နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး

နေပြည်တော်  မတ်  ၁၅

 

၂၀၂၃-၂၀၂၄  ခုနှစ်  ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ   ဖြစ်ကြသည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့်  ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ   တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ   အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းသိန်းဇံက အမှာစကားပြောကြားရာတွင်   မြန်မာ့ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရေး၊ အရှေ့တောင်အာရှနှင့် အာရှဒေသနယ်ပယ်တွင် အောင်မြင်စွာရပ်တည်နိုင်ရေးသည် ပြည်သူ တစ်ရပ်လုံး၏ လိုလားချက်ဖြစ်သည့်အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ရည်မှန်းချက် တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာဘောလုံးအသင်း အောင်မြင်မှု ရရှိနိုင်ရန် မြန်မာ့လက်ရွေးစင်လူငယ်အသင်းများကို ကျောထောက်နောက်ခံအဖြစ်    အင်အားအများဆုံး ဖြည့်တင်းပေးနိုင်မည့် ပြည်နယ်နှင့် တိုင်းဒေသကြီးလူငယ်ဘောလုံးပြိုင်ပွဲများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ်ကျင်းပ ပေးနေကြောင်း။

ပြိုင်ပွဲဝင်အားကစားသမားများ အနေဖြင့်လည်း အားကစားစိတ်ဓာတ်အပြည့်အ၀ဖြင့် သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကစားကြစေလိုကြောင်း၊ ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းရှင်းပြီး သတ်မှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်း/စည်းကမ်းများနှင့်အညီ တရားမျှတမှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် သွားကြစေလိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်က အားထားရမည့် ဘောလုံးအားကစားသမား ကောင်းများ ပေါ်ထွက်လာအောင် ယှဉ်ပြိုင် ကစားသွားကြရန် တိုက်တွန်းမှာကြားရင်း ပြိုင်ပွဲကိုဖွင့်လှစ် ပေးလိုက်ကြောင်း   ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာဓိဋ္ဌာန်(၄)ချက်ကို ရွတ်ဆိုကြသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊     ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူ တို့သည် ပြိုင်ပွဲဝင် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြပြီး ကချင်ပြည်နယ် အသင်းနှင့်  တနင်္သာရီတိုင်း ဒေသကြီး အသင်းတို့၏  ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။

၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက် ၂၅ နှစ်အောက် အမျိုး သားဘောလုံးပြိုင်ပွဲကို  ထူးချွန်ထက်မြက်သည့် လူငယ်သွေးသစ်ဘောလုံးသမားများ ပေါ်ထွက်လာစေရန်အတွက်  ရည်ရွယ်၍ မတ်လ ၁၅ ရက်မှ ၂၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲသို့ ပြိုင်ပွဲဝင်အမျိုးသားအသင်း ၁၃ သင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ရာ အားကစားကို စိတ်ပါဝင်စားသည့် မိဘပြည်သူများအနေဖြင့် မည်သူမဆို (အခမဲ့)   လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။