တရုတ်နိုင်ငံမြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုကြီးဖြစ်ပွား နှစ်ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ

 

တရုတ်နိုင်ငံမြောက်ပိုင်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ပေါက်ကွဲမှုကြီးဖြစ်ပွား နှစ်ဦးသေဆုံးပြီး ၂၆ ဦးဒဏ်ရာရ

တရုတ်နိုင်ငံမြောက်ပိုင်းရှိ စားသောက် ဆိုင်တစ်ဆိုင်တွင် မတ်လ ၁၃ ရက်က ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားရာ လူနှစ်ဦးသေဆုံးပြီး ၂၆  ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာတစ်ခုက ဖော်ပြသည်။

အဆိုပါ ပေါက်ကွဲမှုသည် ဓာတ်ငွေ့ပေါက် ကွဲမှုဟုယူဆရပြီး ဟေပေးပြည်နယ် ဆန်းဟေမြို့ရှိ လူနေရပ်ကွက်တစ်ခုရှိ ကြက်သားကြော်ဆိုင်တစ်ဆိုင်၌ ဒေသစံတော်ချိန် နံနက် ၈ နာရီမတိုင်မီက  ဖြစ်ပွားခြင်းဖြစ်ကြောင်း  CCTV   သတင်းဌာနကဖော်ပြသည်။ ဆန်းဟေမြို့သည်  မြို့တော်ပေကျင်းမှ အရှေ့ဘက် ၅၀ ကီလိုမီတာအကွာတွင် တည်ရှိသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မီးလောင် ကျွမ်းမှုဆက်လက်ဖြစ်ပွားခဲ့သော်လည်း ယင်းမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။ ပေါက်ကွဲမှုကြောင့် ဆိုင်နှင့် မော်တော်ကား တချို့ပျက်စီးသွားသည်။

ပေါက်ကွဲမှုသည် အဆိုပါ ကြက်သားကြော်ဆိုင်ရှိ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့်  ဖြစ်ပွားခဲ့သည်ဟုယူဆရကြောင်း၊  နောက်ပိုင်းတွင် ကယ်ဆယ်ရေးအဖွဲ့က ယင်းဆိုင်အတွင်းမှ ဓာတ်ငွေ့ဘူးတစ်ဘူးကို သယ်ဆောင်သွားခဲ့ကြောင်း CCTV သတင်းဌာနက ဆက်လက် ဖော်ပြသည်။

Ref: RT