တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး ဦးဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်

 

တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး ဦးဆောင်သည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့ ကွင်းဆင်းဆောင်ရွက်

 

တပ်ကုန်း  မတ်  ၁၄

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးရဲမိုး  ဦးစီးသည့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန် ယမန်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် အောင်သပြေကျေးရွာအုပ်စု တုံးချိုးကျေးရွာသို့ ရောက်ရှိကြပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြသည်။

နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးစီးသော အဖွဲ့သည် တုံးချိုးကျေးရွာ သီရိရတနာ ကျောင်းတိုက်တွင်  ကျေးရွာတာဝန်ခံ၊ ပြည်သူများနှင့်တွေ့ဆုံပြီး နေပြည်တော် ကောင်စီအဖွဲ့ဝင်က ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးရှိမှသာ ပညာရေး၊ ကျန်းမာရေးနှင့်လမ်းပန်းဆက်သွယ်ရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုဒေသသည် စိုက်ပျိုးရေးကဏ္ဍတွင် များသောအားဖြင့် လယ်ယာသီးနှံများ စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ ဒေသနှင့်ကိုက်ညီသည့် နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးစေလိုပြီး  နှစ်ရှည်သီးနှံပင်များ စိုက်ပျိုးပါက  အောင်မြင်ဖြစ်ထွန်းအောင် သက်ဆိုင်ရာဌာနများနှင့်  ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ကြောင်း ရှင်းလင်းမှာကြားသည်။

ယင်းနောက်  နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် အဖွဲ့သည် တုံးချိုးကျေးရွာပြည်သူများထံ ဆန်၊ ဆီ၊ ဆေးဝါး၊  ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ ရှေးဦးသူနာပြု (First  Aid Kid)ဆေးအိတ်၊ ကလေးကစားစရာများ၊ အစားအစာများနှင့်မီးဖိုချောင်သုံး ဟင်းသီး ဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပြီး ဒေသခံပြည်သူများက  ဒေသဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ပေးစေလိုသည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်စေရေးတို့ကို တင်ပြကြရာ ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍  ပြန်လည်ဆွေးနွေးကြပြီး ကျေးရွာတာဝန်ခံက ကျေးဇူးတင်စကား ပြောကြားကာ နေပြည်တော် ကောင်စီအဖွဲ့ဝင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ ဒေသခံပြည်သူများအား အသက်အပိုင်းအခြားအလိုက် ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊   သားအိမ်ခေါင်း ကာကွယ်ဆေး၊  ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မွေးစာရင်း၊ အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသား စိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို ဝက်ဝမ်းကျ ကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီ အဖွဲ့ဝင်နှင့်အဖွဲ့သည် ညောင်ပတ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့်  သုံးလမ်းဆုံကျေးရွာ  ဘုန်းတော်ကြီးကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းထိုင်ဆရာတော်ထံ ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်း ဆက်ကပ်လှူဒါန်းပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေရရှိရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာအတွင်းရှိ ကလေးငယ်များအား တိုးချဲ့ကာကွယ်ဆေး၊ သားအိမ်ခေါင်းကာကွယ်ဆေး၊  ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  မွေးစာရင်း၊  အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တောင်သူများ၏ နွားများအား လည်ချောင်းကွဲကာကွယ်ဆေး၊ ဝက်များကို  ဝက်ဝမ်းကျ ကာကွယ်ဆေးများ ထိုးနှံခြင်းများ ဆောင်ရွက်ပေးသည်။