ကျောက်ကပ်သတိ အမြဲရှိ

 

ကျောက်ကပ်သတိ အမြဲရှိ

 

(ကမ္ဘာ့ကျောက်ကပ်နေ့ ဂုဏ်ပြုဆောင်းပါး)

    ကျွန်မတို့အားလုံး   ကျောက်ကပ်သတိ အမြဲရှိကြရမှာပါ။ ကျွန်မတို့ရဲ့ကျောက်ကပ် က ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ထားပါတယ်။ ကျွန်မတို့ နေ့စဉ်နဲ့အမျှ စားသောက်နေတာတွေထဲက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ပစ္စည်းတွေကို  စုဆောင်းပေးပါတယ်။ တစ်ဖက်ကလည်း     ခန္ဓာကိုယ်အတွက် အန္တရာယ်ရှိမယ့် အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ထုတ်ပေးပါတယ်။ တစ်နည်းအားဖြင့်ဆိုရရင် အဆိပ်အတောက်မပါတဲ့ သန့်စင်တဲ့သွေးကို ခန္ဓာကိုယ်အနှံ့ ပို့ပေးတာဖြစ်ပါတယ်။   ဒါမှလည်း   ဦးနှောက်၊ နှလုံး၊ အဆုတ်၊ အသည်းနဲ့ အူကလီစာတွေက အလုပ်ကောင်းကောင်း လုပ်နိုင်မှာပါ။  ကျောက်ကပ်ရဲ့ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘယ်လိုဂရုပြုရမယ်၊   အလေးထားရမယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

ရေများများသောက်ပါ။  ရေများများသောက်မယ်ဆိုရင် ကျွန်မတို့ခန္ဓာကိုယ်မှာ ရှိတဲ့ဆဲလ်တွေ    ရေဓာတ်ပြည့်ဝနေမယ်။ အလုပ်ကောင်းကောင်း လုပ်နိုင်မယ်။ ဆီးထဲမှာစွန့်ပစ်တဲ့  ကျောက်မှုန်လေးတွေလည်း ရေများရင် အစိုင်အခဲ(တစ်နည်း) ကျောက်ဖြစ်တဲ့ အနေအထား  မရောက်တော့ဘူး။ အကြမ်းဖျင်းအားဖြင့်    သေးတဲ့ကျောက်လည်း တော်ရုံကြီးမလာနိုင်တော့ဘူး။ ဆီးထဲမှာ   ပေါက်ပွားချင်တဲ့   ဗက်တီးရီးယားတွေကလည်း   ရေများများသောက်ရင် ဆီးများများထဲမှာ ပါသွားတယ်။ ဆီးလမ်းကြောင်းထဲမှာ ကြာကြာနေချိန် မရဘူးပေါ့။ 

အခုလို ရာသီဥတုပူတဲ့အခါ  ခန္ဓာကိုယ်က   ချွေးထွက်များတယ်။   ဒါကြောင့် ပူတဲ့ရာသီဆိုရင် ရေသန့်ဘူး (တစ်လီတာ) သုံးဘူးလောက် သောက်သင့်ပါတယ်။ အဲဒါ က ကျန်းမာသန်စွမ်းတဲ့ လူတွေအတွက်ပါ။    

နှလုံးအားနည်းရောဂါရှိသူတွေ၊  အသည်းခြောက်ပြီး ရေဖျဉ်းရောဂါရှိသူတွေ၊ ကျောက်ကပ် အားနည်းသူတွေကတော့  ရေလျှော့သောက်ရမှာပါ။

ဆားလျှော့စားပါ။ ဆားဓာတ်ကလည်း ခန္ဓာကိုယ်အတွက်     မရှိမဖြစ် လိုအပ်ပါတယ်။ လူတစ်ဦးအတွက် နေ့စဉ်လိုအပ်တဲ့ ဆားပမာဏက လက်ဖက်ရည်ဇွန်းနဲ့ တစ်ဇွန်းပဲရှိတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ သိရပါတယ်။  တစ်ရက်ကို   ဆားလက်ဖက်ရည်ဇွန်း တစ်ဇွန်းထက်ပိုပြီးစားရင် ကျောက်ကပ်အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ခန္ဓာကိုယ်က မလိုအပ်တဲ့ပမာဏကို  ကျောက်ကပ်က ဆီးထဲမှာ စွန့်ပစ်ရပါတယ်။  ကျောက်ကပ်က    ဆားဓာတ်ကို စွန့်ထုတ်နိုင်တဲ့ ပမာဏကလည်း   အတိုင်းအတာ တစ်ခုအထိပဲရှိပါတယ်။

ခန္ဓာကိုယ်မှာ ဆားဓာတ်တွေများလာ ပြီဆိုရင် မျက်နှာ၊ ခြေ၊ လက်တွေ ဖောရောင်လာတာတွေ ဖြစ်တတ်ပါတယ်။ သွေးပေါင်ချိန် မတက်တတ်တဲ့သူကလည်း  သွေးတိုးတတ်ပါတယ်။ သွေးတိုးရှိတဲ့သူ ဆိုရင်လည်း သွေးပေါင်ချိန် ပိုတက်သွားတတ်ပါတယ်။ အခန့်မသင့်ရင် နှလုံးသွေးကြောပိတ်တာတို့၊  လေဖြတ်တာတို့အထိ ဖြစ်သွားနိုင်ပါတယ်။   ဒါကြောင့်    ဆားစားသုံးမှု မများအောင် ဂရုပြုရမှာပါ။

အရသာအားဖြင့် မငန်ပေမယ့် ဆားဓာတ်(ဆိုဒီယမ်ဓာတ်)များတဲ့ အစားအစာတွေကိုလည်း သတိထားရမှာပါ။  ဥပမာ-အချိုမှုန့်တို့၊  အသားမှုန့်တို့က ဆိုဒီယမ်ဓာတ် များပါတယ်။ အချိုမှုန့်များတဲ့ ကြေးအိုးစားပြီး သုံးနာရီကြာရင် ရေပိုဆာတတ်ပါတယ်။    မျက်နှာဖောလာတယ်။ လက်စွပ်လေးတွေ ကျပ်လာတယ်။  ခြေထောက်လေးတွေ  တင်းလာတယ်။  ကြေး အိုးမစားခင်နဲ့ ကြေးအိုးစားပြီး ကိုယ်အလေး ချိန်ချိန်ကြည့်ရင်     ပေါင်ချိန်အနည်းဆုံး တစ်ပေါင်၊ နှစ်ပေါင်လောက်  တက်လာတယ်။ သွေးပေါင်ချိန်လည်း များလာတယ်။

အချိုမှုန့်၊ အသားမှုန့်၊ ဆော်ဒါပါတဲ့အစားအစာတွေ အားလုံးက သဘောတရား တူပါတယ်။

နောက်တစ်ခု   သတိပြုရမှာကတော့ အရသာကမငန်ဘူး ဒါပေမဲ့ ဆိုဒီယမ်ဆိုတဲ့ ဆားဓာတ်များစေတာက နွယ်ချိုပါ။မငန်ဘူးဆိုတော့ လူနဲ့တည့်မယ်ထင်တာ။ ဒါတင်မကသေးပါဘူး။ အသင့်စား အစားအစာတွေ၊ လက်ဖက်၊ ချင်း၊ မုန်ညင်းချဉ်၊ ဆီတိုဟူး၊ စည်သွတ်ဘူး၊ ခေါက်ဆွဲအားလုံး က ဆားဓာတ်များပါတယ်။

သွေးတိုးရှိသူတွေအနေနဲ့  သွေးပေါင်ချိန်ကို ၁၃၅/၈၅ လောက်အထိ ထိန်းထားကြရမှာပါ။ သွေးပေါင်ကျဆေး  မှန်မှန်သောက်ရမှာပါ။ သွေးပေါင်ကိုလည်း အမြဲချိန်ရမှာပါ။ ကျောက်ကပ်ရောင်ရင်လည်း သွေးတိုးတာဖြစ်တတ်သလို သွေးတိုးတာကြာရင်လည်း  ကျောက်ကပ်ထိခိုက်တတ်တယ်။ ဒါကြောင့်   သွေးပေါင်တိုင်းဖို့ အမြဲသတိပြုရပါမယ်။ အစာရော ဆေးရောပေါင်းပြီး     သွေးပေါင်ပုံမှန်ဖြစ်အောင် ထိန်းကြရပါမယ်။

ဒါ့ပြင် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်တာက ကျောက်ကပ် ကျန်းမာရေးကို ပိုကောင်းစေပါတယ်။ ကိုယ် လက်လှုပ်ရှားမှုက သွေးတိုးရောဂါ၊ ဆီးချိုရောဂါနဲ့ အဝလွန်ရောဂါအတွက် ကောင်းကျိုးဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ အချိုဓာတ်၊ ကစီဓာတ်များတဲ့ အစားအစာတွေကို အများကြီး မစားသင့်ပါဘူး။ အချိုဓာတ်၊ ကစီဓာတ်စားတာများရင် ဝလာမှာပါ။ဆီးချိုရောဂါဖြစ်လာနိုင်တယ်။ ဆီးချိုရောဂါက  ရောဂါရင့်လာတာနဲ့အမျှ ကျောက်ကပ်ကို  ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အချိုဓာတ်၊ ကစီဓာတ်များတဲ့ အစားအစာတွေကို   အများကြီး မစားမိအောင် ဂရုပြုကြရမှာပါ။

ဆေးလိပ်သောက်တာကလည်း ကျောက်ကပ်ကို   ထိခိုက်စေပါတယ်။   ကျွန်မတို့ နားလည်တာက    ဆေးလိပ်သောက်ရင် အဆုတ်ထိတယ်။  နှလုံးထိခိုက်တယ်။ လေဖြတ်နိုင်တယ် ဆိုတာတွေပါ။ တကယ်တော့ ဆေးလိပ်က ကျောက်ကပ်ကိုလည်း အားနည်းစေပါတယ်။  အရက်ကလည်း ကျောက်ကပ်အတွက် မသင့်တော်ဘူးလို့ ပြောနေကြပါတယ်။

နောက်ဆုံးတစ်ခုကတော့ ဆေးသောက်တဲ့အခါတိုင်း ကျောက်ကပ်ကို သတိရကြပါ။ တချို့သောဆေးတွေက ကျောက်ကပ်ကို အားနည်းစေပါတယ်။ ဥပမာ-အကိုက်အခဲ  ပျောက်ဆေးတွေပါ။ အလွယ်တကူ စပ်ဆေးဝယ်သောက်တဲ့   အလေ့အကျင့်ကိုလည်း ဆင်ခြင်သင့်ပါတယ်။

အချုပ်ဆိုရရင် ကျောက်ကပ်သတိအမြဲ ရှိကြပါ။  အစာလည်းဆေး၊  ဆေးလည်းအစာဆိုသလို ဆင်ခြင်ကြပါ။ သွေးပေါင်တိုင်းတာ၊  ဆီးချိုတိုင်းတာ မှန်မှန်ပြုလုပ်ကြပါ။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ကြပါ။ ဆေးလိပ်၊     အရက်ဖြတ်ကြပါ။

ခန္ဓာကိုယ်ကျန်းမာရေး တစ်ခုလုံးကို  ထိန်းနေတဲ့ ကျောက်ကပ်ကျန်းမာရေး အတွက် နေ့စဉ်စားသုံးတာ၊  လှုပ်ရှားသွားလာတာ ဂရုပြုကြပါလို့ တိုက်တွန်းရင်း မတ်လ ၁၄ ရက်တွင် ကျရောက်သည့် ကမ္ဘာ့ကျောက်ကပ်နေ့ကို ကြိုဆိုလိုက်ပါတယ်။   ။

ပါမောက္ခ ဒေါက်တာ ခင်ဖြူပြာ