အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
အင်းလျားကန်ရေပြင်မှ ဖြတ်တိုက်လာသောလေသည် တစိမ့်စိမ့်အေးလာသည်။ ရေပြင်မှ လှိုင်းလိပ် မပြေ့တပြေတို့သည် ကမ်းစပ်နားသို့ အသာလှိမ့်လာသည်။ သရက်ပင်ညိုတို့မှ အကိုင်းတို့သည် လေကစားရာသို့ လှုပ်ယိမ်းနေကြဟန်မှာ ရေပေါ်အရိပ်ထင်နေ ကြသည်။
အင်းလျားကန်ရေပြင်ကြီးသည် သူမြင်ရ၊ ကြားရသော ဇာတ်လမ်းပေါင်း မြောက်မြားစွာအနက် သူမသိရသေးသော ဇာတ်လမ်းလေးကိုလည်း ကြားနာရသည်။ အောင်ဆိုသော မိန်းမဆိုးလေး၏ နောက်ခံဇာတ် လမ်းတွင် အထက်တန်းစား သမီးပျိုတို့၏ ဖောက်ပြန်ခြင်းတေးဂီတ၊ အဝိဇ္ဇာပိတ်ဖုံးနေသော ရွှံ့ညွန်ပုပ်ထဲမှ အတ္တလူသားများ၊ မြေခွေးစိတ်ထားနှင့် သိုးဖြူအယောင် ဆောင်သူများ၏ လင်္ကာ၊ ကဗျာတို့ကို ရေပြင်ကြီးက တစ်စတစ်စ ရွတ်ဖတ်ခွင့်ရလာလေသည်။
“အဲဒီမိန်းမ တို့ ဝ-သကို ရောက်လာသေးလား”
“ဒီနှစ်မှာပဲ သူ့မိဘတွေနဲ့ နိုင်ငံခြားပါသွားတယ်၊ သူ့မိဘတွေက တကယ့်ဂရိတ်တွေပဲ”
“ဂရိတ် ဗရိတ်ပဲ၊ အောက်တန်းကျတယ်၊ အကျင့် စာရိတ္တနဲ့ စိတ်နေသဘောထားပြောတာ ကဲ့တော့ မကဲ့ရဲ့ချင်ပါဘူးဟယ်၊ ဝဋ်ဆိုတာလည်တတ်လို့တဲ့”
“ဒါမျိုး ဝဋ်လည်မလားဟဲ့ ဒီလောက်စုတ်ပြတ်တဲ့ အကျင့်ကို...”
“သူ့အိမ်က သူ့ကို ယောက်ျားပေးစားပစ်ဖို့ကောင်း တယ်”
“ခုတော့ ယောက်ျားရနေပြီတဲ့”
“သူ့ယောက်ျားက ဘယ်သူတဲ့လဲ”
“နိုင်ငံခြားမှာ တွေ့တယ်ဆိုကတည်းက သူ့လို ဂရိတ်ထဲကပဲဖြစ်မှာပေါ့၊ ဘယ်သူရယ်လို့တော့ တို့ မသိဘူး”
“ဘာပဲဖြစ်ဖြစ် ကောင်းပါတယ်ဟာ၊ ဒါမျိုး ယောက်ျားရဖို့ကလည်း ဘယ်လွယ်မလဲအောင်ရဲ့၊ ယောက်ျားတွေက သူတို့သာပွေတာ မိန်းမကျတော့ သန့်ရှင်းဖြူစင်တာမှ ကြိုက်တာဟဲ့”
“ငါတွေ့ဖူးတာတော့ မိန်းမပွေရင် ယောက်ျား ကောင်းကောင်း ရတတ်ပါတယ်ဟယ်၊ လောကကိုက ခပ်ရှုပ်ရှုပ်ပါပဲဟယ်၊ နေရထိုင်ရတာ မသတီစရာ ချည်းပါပဲ၊ အဲဒီတုန်းက ငါလေ အသက်တောင် မရှင်ချင်ဘူး၊ သိပ်ရှက်တာပဲ၊ တစ်လ၊ နှစ်လ၊ သုံးလ အထိ စိတ်ညစ်နေတာ အိပ်ဆေးတွေသောက်သေ ရမလားလို့ ကိုယ့်ကိုယ်ကိုယ် ခဏခဏ စဉ်းစားကြည့်တယ်”
“ဒါလေးနဲ့များဟယ် သေစရာမှမဟုတ်တာ”
ချောစုအဖြေစကားကို နားထောင်ရင်း အောင်၏ မျက်နှာအမူအရာသည် သိသာစွာလေးနက်လာသည်။ ရင်ထဲတွင် မျိုသိပ်ကြိတ်မှိတ်ခံနိုင်စွမ်းမရှိသော ဒဏ်ရာ အနာဟောင်းတို့သည် ပြန်နာလာလေသည်။
အခန်း (၆)
“သိပ်ကြီးကျယ်တဲ့ အဖြစ်အပျက်တစ်ခု ငါကလေး ဘဝမှာဖြစ်လာတာပေါ့။ အဲဒီအဖြစ်ဟာ ငါသေချင် တယ်ဆိုတဲ့အတွေးကို တစ်ခါတည်းချေမှုန်းဖျက်ဆီး ပစ်လိုက်တယ်”
ကန်ပေါင်ဘေးတွင်ထိုင်ရင်း မြက်ခင်းတွေကို ဆွဲဆုပ်ကိုင်ထားသော အောင့်လက်တွေမှာ စကားပြောရင်း အလိုလိုလျော့ပြေသွားလေသည်။သက်ပြင်းတစ်ချက် ဖြည်းညင်းစွာ ရှူရှိုက်ပြီး အသာပြန်ထုတ် လိုက်လေသည်။
အဲဒီနှစ်က ငါတို့ကျောင်းက ကျောင်းစောင့်ကြီးရဲ့ သမီးလေးနဲ့ သိခဲ့ကြတယ်၊ သူ့နာမည်က ထွေးခင်တဲ့၊ ငါသူ့ကိုသိပ်ချစ်တာပဲ၊ ရုပ်ကလေးက ပုပုဖြူဖြူလုံးလုံး လေးရယ်၊ ငါနဲ့ဆို ညနေတိုင်း ကျောင်းဝင်းထဲမှာဆော့တယ်။ ဘတ်စကက်ဘောကွင်းကြီးထဲ သူနဲ့ငါနဲ့ နှစ်ယောက်တည်းကစားကြတာ တခြားအဖော်မပါဘူး။
“ထွေးခင်က ဆင်းရဲတော့ ကျောင်းမနေနိုင်ဘူး၊ သူ့ကို ဘယ်သူမှလည်း အဖက်မလုပ်ကြဘူး၊ တစ်နေ့ လုံး ဈေးရောင်းရတယ်၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည် လေးပဲ၊ ရာသီအလိုက်ပေါ်တဲ့ အသီးအနှံတွေ ရောင်းရတာ၊ ငါတို့ ထုပ်ဆီးတိုးတမ်း၊ တိုင်ဦးတမ်း ကစားနေကြရင် ပါချင်လွန်းလို့ ဘေးကလာလာ ရပ်ကြည့်နေတတ်တယ်။ သူ့မျက်လုံးလေးတွေက နက်နက်တောက်တောက်လေးတွေ ငါသူ့ကို သတိထား လာမိတယ်”
“သူ့အဝတ်အစားတွေကတော့ သိတဲ့အတိုင်းပဲ စုတ်တာပေါ့၊ သမဝါယမကပေးတဲ့ ဘယ်သူမှ မဝတ် ချင်လို့ အရင်းဈေးနဲ့ပြန်ရောင်းတဲ့ ထဘီမျိုးတောင် အသစ်မဟုတ်ဘူး၊ တစ်ပတ်ရစ်ကို ပြန်ဝယ်ဝတ်ရလို့ အရောင်အဆင်းတောင် မပေါ်တော့ဘူး၊ တို့ဝိုင်းထဲ ဝင်ကစားဖို့ ငါခေါ်လိုက်ရင် တခြားကျောင်းသူတွေ က နှာခေါင်းရှုံ့ကြတယ်၊ မပါတော့ဘူးဆိုပြီး ထွက် သွားသူတွေက ထွက်သွားရော”
“နင်တို့ ကျောင်းသူတွေကလည်း သိပ်အဆင့်အတန်းခွဲပါလား”
“စရိုက်မမှန်တဲ့ ကျောင်းသူတချို့ပေါ့၊ ငါလည်း ထွေးခင်ကို စိန်ပြေးတမ်း ခေါ်ကစားတယ်၊ ဇယ်တောက်ကြတယ်၊ တစ်ခါတလေလည်း နှစ်ယောက်သား ဘောလုံးတစ်လှည့်စီ ပစ်ပေးကြပြီး မှတ်တိုင် သံကွင်းထဲ ဝင်အောင် အပြိုင်ပစ်သွင်းကြတယ်၊ ထွေး ခင်လက်တွေက သိပ်အမှန်းအဆ တော်တာပဲ၊ ကျင့် လည်း မကျင့်ထားဘဲနဲ့ ဘတ်စကက်ဘော မှတ်တိုင် သံကွင်းထဲဝင်တဲ့ အကြိမ် တော်တော်များတယ်။ သူ တစ်ခါဝင်ရင် ငါက ပိုက်ဆံတစ်မတ်ပေးတယ်။ ငါက တစ်ကြိမ်ဝင်အောင် သွင်းနိုင်ရင် ကျောင်းဝင်းထဲက စောင်းလျားပင်က စောင်းလျားသီး တစ်လုံးခိုးခူးပေး ကြေးကစားကြတာ တို့နှစ်ယောက်တည်း သိပ်ပျော်တာပဲ”
ဆက်လက်ဖော်ပြပါမည်။