ ဆင်နွှဲခဲ့သည့်အတွက် ၁၉၇၅ ခုနှစ်တွင် ပဲခူးရိုးမဒေသအတွင်းရှိ ဗကပတို့ကို ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။

အတွေးအခေါ်အယူအဆ မှန်ကန်စွာ ဘက်မလိုက်တမ်း ကြည့်မည်ဆိုလျှင် တပ်မတော်၏ ဆောင်ရွက်မှုများမှာ တိုင်းပြည်နှင့်လူမျိုးကောင်းကျိုးကို ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့ကြောင်း သိနိုင်သည်။ အထူးသဖြင့်  တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်လာလျှင် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို မပြိုကွဲစေချင်၍ဖြစ်သည်။ တပ်မတော်အနေဖြင့် ခေတ်ကာလ တစ်လျှောက်လုံးတွင် “ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး” ဟူသော ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်ကာ ဆောင်ရွက်လျက်ရှိသည်။     ဤသည်မှာ အမျိုးသားနိုင်ငံရေးလည်း ဖြစ်သလို  အမျိုးသားရေး မူဝါဒလည်းဖြစ်ပါသည်။

အဆိုပါအရေးသုံးပါးတွင် အရေးတစ်ပါး ချို့ယွင်းလျှင် မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးသည်လည်း  ဆုံးရှုံးခြင်း   လမ်းကြောင်းဆီသို့ ဦးတည်သွားနိုင်သည်။ ဒို့တာဝန်အရေးသုံးပါးသည် အမျိုးသားရေး မူဝါဒဆိုသည့်အတိုင်း အမျိုးသားရေး မူဝါဒကိုထိန်းသိမ်းရမည်မှာ နိုင်ငံအတွင်းမှီတင်းနေထိုင်သူ အားလုံး၏ တာဝန်အစစ်အမှန်ဖြစ်သည်။    ထို့ကြောင့်တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော   ခေတ်မီသည့်တစ်ခုတည်းသော မျိုးချစ်တပ်မတော်အဖြစ်  အရွယ်ရောက်သူ နိုင်ငံသား အားလုံးကပါဝင် ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း ရေးသား တင်ပြအပ်ပါသည်။   ။

ဘုန်းမောင်ဝင်း(ဖျာပုံ)