အစာအာဟာရဘေးကင်း လုံခြုံရေးနှင့် ဉာဏ်ရည်တုနည်းပညာ

 

အစာအာဟာရဘေးကင်း လုံခြုံရေးနှင့် ဉာဏ်ရည်တုနည်းပညာ

 

    လူနှင့်သက်ရှိသတ္တဝါ အားလုံးသည် အစာအာဟာရ အပေါ်တွင် တည်မှီရှင်သန်ကြရပေသည်။  အစာအာဟာရသည် သက်ရှိလောက ရှင်သန်ရေးကို များစွာအထောက်အကူပြုလျက်ရှိပြီး ဘေးကင်းလုံခြုံသော အစာအာဟာရမရှိလျှင် ဘဝခရီးမလုံခြုံသည့်ပမာ တူလှသည်။ သို့ဖြစ်၍  ကမ္ဘာ့နိုင်ငံ  အသီးသီးသည် စားသုံးသူအခွင့်အရေး နှုတ်ဆိတ်နေရာမှ ကျယ်လောင်သော အသံတစ်ရပ်ဖြင့်   “စားသုံးသူအခွင့်အရေး ဝိုင်းဝန်းကာကွယ်ပေး” ရန်  တောင်းဆိုလာခဲ့သည်။ အစားအစာလုံခြုံမှု မရှိခြင်းသည်  လူကိုဘေးထွက် ဆိုးကျိုးပေးစေနိုင်ပြီး   နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ပညာရေး အဆင့်အတန်း  မြင့်မားမှု   အစရှိသောနယ်ပယ် အသီးသီးရှိ တိုးတက်မှု အညွှန်းကိန်းများကို   ချိုးဖျက်ပစ်နိုင်သောကြောင့်ဖြစ်သည်။

အသိပညာသည် အမှန်နှင့်အမှားကွဲပြားပြီး စိတ်ကို ကောင်းစွာထိန်းသိမ်းနိုင်စေသည်။ အသိပညာဗဟုသုတအပေါ် အခြေခံ၍ဖြစ်ပေါ်သော စိတ်အစဉ်သည် မိမိအကျိုးစီးပွား၊  သူတစ်ပါး၏ အကျိုးစီးပွားကို ယှဉ်တွဲစဉ်းစားလေ့ရှိသည်။  အသိပညာဗဟုသုတ အားနည်းသူတိုင်း စွဲမြဲစွာ လက်ခံလာခဲ့သည့် အမှားများသည် ယဉ်ပါးလာပြီး  အမှန်အဖြစ်ပြောင်းလဲလာသည်။ ဝိသမလောဘသားများ၏ လွဲမှားသော လောဘကြောင့် စားသုံးသူများ အကျိုးမဲ့ဖြစ်ရမှုသည် အမှန်တရားကို မျက်ကွယ်ပြုသည့် ပမာတူလှသည်။

သို့ဖြစ်၍ ဘေးကင်းလုံခြုံသော အစာအာဟာရ ရရှိရေးအတွက် ဥပဒေ၊ နည်းဥပဒေ အကာအကွယ်၊ အသိပညာပေးလုပ်ငန်းများ   ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခြင်းဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် စားသုံးသူရေးရာ ဦးစီးဌာနသည် “စားသုံးသူများ လုံခြုံစိတ်ချရမှု ရှိစေရန်” မျှော်မှန်းဖွဲ့စည်းလျက် စားသုံးသူ အခွင့်အရေးနှင့် စားသုံးသူအကျိုးစီးပွား ကာကွယ်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး၊ စီမံခန့်ခွဲမှုနှင့် သုတေသန ဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များဖြင့် စားသုံးသူရေးရာ လုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်ပေးလျက်ရှိသည်။ ကုန်စည်များ ဘေးဥပဒ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေးအတွက်  စီးပွားဖြစ် ထုတ်လုပ်သော ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေး၊  သတ်မှတ်စံချိန်စံညွှန်းနှင့် အညီထုတ်လုပ်နိုင်ရေး အတွက် စားသုံးသူအသိပညာပေး လုပ်ငန်းများ၊ ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရမဟုတ်သော   စားသုံးသူ အကာအကွယ်ပေးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ကုန်ထုတ်လုပ်သူများ အနေဖြင့်လည်း လုံခြုံစိတ်ချမှုရှိသော ထုတ်ကုန်များကို ထုတ်လုပ်နိုင်ခြင်းဖြင့် ပုဂ္ဂလိကကဏ္ဍအတွင်း “မျှတအလေးမူ တာဝန်ယူ”ဆိုစကားနှင့်အညီ တရားမျှတသော ပြိုင်ဆိုင်မှုကို  များစွာအထောက်အကူ ပြုစေမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖျားမှု ပြဿနာများလေ့လာရာတွင်  နို့မှုန့်များ၌ မယ်လမင်းရောနှော ရောင်းချခြင်း၊ အသား၊ ငါးများတွင် အမျိုးအစားတူညီသော ဈေးနိမ့်သည့်အသား၊ ငါးများအစားထိုး ရောနှောရောင်းချခြင်း၊ ဆေးဝါးအတုများ၊ အလှကုန်ပစ္စည်းအတုများ၊ ကော်ဖီ၊ အချိုရည်တုများ ပြုလုပ်ရောင်းချခြင်း ဖြစ်စဉ်များကို လေ့လာတွေ့ရှိရသည်။ အစားအစာကုန်သွယ်မှု၊ ဝန်ဆောင်မှုကဲ့သို့ မသမာသောအပြုအမူများ ထိန်းချုပ်ကာကွယ်ရန် အတွက် အစီအမံများ သတ်မှတ်ခြင်း၊ မှတ်တမ်းထားရှိခြင်း၊ နည်းပညာဖြင့် လေ့လာဖော်ထုတ်ခြင်းနှင့် အမြဲမပြတ်ဆန်းစစ်ခြင်း လုပ်ငန်းများကို  စဉ်ဆက်မပြတ်ပြုလုပ် ဆောင်ရွက်မှသာ  စားသုံးသူရေးရာ အခက်အခဲနှင့်စိန်ခေါ်မှုပြဿနာများ အထိုက်အလျောက် ပြေလည်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်နောက် အင်တာနက်အသုံးပြု၍ အွန်လိုင်းဆွေးနွေးပွဲများ၊  စားသောက်ကုန်ရောင်းချသည့် လုပ်ငန်းများ၊ အဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းရောင်းချသည့် လုပ်ငန်းများ ခပ်စိပ်စိပ် ပြုလုပ်လာသည်ကို  တွေ့ရှိရသည်။ အွန်လိုင်းမှ မှာယူသော အချို့ပစ္စည်းများသည် အရည်အသွေးနိမ့်ကျခြင်း၊ ပစ္စည်းအမျိုးအစား မတူညီခြင်း၊ လိမ်လည်ခြင်း  အစရှိသည့် လုပ်ရပ်များသည် စားသုံးသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ အွန်လိုင်းမှလိမ်လည်သူ အချို့ကြောင့်မှန်ကန်စွာ ရောင်းဝယ်ဖောက်ကားမှု အခြေအနေများ အခက်အခဲဖြစ်ကြရသည်။ အဆိုပါအွန်လိုင်းမှ ရောင်းဝယ်မှုလုပ်ငန်းများ တိကျမှန်ကန်စေရေးအတွက်  နိုင်ငံတော်မှ အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ရောင်းချခြင်းကို အရေးကြီး ကုန်စည်အဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၃)ကို ထုတ်ပြန်ကြေညာခဲ့ပြီး အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ဆောင်ရွက်ခြင်း၊  မှတ်ပုံတင်မရှိဘဲ ရောင်းချသူများအား အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ(၅)အရ အရေးယူဆောင်ရွက်မည့် အခြေအနေများကို အတိအလင်း ထုတ်ပြန်ပေးခဲ့သည်။

ယနေ့ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာဖြစ်လာပြီး ခလုတ်တစ်ချက်နှိပ်ရုံမျှဖြင့် ကမ္ဘာနှင့် ဆက်သွယ်နိုင်သည်။ နေ့ရက်များသည် တီထွင်ဆန်းသစ်မှုများဖြင့် ပိုမိုတောက်ပစေခဲ့သည်။ နည်းပညာ အသစ်အဆန်းများမှာ ပိုမိုများပြားလာခဲ့ပြီး AI (Artificial Intelligence) မှတ်ဉာဏ်တုမှာလည်း  နည်းပညာနှင့် ထိတွေ့သုံးစွဲသူများအကြား ရေပန်းစားလာခဲ့သည်။ မှတ်ဉာဏ်တုသည် သုံးတတ်လျှင် ဆေးဖြစ်သည်။

မသုံးတတ်လျှင်ဖြင့် ဘေးဖြစ်နိုင်ပေသည်။ မှတ်ဉာဏ်တုနည်းပညာသည် ကွန်ပျူတာနှင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ တွဲဖက်သုံးစွဲနိုင်သည့်  နည်းပညာတစ်ခုဖြစ်သည်။

မှတ်ဉာဏ်တုနည်းပညာဖြင့်  ကဗျာ၊ ဂီတ၊ ပန်းချီ၊ ဝတ္ထုများ ဖန်တီးပြုလုပ်နိုင်သည်။ လူပမာအသိဉာဏ်ရှိသည်ဟု တင်စားရသည့် AI နည်းပညာဖြင့် ပြုလုပ်ထားသည့် ChatGPT တွင် သိလိုရာကို မေးမြန်းနိုင်သည်။ သတင်းအချက်အလက် နည်းပညာများကို အလိုအလျောက် သင်ယူနိုင်အောင် ရေးဆွဲထားသည့် နည်းပညာ သို့မဟုတ် ပရိုဂရမ် တစ်ခုဖြစ်သော်လည်း စက်ရုပ်များ၊ မောင်းသူမဲ့ကားများ၊ စစ်တပ်သုံး ဒရုန်းယာဉ်များတွင် လူသားဦးနှောက် တစ်ခုပမာ ထည့်သွင်း အသုံးပြုနိုင်စွမ်းရှိပေသည်။

AI နည်းပညာအသုံးပြုထားသည့် စက်ရုပ်များကို ယာဉ်နှင့်စက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံကြီးများတွင် စက်ကိရိယာ အစိတ်အပိုင်း တပ်ဆင်သူများအဖြစ် လည်းကောင်း၊ အဆင့်မြင့်စားသောက်ဆိုင်ကြီးများတွင် စားပွဲထိုး၊ ဧည့်ကြိုများအဖြစ် လည်းကောင်း၊ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်သူများ အဖြစ်လည်းကောင်း၊ သဘာဝဘေးရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများတွင် သယ်ယူပို့ဆောင်သူများ အဖြစ်လည်းကောင်း၊ ရှေ့တန်းစစ်မျက်နှာပြင်တွင် ကင်းထောက်သူများအဖြစ် အသုံးပြုလာခဲ့ကြသည်။ အလားတူ ခေတ်မီစိုက်ပျိုးမွေးမြူရေး လုပ်ငန်းများကို  အလေးထား ဆောင်ရွက်သည့် နိုင်ငံများရှိ လယ်သမားများမှာလည်း AI နည်းပညာ အာရုံခံစနစ်ကို ကောင်းစွာအသုံးပြု

လျက် မြေသြဇာ ဓာတ်ခန့်မှန်းတိုင်းတာခြင်း၊ ပိုးမွှားဝင်ရောက်မှု အခြေအနေ၊ ရေသွင်းစနစ်၊ ရိတ်သိမ်းချိန်ကို စိစစ်ခြင်းလုပ်ငန်းများ တိကျစွာပြုလုပ်လာခဲ့ကြသည်။  တိရစ္ဆာန်မွေးမြူရေး လုပ်ငန်းနယ်ပယ်တွင်လည်း မွေးမြူထားရှိသည့် အသား၊ နို့၊ ဥများ ပိုမိုထွက်ရှိရေးအတွက်   တိရစ္ဆာန်များ၏ လှုပ်ရှားမှု၊ အစာစားနှုန်း၊ အစာကျွေးစနစ်၊ သားစပ်ချိန်၊ ဖျားနာချိန်၊ ကာကွယ်ဆေးထိုးသင့်သည့် အချိန်နှင့်  မစင်စွန့်ချိန်များအထိ  အသေးစိတ် စောင့်ရှောက်မှုပြုလုပ်နိုင်သည်။

နည်းပညာစနစ်ကောင်းက  ခေတ်ဟောင်းကို ကျော်နိုင်သည့်  ဥပမာအတိုင်း AI ဉာဏ်ရည်တုနည်းပညာ အကူအညီဖြင့် တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ မျက်နှာအသွင်အပြင်ကို မှတ်သားနိုင်ခြင်း၊ ကိုယ်ခန္ဓာအပူချိန်၊ စရိုက်သွင်ပြင် လက္ခဏာနှင့် အပြုအမူများကို ကောင်းစွာလေ့လာနိုင်သည်။ တိရစ္ဆာန်တစ်ကောင်ချင်းစီ၏ လှုပ်ရှားမှုသွင်ပြင်ကို   စောင့်ကြည့်လျက် ပုံမှန်လှုပ်ရှားမှုနှင့် ရောဂါဖြစ်ပွားမှုကို ဆန်းစစ်နိုင်သည်။ တိရစ္ဆာန်များ၏  ကြီးထွားမှုနှုန်းကိုလည်း သိရှိနိုင်ခြင်းဖြစ်သဖြင့် AI  ဉာဏ်ရည်တုနည်းပညာ၏ အာရုံခံစွမ်းပကားကို    “စားသုံးသူ အကျိုးပြု Óဏ်ရည်တု”ဟု  အသိအမှတ်ပြု လက်ခံရမည်ဖြစ်သည်။

နိဂုံးချုပ်အားဖြင့်   စားသုံးသူအရေး အာရုံစိုက်ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ချန်လှပ်ထား၍မရနိုင်ပေ။ အသား၊ ငါး၊ ဥနှင့် နို့ အစရှိသော အစာအုပ်စုထုတ်လုပ်မှု လုပ်ငန်းများတွင် နည်းပညာအကူအညီဖြင့်  ပိုမိုအဆင်ပြေချောမွေ့အောင် ဆောင်ရွက်လာနိုင်သည်ကို  တွေ့ရှိရသည်။

စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ အနေဖြင့် ထုတ်ကုန်များ အရည်အသွေးပြည့်ဝစွာ ထုတ်လုပ်နိုင်ရေး AI ဉာဏ်ရည်တုနည်းပညာကို အသုံးပြုနိုင်သည်။ စားသုံးသူ အရေးအလေးပေး ဆောင်ရွက်ခြင်း လုပ်ငန်းများသည်  ရေရှည်အကျိုးစီးပွားကို ဖြစ်စေနိုင်ပြီး ထုတ်ကုန်နှစ်ဆ တိုးမြှင့်ရေးအတွက်လည်း များစွာအထောက်အကူပြုပေသည်။ စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ပိုမိုကောင်းမွန်သော အနာဂတ်လူ့ဘောင် တည်ဆောက်ရာတွင် တာဝန်ယူမှု၊ တာဝန်ခံမှု၊ ဖြူစင်သောစေတနာ၊ ကိုယ်ချင်းစာနာမှုများ  ရောစပ်လျက် စားသုံးသူ သို့မဟုတ်  ပြည်သူကို မျက်နှာမူသော ကုန်ထုတ်လုပ်မှု လုပ်ငန်းများပီပြင်စွာ   ထုတ်လုပ်နိုင်ပါစေကြောင်း  ဆုမွန်ကောင်းတောင်းလျက် ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ကျရောက်သည့်  ကမ္ဘာ့စားသုံးသူ အခွင့်အရေးများနေ့ကို  ဂုဏ်ပြုရေးသား လိုက်ရပါသည်။   ။

ထက်ဝေအောင် (စစ်ကိုင်း)