နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ချီးမြှင့်

 

  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ချီးမြှင့်

 

နေပြည်တော်  မတ်  ၁၄

    မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ နှစ်(၂၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ရုံး  သီရိရတနာခန်းမ၌ ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ  နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင် နာယက ဒေါ်ကြူကြူလှ တက်ရောက်ချီးမြှင့်သည်။

    အခမ်းအနားသို့  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်  ဂုဏ်ထူးဆောင် နာယက ဒေါ်ခင်သက်ဌေး၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယကများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ   အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဒေါက်တာစိုးဝင်း၊  ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် အမျိုးသမီး အသင်းအဖွဲ့များ၏ ဥက္ကဋ္ဌများ၊ နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးရေးရာ အဖွဲ့နာယကများ၊ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ ခရိုင်ဥက္ကဋ္ဌများ၊ အထူးဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ ဥက္ကဋ္ဌ   ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီတွင် အစိုးရဌာနများ အပြင် အမျိုးသမီးအရေးကို ဆောင်ရွက်နေကြသည့် အမျိုးသမီးအဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားရှိပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အနေဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီတွင် အဖွဲ့ဝင်အဖြစ် တက်ကြွစွာပါဝင် ဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်း တစ်ခုဖြစ်ကြောင်း၊  ပြည်ထောင်စုအဆင့်၌သာမက နေပြည်တော် အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီ အဆင့်ဆင့်တွင်လည်း  အမျိုးသမီးရေးရာ အဖွဲ့များက အဖွဲ့ဝင်အဖြစ် ပါဝင်ကာ အမျိုးသမီးအရေးကို ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နိုင်သည်ကို တွေ့ရှိရသည့်အတွက် ကျေးဇူးတင်ရှိကြောင်း။

နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးထုကြီး၏ အင်အားဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အမျိုးသမီးကဏ္ဍ မြှင့်တင်ပေးမည့်မူဝါဒများ၊ လုပ်ငန်းစဉ်များ၊    အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ ပိုမိုအားကောင်း ခိုင်မာစေရန်   လိုအပ်ကြောင်း၊  အမျိုးသမီးများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး၊   အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး၊ ကဏ္ဍစုံတွင် အမျိုးသမီးများ ပါဝင်ဆောင်ရွက်မှု တိုးမြှင့်ရေး၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များအပေါ် အကြမ်းဖက်မှုမှ တားဆီးကာ ကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်စွမ်းအား မြင့်မားရေးနှင့် ကျား၊မရေးရာ တန်းတူညီမျှရေးကို ဦးတည်သည့် လုပ်ငန်းစဉ်များ ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက်  ဒေသအဆင့်ဆင့်တွင်ရှိသည့် အမျိုးသမီးကော်မတီများ၏ လုပ်ငန်းယန္တရားများ ခိုင်မာ အား ကောင်းလာစေရေး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်အောက်ရှိ အမျိုးသမီးရေးရာအဖွဲ့များအပြင် အမျိုးသမီးအဖွဲ့များ အားလုံးကလည်း ယခုထက်ပိုမိုပြီး တက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက ဒေါ်ကြူကြူလှက မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်မှစ၍ ယနေ့အထိ နှစ် ၂၀ ကျော် တာဝန်ထမ်းဆောင်ခဲ့ကြသည့် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့များမှ ဥက္ကဋ္ဌများကို စေတနာ့ ဝန်ထမ်းကောင်း ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်  ဂုဏ်ထူးဆောင်နာယက ဒေါ်ခင်သက်ဋ္ဌေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊  မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယကများနှင့် ဥက္ကဋ္ဌတို့က မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်  စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည်မှစ၍ ယနေ့အထိ ၁၀ နှစ်၊ ၁၀ နှစ်ကျော်၊ ၁၅ နှစ်၊ ၁၅ နှစ်ကျော်နှင့် နှစ် ၂၀ တာဝန်ထမ်းဆောင်ခဲ့ကြသည့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများကို စေတနာ့ ဝန်ထမ်းကောင်းဆုတံဆိပ်များ ပေးအပ် ချီးမြှင့်ကြသည်။

ဆက်လက်၍ မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ်၏ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့သည့် လှုပ်ရှားမှု မှတ်တမ်းဗီဒီယိုကို ပြသပြီး ဂုဏ်ထူးဆောင်နာယက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၏ဇနီး  ဒေါ်ကြူကြူလှသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုကြသည်။

ထို့နောက် မြန်မာနိုင်ငံအမျိုးသမီး ရေးရာအဖွဲ့ချုပ် အကြိမ် (၂၀) မြောက် နှစ်ပတ်လည် အစည်းအဝေးကို ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်က အမှာစကား ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်  ဒုတိယဥက္ကဋ္ဌ-၁ တို့က သဘာပတိအဖြစ်ဆောင်ရွက်ကာ  နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့များမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ချက်များကို တင်ပြကြရာ တင်ပြချက်များအပေါ် သဘာပတိများက  ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါနှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၁၅ ရက်အထိ နှစ်ရက်တာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။