ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းနှင့်ကညွတ်ကွင်းဘူတာအကြား ရထားလမ်းမိုင်တိုင် (၁၂၀/၂-၃)ကြားရှိ ရထားလမ်းအဆင့်မြှင့်တင်နေသော စီမံကိန်းလမ်းပိုင်းအား အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

 

ရန်ကုန်-မန္တလေးရထားလမ်းပိုင်းအတွင်း ကျောက်တံခါးမြို့နယ် တောကျွဲအင်းနှင့်ကညွတ်ကွင်းဘူတာအကြား ရထားလမ်းမိုင်တိုင် (၁၂၀/၂-၃)ကြားရှိ ရထားလမ်းအဆင့်မြှင့်တင်နေသော စီမံကိန်းလမ်းပိုင်းအား အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဖောက်ခွဲဖျက်ဆီး

 

နေပြည်တော်  မတ်  ၁၄

 

ပဲခူးတိုင်းဒေသကြီး  ကျောက်တံခါးမြို့နယ် တောကျွဲအင်းဘူတာနှင့်ကညွတ်ကွင်း ဘူတာအကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ၌ မတ်လ ၁၃ ရက် ည ၁၂ နာရီက  မိုင်းပေါက်ကွဲသံများကြားရသဖြင့်  တောကျွဲအင်း-ကညွတ်ကွင်းလမ်းပိုင်းအား ခေတ္တပိတ်ထားခဲ့ရသည်။

မိုင်းပေါက်ကွဲမှု   ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ နယ်မြေဒေသတာဝန်ရှိသူများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်တို့က အချိန်နှင့်တစ်ပြေးညီ  နယ်မြေရှင်းလင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး မြန်မာ့မီးရထားဝန်ထမ်းများက ရထားလမ်းအား သွားရောက်စစ်ဆေးရာ တောကျွဲအင်း-ကညွတ်ကွင်းကြား မိုင်တိုင်အမှတ်၊ ၁၂၀/၂-၃ ကြားရှိ စီမံကိန်းဆောင်ရွက်ဆဲ အစုန်ရထားလမ်း သစ်မှာ ပျက်စီးသွားခဲ့ပြီး    သံလမ်း ၁၀ ပေခန့် ပြတ်ထွက်ခြင်း၊   ကွန်ကရစ်ဇလီဖားတုံးများ ပျက်စီးခြင်းများဖြစ်ပေါ်ခဲ့သည်။

မိုင်းထောင်ဖောက်ခွဲမှုကြောင့်  ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော အစုန်/အဆန်လူစီးရထားများ၊ ကုန်ရထားများ  သွားလာနိုင်မည်ဖြစ်ပြီး ခရီးသွားပြည်သူများနှင့်   ကုန်စည်သယ်ယူ ပို့ဆောင်မှုကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်း ဖြစ်ကြောင်း သိရှိရကာ အဆိုပါစီမံကိန်းလမ်းအဖြစ် ဆောင်ရွက်နေသည့် အဆိုပါအစုန်လမ်းပိုင်း ပျက်စီးမှုကို အမြန်ဆုံး ပြန်လည်ပြုပြင်သွားမည်ဖြစ်သည်။

အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍    ယခုအချိန်အထိ မြန်မာ့မီးရထားလမ်း ကွန်ရက်တစ်ခုလုံးတွင် ရထားလမ်းနှင့်  ရထားဘူတာနယ်မြေအတွင်း ဗုံးထောင်မိုင်းခွဲ/ဖျက်ဆီးခြင်း (၁၃၀)ကြိမ်၊ ရထားလမ်းတံတားများအား မိုင်းခွဲဖျက်ဆီးခြင်း(၅၁)ကြိမ်၊  ဘူတာအဆောက်အအုံနှင့် ဝန်ထမ်းနေအိမ်များအား  မီးရှို့ဖျက်ဆီးခြင်း(၁၂)ကြိမ်    ကျူးလွန်ခဲ့ကြပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူ ခရီးသွားလာမှုနှင့်   ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့မြန်ဆန် စေရေးအတွက် ရထားလမ်း အခြေခံအဆောက်အဦများ ပိုမိုကောင်းမွန်လာစေရေး၊ ရထားပို့ဆောင်ရေးစနစ်ကို  အဆင့်မြှင့်တင်နေသည့် စီမံကိန်းလုပ်ငန်းများကို ရည်မှန်းချက်ထားရှိ၍ စီမံဆောင်ရွက်ပေးလျက်ရှိသော်လည်း အကြမ်းဖက်သောင်းကျန်းသူများကမူ နိုင်ငံတော်ပိုင်ရထားစက်ခေါင်း၊ တွဲများနှင့် ခရီးသည်များ၊ ကုန်စည်များ ထိခိုက်ပျက်စီးစေရေး၊ ပြည်သူများအသက်အန္တရာယ်ထိခိုက်ပြီး စိတ်မချမ်းမြေ့စေရေး ရထားဖြင့် ခရီးသွားလာမှု မပြုရဲအောင် ခြိမ်းခြောက်ခြင်းတို့အပြင် ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အချိန်ပိုမို ကြန့်ကြာစေရေးတို့အတွက် ယုတ်မာပက်စက်သော  ရည်ရွယ်ချက်များဖြင့် အကြိမ်ကြိမ် ကျူးလွန်နေကြသောကြောင့် အဆိုပါ အကြမ်းဖက်သောင်းကျန်းသူများ၏ ယုတ်မာပက်စက်မှုများအပေါ် ဒေသခံပြည်သူတစ်ရပ်လုံးက ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိသည်။