ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

 

ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကျင်းပ

နေပြည်တော်  မတ် ၁၄

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကျောက်စိမ်းခန်းမ၌ ယနေ့မွန်းလွဲပိုင်းတွင် ပြည်ပနိုင်ငံများသို့ ကိုယ်စားလှယ်အဖြစ် သွားရောက်ခဲ့သူများ၏ အတွေ့အကြုံများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်သည်။

အဆိုပါ အခမ်းအနားသို့  အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနတို့မှ အရာရှိကြီးများ၊ အရာထမ်း/အမှုထမ်းများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ တာဝန်ခံများနှင့် ဝန်ထမ်းများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကွေ့လင်မြို့၌  ကျင်းပခဲ့သော China-ASEAN Expo Tourismပြပွဲသို့ တက်ရောက်ခဲ့မှု အခြေအနေများကို  ဒုတိယညွှန်ကြားရေးမှူးချုပ်  ဦးမျိုးဝင်းညွန့် ဦးဆောင်သောအဖွဲ့ကလည်းကောင်း၊ ထိုင်းနိုင်ငံ၌ကျင်းပခဲ့သည့် ရေရှည်ဖွံ့ဖြိုးတိုးတက် သောခရီးစဉ်ဒေသများ အသိအမှတ်ပြုသတ်မှတ်ခြင်းအစီအစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့မှု အခြေအနေများကို ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်မျိုးနိုင် ဦးဆောင်သော   အဖွဲ့ကလည်းကောင်း သက်ဆိုင်ရာ   ခေါင်းစဉ်များအလိုက် ရှင်းလင်းတင်ပြကြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ဟိုတယ်နှင့် ခရီးသွားကဏ္ဍ စနစ်တကျ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက်  အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတွင် ဝန်ထမ်းများ၏ အခန်းကဏ္ဍမှာ အရေးကြီးသဖြင့် လူ့စွမ်း အားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယနေ့ တင်ပြချက်များကို သိရှိခြင်းဖြင့် မိမိတို့နိုင်ငံ၏   ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံဉာဏ်များရရှိပြီး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရာ၌ အထောက်အကူပြုမည်ဖြစ်ကြောင်း၊ အတွေ့အကြုံရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်လာကြသော ဝန်ထမ်းများအနေနှင့် ဝိုင်းဝန်းမေးမြန်း ဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် အခမ်းအနားသို့တက်ရောက် လာကြသူများက  သိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။