အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ညနေဆည်းဆာဖျော့ဖျော့ဝယ် မိုးရိပ်နှင့်လွင့်ပါးနေသော မီးခိုးရောင် တိမ်မျှင်စများ၊ တောက်ပသောနေရောင်ခြည်အောက်မှ ပန်းနုရောင်အပွင့် သေးသေးနုပ်နုပ်များ ဖုံးနေသော စောင်းလျားပင်များ၊ စိမ်းလန်းစိုပြည်၍ မြရောင်ရွှန်းလဲ့သော မြက်ခင်းမှ မြက်နုနုလေးများ၊ စွတ်စိုသိပ်သည်းသော မြေပေါ်မှ ပိန်းကြားအခက်များ။

သည်ပတ်ဝန်းကျင်တွင် ဆော့ကစားနေကြသော ဖြူစင်သန့်ရှင်း၍ အပြစ်ကင်းမဲ့သော မြီးကောင်မဝင့်တဝင့် ကလေးမငယ်နှစ်ဦး၏ ပျော်ရွှင်ကြည်နူးစွာ ရယ်မောသံ၊ ရင်ထဲမှ လှိုက်၍လှုပ်ခတ်လာသော အော်ဟစ်သံတွေကို ချောစုသည် ကြားယောင်နေမိသည်။

“မိုးရွာတဲ့အချိန်မှာ ဘတ်စကက်ဘောကွင်းဟာ ရေညှိတွေနဲ့ ချောနေတော့ ဘယ်သူမှမကစားချင်ကြဘူး၊ ဒါကြောင့် ငါနဲ့ ထွေးခင်တို့ ကစားခွင့်ရတာပေါ့၊  ငါက  ဘုရင့်နောင်အသင်း အဖွဲ့ခေါင်းဆောင်ဆိုတော့ ဘောလုံးကို အချိန်မရွေးယူလို့ရတယ်၊ ငါ ဘောလုံးကို ဗီရိုထဲက ထုတ်ယူလာပြီး မြက်ခင်းကို ဖြတ်ပြေးလာတဲ့အချိန်ဆိုရင် ထွေးခင်ဟာ မြူးနေတာပဲ၊ သူ့မှာ ပျော်လွန်းလို့တဲ့၊ ပုဏ္ဍရိက်ပင်ပုပုလေးတွေကို ဖန်ခုန်တမ်း ကစားသလို  ခုန်ခုန်ကစားပြီး  ငါ့ဆီပြေးလာတာပဲ၊  ပြီးတော့  ငါ့ကို “ယောက်မ၊ ယောက်မ” ခေါ်ပြီး ဖက်ဖက်ပြီးနမ်းလိုက်တာလေ သူ့ခေါင်းက ချွေးစော်ကလည်းနံ၊ အင်္ကျီအဝတ်အစားတွေကလည်း မှိုနံ့ကြီး၊ ငါသူ့ ကိုသနားလို့ ရွံ့သလိုမနေပါဘူး၊ ဒါပေမဲ့ သူနမ်းတာကို ခင်မျိုးသွယ် နမ်းသလို စိတ်ထဲကြောက်မနေဘူး၊ တွန့်မနေဘူး၊ တွန်းလည်း မထုတ်ပစ်ပါဘူး”

“အဲဒီတုန်းက ငါ့စိတ်ကသန့်တယ်၊ သတီလည်း သတီတယ်၊ သူ့ပါး ဖောင်းဖောင်းလေးတွေကိုတောင် ပြန်ဆွဲလိမ်လိုက်သေးတယ်၊ အဲဒါကို ခြံဝနား ဗန်းပြလမ်းလျှောက်နေကြတဲ့ ကောင်မတွေက ငါနဲ့ထွေးခင်ကို ဟားကြပြီး အချစ်တော်လို့ မဟားတရားသမုတ်ကြသေးတယ်၊ မကြား တကြားနဲ့ပေါ့၊ ငါလည်း လက်ထဲကဘောလုံးကို ကွင်းထဲပစ်ချပြီး အဲဒီ ကောင်မတွေကို ငါတစ်ယောက်တည်း ဒိုင်ခံပြောပစ်တာ၊ ဒါကို ထွေးခင် က ငါ့လက်ကိုဆွဲပြီး ပါးစပ်ကိုပိတ်ထားတယ်၊ “ငါ့အတွက် ရန်မဖြစ်ပါနဲ့ လို့ ယောက်မရယ်" တဲ့။ သူက သူ့မှာ မောင်တွေ၊ အစ်ကိုတွေရှိလို့ စီးစီး ပိုးပိုးခေါ်တာမဟုတ်ပါဘူး၊ ငါ့ကို ချစ်လို့ သက်သက် ယောက်မခေါ်တာ တဲ့ဟာ၊ ဒါပေမဲ့ အဲဒီတုန်းက ထွေးခင်နဲ့ ငါ့ရဲ့အချစ်ကို ဘယ်သူမှ တန်ဖိုး မထားပါဘူး၊ ဂရုလည်း မစိုက်ကြပါဘူး”

ဆည်းဆာ၏နေခြည်ရွှေမျှင်တို့သည် မြရွက် မြခက်တို့တွင် ဒန်းခိုစီး နေကြလေသည်။ ငှက်တို့သည် အုပ်လိုက်ဖြတ်သန်းပျံသွားကြပြီး စက္ကူ အရုပ် စွန်တို့သည် ငှက်တို့နှင့် အမြင့်ချင်းပြိုင်နေကြသည်။

စွန်တို့သည် လေ၏ဒဏ်ကိုမခံနိုင်။ မြင့်ရာမှ နိမ့်လာကြသည်။ လေ အပင့်တွင် မြင့်တက်သလို၊ လေအားအနည်းတွင် နိမ့်ရာမှအောက်သို့ ထိုးစိုက်ကျသွားကြလေသည်။ သဘာဝခွန်အားရှိသော ငှက်တို့သည်သာ တစ်သမတ်တည်း ပျံသန်းနေကြသည်။

အတုအယောင်တို့သည် ယာယီအားဖြင့် ကြီးစိုးသော်လည်း ရေရှည် ခံလိမ့်မည်မဟုတ်။ တစ်နေ့ကျ ပျောက်ကွယ်ပျက်သုဉ်းသွားကြမည်သာ ဖြစ်မည်ဟု အောင်က တွေးသည်တဲ့။

“တို့ကို   ဟားကြတဲ့အထဲမှာ  ရင်ရင်ထိုက်လည်းပါတယ်။  သူက အေတန်း၊ တို့က ဘီတန်းမှာ၊ အဲဒီကတည်းက သူ့ကို ငါ မျက်နှာကြောမတည့်ခဲ့တာ၊ ထွေးခင်လေးကို လူတစ်ယောက်လို့တောင် အသိအမှတ်မပြုနိုင်လောက်အောင်ပဲ၊ အဆင့်အတန်းနဲ့ ပြောကြကြေးဆိုရင် သူလည်း အဆင့်အတန်းက ဘာမှရှိတာမဟုတ်ဘူး၊ ထွေးခင်က သဘောထားကြီးတယ်၊ သူတို့ ရန်စောင်သမျှ ပြုံးပြုံးလေးသည်းခံနေတာပဲ၊ စိတ်နေသဘောထားတစ်ခုတည်းနဲ့ ထွေးခင်က ရင်ရင်ထိုက်ထက်အဆင့်ရှိတယ်”

ထိုနေ့ညနေက ရင်ရင်ထိုက်ကို အောင်သည် သူပြောနိုင်သမျှ အမိုက် ရိုင်းဆုံးစကားနှင့် “ဟဲ့...ကောင်မတွေ တို့က ရိုးရိုးခင်တာ၊ နင်တို့လို စောစောစီးစီးခြင်ထောင်ချ အိပ်ရာထဲဝင်နေတာမဟုတ်ဘူး၊ လူတကာနဲ့ လင်ထောင်နေတာ မဟုတ်ဘူး” ဟု ရန်ဖြစ်ပြီး နောက်တစ်နေ့ညနေမှာ ပေါ့။

ကစားကွင်း အင်္ဂတေသမံတလင်းပေါ် ထွေးခင်ကိုစောင့်ရင်း ဘောလုံးကိုပုတ်ပြီး တစ်ယောက်တည်း ဆော့ကစားနေခဲ့သည်။ ထိုညနေကပဲ ထွေးခင်သည် ကားတိုက်ခံရပြီး ပွဲချင်းပြီးဆုံးသည်တဲ့။ ထွေးခင်အလောင်း ကိုပင်  မြင်ခွင့်မရတော့။  ဘော်ဒါဆောင်မှာ  အပြင်ထွက်ခွင့်မရသော အောင်သည် ဆေးရုံသို့ မလိုက်ဖြစ်တော့။

ထွေးခင်အဖေကိုသွားမေးတော့ ညစ်ထေးသော မျက်နှာသုတ်ပဝါနှင့် မျက်ရည်တွေ သုတ်လျက် ငို၍သာနေသည်။ စကားမပြောနိုင်။

အောင်က မျက်ရည်တွေပြည့်လျှံနေသော မျက်လုံးများနှင့် ထွေးခင် ၏အဖေကြီးကို စိုက်ငေးကြည့်နေသည်။ ဘယ်လိုသတင်းမေး၍ ဘယ်လို နှစ်သိမ့်စကားပြောရမည်မသိ။ အဖေကြီးက အမေမရှိသောသမီးအတွက် ယူကျုံးမရဖြစ်လာကာ...

“အဘသမီးလေး သေနေ့စေ့လို့သေတာမဟုတ်ပါဘူးကွယ်၊ ကံဆိုးလို့လည်း မဟုတ်ပါဘူး၊ ဆင်းရဲလို့သေတာပါ၊ ပိုက်ဆံမရှိတော့ သူ့ဝမ်းသူကျောင်းရတာပေါ့၊ ဒါကြောင့်မို့ သေရတာ”

ပြောမယ့်ပြောပြန်တော့လည်း စိတ်ထိခိုက်စရာစကားတွေနှင့် ငိုရှာသည်။ ထွေးခင်၏ညီမငယ်လေး သုံးယောက်အနက် အကြီးဆုံး ၁၁ နှစ်အရွယ်မှာ မျက်ရည်တွေသုတ်နေပြီး အငယ်မလေး နှစ်ယောက်မှာ မျက်စိလေးတွေ ပုတ်ခတ်ပုတ်ခတ် လုပ်နေသည်။   

ဆက်လက်ဖော်ပြပါမည်။