ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများ အကြောင်း သိကောင်းစရာများ အပိုင်း(၈ )

 

ပြည်သူ့စစ်မှုထမ်းဥပဒေ ကျင့်သုံးနေသော နိုင်ငံများ အကြောင်း သိကောင်းစရာများ အပိုင်း(၈ )

 

    မင်္ဂလာပါရှင်။

     ပြည်သူ့စစ်မှုထမ်း ဥပဒေ ကျင့်သုံးတဲ့ နိုင်ငံတွေအကြောင်း တင်ဆက်ပေးနေတဲ့ ဗိုလ်ကြီး ဒေါ်အေးသဉ္ဇာကျော်ဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်မက ပြည်သူ့စစ်မှုထမ်း ဥပဒေတွေကို ပြဋ္ဌာန်းထားပေမယ့် ကျင့်သုံးခြင်းမရှိတဲ့ နိုင်ငံတွေရယ် ဒီစနစ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာသာလျှင် ပြဋ္ဌာန်း ထားပြီးတော့ ပြည်သူ့စစ်မှုထမ်း ဥပဒေရေးဆွဲထားခြင်းမရှိတဲ့ နိုင်ငံတွေအကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။

    ပထမဆုံးပြောပြမယ့်  နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ (၉)ကြိမ်မြောက် အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာ အတည်ပြုခဲ့တဲ့ တရုတ်စစ်မှုထမ်း ဥပဒေအရ စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒါပေမဲ့   ကိုယ့်ဆန္ဒနဲ့ကိုယ် စစ်မှုထမ်းမယ့်သူ များပြားလျက်ရှိတာကြောင့် သတ်မှတ်ထားတဲ့ စစ်မှုထမ်းအရေအတွက် ပြည့်မီခြင်းမရှိမှသာလျှင်   စစ်မှုမထမ်းမနေရ ဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ် သွားမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်တစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယား နိုင်ငံပေါ့နော်။ ကမ္ဘောဒီးယားနိုင်ငံကတော့ သူတို့ရဲ့   စစ်မှုမထမ်းမနေရ ဥပဒေကို ၂၀၀၆ ခုနှစ်မှာ  အမျိုးသားလွှတ်တော်ကနေ အတည်ပြုပြဋ္ဌာန်း ခဲ့တာဖြစ်ပါတယ်။

၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၆ ရက်မှာ ဝန်ကြီးများ ကောင်စီကနေ ဒီဥပဒေကို အတည်ပြုတဲ့ အမိန့်တစ်ရပ် ထုတ်ပြန်ထားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ကျင့်သုံးဆောင်ရွက်နေခြင်း မရှိသေးပါဘူး။

နောက်ထပ်ဖော်ပြရမယ့်နိုင်ငံကတော့ ဗြိတိန်နိုင်ငံဖြစ်ပါတယ်။   ဗြိတိန်နိုင်ငံကတော့ ၁၉၁၆ ခုနှစ်ကနေ ၁၉၂၀ ပြည့်နှစ်ထိ လည်းကောင်း၊ ၁၉၃၉ ခုနှစ်ကနေ ၁၉၆၀ ပြည့်နှစ်ထိလည်းကောင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပေမယ့်လည်း လက်ရှိအချိန်ထိတော့ ကျင့်သုံးခြင်း မရှိသေးပါဘူး။ အမေရိကန်နိုင်ငံကတော့ ဗီယက်နမ်စစ်ပွဲအပြီး ၁၉၇၃ ခုနှစ်မှာ စစ်မှုမထမ်းမနေရ ဥပဒေကို ရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။

နောက်တစ်နိုင်ငံကတော့ ဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ၁၉၈၇ ခုနှစ်   ဖွဲ့စည်းပုံ အခြေခံဥပဒေ အပိုင်း ၂၊ ပုဒ်မ ၄ အရ အစိုးရအနေနဲ့ ပြည်သူတွေကို စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။  ဒါပေမဲ့ အမျိုးသားစစ်မှုထမ်း ဥပဒေနဲ့ ပတ်သက်ပြီးတော့ ရေးဆွဲကျင့်သုံးခြင်းတော့ မရှိသေးပါဘူး။ အင်ဒိုနီးရှားနိုင်ငံကတော့ သူတို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကသူတို့မှာပေါ့ အရွယ်ရောက်ပြီးတဲ့ နိုင်ငံသားတိုင်းဟာ အနည်းဆုံး နှစ်နှစ် စစ်မှုမထမ်း မနေရဆိုပြီးတော့ သတ်မှတ်ပြဋ္ဌာန်းထားသော်လည်း တရားဝင်ကျင့်သုံး ဆောင်ရွက်ခြင်း မရှိသေးကြောင်းကို သိရှိရပါတယ်။

နောက်တစ်နိုင်ငံကတော့ လာအိုနိုင်ငံ ဖြစ်ပါတယ်။ လာအိုနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၃၊ ပုဒ်မ ၃၆ မှာဆိုရင် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ဥပဒေအရပြဋ္ဌာန်းထားရှိတဲ့ စစ်ရေးတာဝန်တွေကို မပျက်မကွက်   ထမ်းဆောင်ရမယ်ဆိုပြီးတော့ လည်းကောင်း၊ အခန်း ၅၊ ပုဒ်မ ၅၃ မှာပေါ့ အထွေထွေ သို့မဟုတ်   တပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုခုမှာ စစ်မှုထမ်းဆောင်ရန်နဲ့  နိုင်ငံတစ်ဝန်း  သို့မဟုတ် တစ်စိတ်တစ်ဒေသကိုပေါ့နော်။ အရေးပေါ်အခြေအနေ သတ်မှတ်ရန် တာဝန်ရှိတယ်လို့ ပြဋ္ဌာန်းထားသော်လည်း လက်ရှိအချိန်ထိတော့ ကျင့်သုံးခြင်း မရှိသေးတာကို   တွေ့ရှိရပါတယ်။

နောက်တစ်နိုင်ငံကတော့ ပါကစ္စတန် နိုင်ငံပဲဖြစ်ပါတယ်။ ပါကစ္စတန်နိုင်ငံကတော့ ၁၉၇၀ ပြည့်နှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၂၂ မှာ နိုင်ငံသားတိုင်းဟာ လိုအပ်ချက်အရ စစ်မှုထမ်းဖို့ဆင့်ခေါ်တဲ့အချိန်မှာ သတ်မှတ်ထားတဲ့နေရာကို ၁၅ ရက်ကနေ ရက် ၃၀ အတွင်း သင်တန်းတက်ရောက်ဖို့ ရေးဆွဲထားပေမယ့် လက်ရှိအချိန်ထိတော့ ကျင့်သုံးဆောင်ရွက်ခြင်း မရှိသေးကြောင်းကို တွေ့ရှိရတာဖြစ်ပါတယ်။

တင်ပြခဲ့တဲ့နိုင်ငံတွေကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီးတော့ ပြဋ္ဌာန်းထားတဲ့ ကျင့်သုံးမှု မရှိဘူးဆိုတဲ့ နိုင်ငံတွေရဲ့ ဒီစနစ်ကို   ဖွဲ့စည်းပုံအခြေခံဥပဒေမှာပဲ ပြဋ္ဌာန်းထားပြီးတော့ ဥပဒေအသစ်တစ်ရပ် ရေးဆွဲထားခြင်း မရှိသေးတဲ့   နိုင်ငံတွေအကြောင်းကို   တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ ဒီစနစ်ကိုကျင့်သုံးခြင်း၊ မကျင့်သုံးခြင်းဆိုတာကတော့ နိုင်ငံတစ်ခုရဲ့ သူတို့ရဲ့ ကာကွယ်ရေး၊ နိုင်ငံရေးဆိုင်ရာ အခြေအနေတွေ ပြီးတော့ သူတို့မူဝါဒ ချမှတ်မှုအပေါ်မူတည်ပြီးတော့ ကွဲပြားခြားနား ကြမှာဖြစ်ပါတယ်။ 

တချို့နိုင်ငံတွေမှာဆိုရင် နိုင်ငံတော်ကို ကာကွယ်ဖို့အတွက် အမြဲတမ်းတပ်မတော် တစ်ရပ်ကိုသာ သူတို့ကတာဝန် ပေးအပ်လေ့ရှိပြီးတော့ လိုအပ်တဲ့ အခြေအနေရောက်မှသာ ပြည်သူ့စစ်မှုထမ်းစနစ်နဲ့ ဆင့်ခေါ်ကြတာဖြစ်ပါတယ်။ တချို့နိုင်ငံတွေကျတော့ ပြည်သူ့စစ်မှုထမ်းစနစ်ကို  ကျင့်သုံးစရာ မလိုသေးပေမယ့်လည်း   သူတို့နိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားတိုင်း ကာကွယ်ရေး အတတ်ပညာ   တတ်မြောက်ဖို့အတွက် ဒီစနစ်ကို ကျင့်သုံးကြတဲ့  နိုင်ငံတွေလည်း ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ကျွန်မပြောပြချင်တာကတော့ နိုင်ငံတိုင်း နိုင်ငံတိုင်းဟာ သူတို့ ဖြတ်သန်းစီးဆင်းလာရတဲ့   ခေတ်ရေစီးကြောင်း တစ်လျှောက် သူတို့ရဲ့နိုင်ငံရေး၊ သူတို့ရဲ့ စီးပွားရေး၊ သူတို့ရဲ့ လူမှုရေး မူဝါဒချမှတ်မှုတွေဟာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတူညီနိုင်ဖို့တော့ မရှိကြပါဘူး။  ဒါပေမဲ့ သူတို့မှာ  တူညီတဲ့ အချက်တစ်ချက်က ဘာလဲဆိုလို့ရှိရင်  ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်ရမယ်ဆိုတဲ့ သမိုင်းပေးတာဝန်၊ သမိုင်းပေး အသိရှိနေကြတာဖြစ်ပါတယ်။ ကိုယ့်နိုင်ငံကို  ကာကွယ်ဖို့အတွက်ဆိုရင် ကိုယ့်ကိုယ်ကိုယ်အရင် ကာကွယ်တတ်ဖို့လိုပါတယ်။ ပြီးရင် ကိုယ့်ရဲ့မိသားစု၊ နောက်တစ်ခါကိုယ့်ရဲ့မြို့ရွာ၊ ပြီးတော့မှ ကိုယ့်ရဲ့နိုင်ငံအထိ ကာကွယ်ကြရမှာဖြစ်ပါတယ်။ ဒီလိုကာကွယ်တတ်ဖို့ဆိုရင်  ကာကွယ်ရေး အသိပညာတွေရှိဖို့ ကာကွယ်ရေး အတတ်ပညာတွေ တတ်ဖို့လည်း လိုအပ်ပါတယ်။ ဗဟုသုတအနေနဲ့ မျှဝေချင်တာတစ်ခုလည်း ရှိပါတယ်။ ဒါကတော့ တိုင်းပြည်ရဲ့ရတနာ ကိုးပါးပဲဖြစ်ပါတယ်။ နံပါတ်(၁)ပြည့်ဦးကင်းပေါ့နော်။ တိုင်းရေးပြည်မှုကို ဆောင်ရွက်စီမံပေးနိုင်တဲ့ မှူးကြီးမတ်ရာတွေကိုခေါ်ဆိုတာဖြစ်ပါတယ်။ နံပါတ်(၂)ပြည့်တန်ခွန် သီလဝန္တ ပညာဝန္တ ရဟန်းတော်တွေကို ခေါ်ဆို တာဖြစ်ပါတယ်။ နံပါတ်(၃)ပြည့်မျက်စိ ဒါကတော့ လိမ္မာကျွမ်းကျင်ကုန်သော ဆေးဆရာတွေ၊ ဟူးရားဗေဒင်ဆရာတွေနဲ့   စက်ယန္တရား ဆရာတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ နံပါတ် (၄)ပြည်၏နား သစ္စာရှိတဲ့ သူလျှိုတွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ နောက်ပြည့်အစွယ် သူရသတ္တိရှိတဲ့ မင်းညီမင်းသားနဲ့ မင်းဆွေမျိုး

တွေကိုခေါ်ဆိုတာဖြစ်ပါတယ်။ နံပါတ်(၆)ဆိုရင်တော့ ပြည်ကြီးမျက်နှာပေါ့။ ရုပ်ရည်ချောမောလှပတဲ့ မိန်းမပျိုလေးတွေ၊ လှမျိုး မယ်လေးတွေကိုခေါ် ဆိုတာဖြစ်ပါတယ်။ နံပါတ်(၇)ပြည်၏ဝမ်းဗိုက် ဒါကတော့ စားနပ်ရိက္ခာနဲ့ ဥစ္စာပေါများတဲ့ သူဌေးသူကြွယ်တွေကို ခေါ်ဆိုတာဖြစ်ပါတယ်။ နံပါတ်(၈)မှာဆိုရင် ပြည်၏ခြေ    စစ်သည်ဗိုလ်ပါ အပေါင်းနဲ့ ယာဉ်မျိုးစုံကို ခေါ်ဆိုတာဖြစ်ပါတယ်။ နံပါတ်(၉) ပြည်၏လက်ပေါ့နော်။

ဒါနောက်ဆုံး ခဲယမ်းမီးကျောက် အမြောက်နဲ့ သေနတ် စတဲ့  လက်နက်အစုံကို ခေါ်ဆိုတာဖြစ်ပါတယ်။   လူတစ်ယောက်မှာ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေထဲမှာ ခြေထောက်နဲ့လက်ဆိုတာဟာ  အရေးအကြီးဆုံး  အစိတ်အပိုင်းပဲဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းပြည်တစ်ခုမှာလည်း   ပြည့်ရဲ့ခြေထောက်သဖွယ် စစ်သည်ဗိုလ်ပါ အပေါင်းနဲ့ ယာဉ်မျိုးစုံ နောက်တစ်ခုက  ပြည်ရဲ့ လက်သဖွယ်ဖြစ်တဲ့   ခဲယမ်းမီးကျောက်အမြောက်၊ သေနတ်စုံတို့ စုစည်းပါဝင်နေတဲ့ တပ်မတော်ဟာလည်း အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေတာဖြစ်ပါတယ်။

ဒါ့ကြောင့် နိုင်ငံကို ကာကွယ်ရေးစွမ်းအားနဲ့ ခံ့ညားစေဖို့အတွက်ဆိုရင်  ရတနာကိုးပါးမှာ အပါအဝင်ဖြစ်တဲ့ တိုင်းပြည်ခြေလက်သဖွယ် တင်စားကြတဲ့ တပ်မတော်ကို အင်အားတောင့်တင်းအောင် ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။  ဒါကြောင့် နိုင်ငံသူ၊ နိုင်ငံသားတိုင်းဟာ  နိုင်ငံတော်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့ ဒီပြည်သူ့စစ်မှုထမ်း ဥပဒေမှာ ဂုဏ်သိက္ခာရှိရှိ ပါဝင်ထမ်းဆောင်ကြရင်းနဲ့ နိုင်ငံတော်ကို ကာကွယ်မယ့် အတတ်ပညာတွေကိုသင်ယူပြီး နိုင်ငံတော်ကိုကောင်းမွန်စွာ ကာကွယ်နိုင်ကြပါစေလို့  ဆုမွန်ကောင်းတောင်းရင်းနဲ့ ဒီအစီအစဉ်လေးကိုတော့ ဒီမှာပဲ နိဂုံးချုပ်ပါတယ်ရှင်။ ကျေးဇူးတင်ပါတယ်။