မျှတမှုကိုရှေးရှု စားသုံးသူကိုလေးစားဂရုပြု

 

မျှတမှုကိုရှေးရှု စားသုံးသူကိုလေးစားဂရုပြု

ကမ္ဘာလောကကြီးတွင် အသက်ရှင်နေထိုင်ရေးအတွက်စားသုံးမှုကို လူသားတိုင်းပြုလုပ်ကြရသည်။ ထိုသို့စားသုံးမှု ပြုလုပ်ရန်အတွက် ထုတ်လုပ်မှုကဏ္ဍလည်း ရှိရပေသည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် စားသုံးသူဟူ၍ နှစ်မျိုးနှစ်စား ဖြစ်တည်လာပြီး ရောင်းသူနှင့်ဝယ်သူဟူ၍ ခေါ်ဆိုကြသည်။

ထုတ်လုပ်သူနှင့် စားသုံးသူနှစ်ဦးလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အပြန်အလှန်ဝယ်ယူ အသုံးပြုကြရခြင်းဖြစ်သည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများ လဲလှယ်ရောင်းချရာမှ ဈေးကွက်ဟူသော နေရာတစ်ခုဖြစ်တည်လာရသည်။ ဈေးကွက်အတွင်းတွင် ဝယ်လိုအားနှင့်ရောင်းလိုအားတို့သည် ဝယ်ယူသူ(စားသုံးသူ) အပေါ်တွင်      မူတည်၍ပြောင်းလဲမှုရှိသည်။

ထုတ်လုပ်ရောင်းချသူတို့သည် ဈေးကွက်အတွင်းတွင် မိမိကုန်စည်အပေါ် စားသုံးသူတို့စိတ်ဝင်စားမှု ဖြစ်ပေါ်လာရန်၊ ဝယ်လိုအားကောင်းမွန်လာရန်အတွက် နည်းအမျိုးမျိုးဖြင့်   ကြိုးပမ်းဆောင်ရွက်ကြသည်။   ဝယ်ယူသူ(စားသုံးသူ)များကလည်း မိမိတို့လိုအင်ဆန္ဒကို  အများဆုံး ဖြည့်ဆည်းနိုင်ပြီး စိတ်ကျေနပ်မှု အများဆုံးပေးနိုင်သော ကုန်ပစ္စည်းများကိုသာ ဝယ်ယူကြသည်။

စီးပွားရေးလုပ်ငန်းရှင်၏တာဝန်

စီးပွားရေးလုပ်ငန်းရှင်(ထုတ်လုပ်သူ)ဆိုသည်မှာ  ကုန်စည်ကိုထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း၊ ပြုပြင်ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်း၊  ပြည်တွင်းသို့တင်သွင်းခြင်း၊ ပြန်လည်ရောင်းချခြင်းကိုဖြစ်စေ၊ ထောက်ပံ့ခြင်းကိုဖြစ်စေ၊  ဝန်ဆောင်မှုပေးခြင်းကိုဖြစ်စေ၊ ကြော်ငြာလုပ်ငန်းလုပ်ကိုင်ခြင်းကိုဖြစ်စေ တစ်ဦးချင်းသော်လည်းကောင်း၊ အဖွဲ့အစည်းနှင့်သော်လည်းကောင်း ဆောင်ရွက်သူကိုဆိုလိုသည်။

ဘောဂဗေဒနည်းအရ စီးပွားရေးဈေးကွက်တွင်ရောင်းသူနှင့်ဝယ်သူ တစ်နည်းအားဖြင့် ထုတ်လုပ်သူနှင့် ရောင်းချသူတို့ တွေ့ဆုံကြပြီး နှစ်ဦးနှစ်ဖက်သဘောတူ ကျေနပ်သည့် အခြေအနေတစ်ရပ်တွင် အရောင်းအဝယ် ပြုလုပ်ကြခြင်း ဖြစ်သည်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ထုတ်လုပ်ရောင်းချသူနှင့် စားသုံးသူတို့အကြား စိတ်ကျေနပ်မှု ရရှိစေသည့် ကုန်စည်နှင့်ဝန်ဆောင်မှုကိုသာ ငွေကြေးနှင့်လဲလှယ်ကြရခြင်း ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရန်အတွက် စီးပွားရေးဈေးကွက်တည်မြဲနေရန် လိုအပ်သည်။ စီးပွားရေးဈေးကွက် တည်မြဲရန်အတွက် စားသုံးသူများ၏ ဝယ်လိုအားကောင်းမွန်နေရမည်။ စားသုံးသူတို့၏ ဝယ်လိုအား ကောင်းမွန်ရန်အတွက် ထုတ်လုပ်သူများသည်  စားသုံးသူများ၏ကြိုက်နှစ်သက်မှု၊ ယုံကြည်မှု၊  ကုန်စည်အပေါ်စိတ်ဝင်စားမှုတို့ကို လေ့လာသိရှိရန် အရေးကြီးသည်။

စားသုံးသူတို့၏ ကြိုက်နှစ်သက်မှု ရရှိရန်အတွက်  ထုတ်လုပ်သူများ၏ ကုန်စည်များသည်   သန့်ရှင်းသပ်ရပ်ရန် လိုအပ်သည်။  လူတိုင်းသည်သန့်ရှင်းသပ်ရပ်မှုကို လိုလားကြသည်။ လှပသေသပ်မှုကို မြတ်နိုးခုံမင်ကြသည် ဟူသောအချက်ကို ထုတ်လုပ်သူများ သိရှိထားရမည်။ ထို့ကြောင့်ကုန်စည်များကို ထုပ်ပိုးသည့်ပုံစံကို အကောင်းဆုံးစီမံ ဆောင်ရွက်ကြရမည်။

ထုတ်လုပ်သူတို့၏ကုန်စည်များသည် ဖော်ပြပါရှိသော ကြော်ငြာအချက်အလက်များနှင့်စံနှုန်းကိုက်ညီမှုရှိရမည်။ သို့မှသာစားသုံးသူများက ယုံကြည်စွာ ဝယ်ယူအသုံးပြုပေမည်။ ထုတ်လုပ်သူများ ရောင်းချသော ကုန်စည်များသည် လူတန်းစားအလွှာအသီးသီးနှင့်ကိုက်ညီသောဈေးနှုန်း၊ စံနှုန်းရှိမှသာလျှင်    စားသုံးသူတို့၏ စိတ်ဝင်စားမှုကို  ဆွဲဆောင်နိုင်မည်ဖြစ်သည်။

ထို့ကြောင့် ၂၀၁၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်  ပြဋ္ဌာန်းခဲ့သော စားသုံးသူကာကွယ်ရေးဥပဒေတွင် စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များကို အောက်ပါအတိုင်း ဖော်ပြပါရှိထားသည်။

ဂအာမခံချက်၊ သတ်မှတ်ချက်များနှင့်စပ်လျဉ်း၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးခြင်း ဂခွဲခြားမှုမရှိဘဲ ဖြောင့်မတ်မှန်ကန်စွာဆက်ဆံခြင်း ဂစီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်ခြင်း ဂသတ်မှတ်ထားသည့် အရည်အသွေး၊ စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ အာမခံချက်ပေးခြင်း ဂအရည်အသွေးစမ်းသပ်ရန် လိုအပ်သော ဝယ်ယူခြင်းမပြုမီစမ်းသပ်နိုင်သည့် အခွင့်အရေးပေးခြင်း ဂထပ်မံပေးချေရမည့် တန်ဖိုးကို ဝယ်ယူအသုံးမပြုမီ  သိရှိစေရန်အတိအလင်း ဖော်ပြပေးခြင်း ဂစားသုံးသူနစ်နာဆုံးရှုံးမှု ဖြစ်ပွားစေမည့် တိုက်ရိုက်၊ သွယ်ဝိုက်ရောင်းချခြင်းကို ရှောင်ကြဉ်ခြင်းဂကတိပြုထားသော အာမခံချက်နှင့်ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဂညှိနှိုင်းဖြေရှင်းနေစဉ် စားသုံးသူအပေါ် တစ်နည်းနည်းနှင့် ထိခိုက်နစ်နာစေရန် ခြိမ်းခြောက်ခြင်း၊ မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့်ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်း ဂဘေးအန္တရာယ် ရှိကြောင်းကို သိရှိလျှင် ဦးစီးဌာနနှင့်စားသုံးသူများထံသင့်ရာနည်းလမ်းဖြင့် အချိန်မီ အသိပေးခြင်း ဂသက်ဆိုင်ရာကော်မတီ၏ ဖြေရှင်းဆောင်ရွက်ပေးမှုနှင့်ဆုံးဖြတ်ချက်ကို လိုက်နာဆောင်ရွက်ခြင်းတို့ဖြစ်သည်။

စားသုံးသူအခွင့်အရေးနှင့်တာဝန်

ကုန်စည်သို့မဟုတ်ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုလုပ်ရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်း ပြုလုပ်ရန် မဟုတ်ဘဲ ကိုယ်တိုင်သုံးစွဲမှု အတွက်သော်လည်းကောင်း၊   အခြားသူအတွက် သော်လည်းကောင်းရည်ရွယ်၍ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည်ချေးငှားခြင်း ပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို စားသုံးသူများဟု ဆိုလိုခြင်းဖြစ်သည်။  စားသုံးသူများတွင်  လိုအင်ဆန္ဒအမျိုးမျိုးရှိကြသော်လည်း    မိမိတို့ပိုင်ဆိုင်သော   ငွေကြေးပမာဏဖြင့်သာ စိတ်ကျေနပ်မှု အများဆုံးရရှိရန်     ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူ၍ လိုအင်ဆန္ဒအများဆုံးကို ဖြည့်ဆည်းကြရခြင်း ဖြစ်သည်။

 စီးပွားရေး အဆောက်အအုံတစ်ခုကို လေ့လာကြည့်လျှင်စားသုံးသူများသည် တစ်ဖက်တွင် ကုန်ထုတ် အင်အားစုများကို ရောင်းချသူဖြစ်ပြီး ထုတ်လုပ်သူစီးပွားရေးလုပ်ငန်းရှင်များသည်လည်း အခြားတစ်ဖက်တွင် ကုန်ထုတ်စွမ်းအားစုများကို ဝယ်ယူသူများပင်ဖြစ်သည်။ ထို့ကြောင့် ထုတ်လုပ်သူနှင့် စားသုံးသူတို့အကြားတွင် အပြန်အလှန် ဆက်နွှယ်မှုသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အရေးပါသည်မှာ မငြင်းပယ်နိုင်သော အချက်တစ်ချက်ပင်ဖြစ်သည်။   ကုန်ထုတ်လုပ်သူများသည်   စားသုံးသူများ၏ အခွင့်အရေးကို  ဦးစားပေး၍ ထုတ်ကုန်များကို ထုတ်လုပ်ကြရမည်သာဖြစ်သည်။ မိမိထုတ်ကုန်ရောင်းလိုအားတိုးပွားမှုထက် စားသုံးသူများ၏ လိုအပ်ချက်နှင့် ညီညွတ်ရန် ထုတ်လုပ်၍ မျှတသော ဝန်ဆောင်မှုကို ပြုလုပ်ပေးရန် လိုအပ်သည်။     ဘက်ညီလည်ပတ်မှုရှိမှသာ   စီးပွားရေးအဆောက်အအုံတည်မြဲ၍ ဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်ပေလိမ့်မည်။

၂၀၁၉ ခုနှစ် မတ်လတွင်  ပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေတွင် စားသုံးသူ၏အခွင့်အရေးများကို အောက်ပါအတိုင်း ဖော်ပြထားပေသည်။

အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း

ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း

လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့်ပြေစာ/အထောက်အထားရယူခွင့်ရှိခြင်း

စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်ရှိခြင်း

နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခွင့်နှင့်တိုင်ကြားခွင့်ရရှိနိုင်ခြင်း

နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ ကုစားခွင့်ရရှိခြင်း

အသိပညာဗဟုသုတများ၊     အခွင့်အရေးများနှင့်လိုအပ်သော အချက်အလက်များကိုသိရှိလေ့လာနိုင်ခွင့်ရှိခြင်း

ပစ္စုပ္ပန်သာမက အနာဂတ်မျိုးဆက်များအတွက်ပါ  ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းတို့ဖြစ်သည်။

စားသုံးသူ၏တာဝန်များမှာ သတင်းအချက်အလက်နှင့်လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ ရွေးချယ်ဝယ်ယူရာတွင် သဘောတူညီထားသည့် တန်ဖိုးနှင့်အညီပေးချေခြင်း၊  စီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန်ရည်ရွယ်၍ မဟုတ်မမှန်စွပ်စွဲပြောဆိုမှု၊  ပြုလုပ်မှုတို့ကို ရှောင်ကြဉ်ခြင်း၊ အငြင်းပွားမှုကို ညှိနှိုင်းဖြေရှင်းနေစဉ် လူထုဆက်သွယ်ရေးနည်းလမ်းများဖြင့်ဖြစ်စေ၊      အခြားနည်းလမ်းများဖြင့်ဖြစ်စေ သက်ဆိုင်ရာစီးပွားရေးလုပ်ငန်းရှင်အပေါ် ထိခိုက်နစ်နာစေရန် မဟုတ်မမှန်ပြောဆိုခြင်း၊ ရေးသားခြင်းနှင့် ပြုမူခြင်းတို့ကို ရှောင်ကြဉ်ခြင်းတို့ဖြစ်ပေသည်။

နည်းပညာနှင့်အခွင့်အရေး

ယနေ့ခေတ်သည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးစသော နယ်ပယ်အသီးသီးတွင်  တိုးတက်ပြောင်းလဲလာသော  နည်းပညာနှင့်အညီ လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြသည်။ အွန်လိုင်းစနစ်ဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အချိန်ကုန်သက်သာစွာ အလွယ်တကူ ရယူနိုင်ကြသည်။   ထုတ်လုပ်သူများကလည်း    ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်းမှတစ်ဆင့်ရောင်းချပြီး  စားသုံးသူ များထံသို့ အမြန်ချောဖြင့် ပို့ဆောင်ကြသည်။ သို့ရာတွင် နည်းပညာကို အလွဲသုံးစားပြု၍ တချို့သောသူများသည်   အတုအပများပြုလုပ်လာကြသည်။   စားသုံးသူများအပေါ်သွယ်ဝိုက်သောနည်းအားဖြင့် လိမ်လည်မှု ကျူးလွန် ကြသည်ကိုလည်း တွေ့ကြရသည်။ ထုတ်လုပ်သူတို့ကြော်ငြာထားသော စံနှုန်းများနှင့်မကိုက်ညီဘဲ ခေါင်းပုံဖြတ်သည့် အခြေအနေဆိုးများဖြင့် စားသုံးသူများ၏ အခွင့်အရေးကို ချိုးဖောက်နေကြသည်ကို အွန်လိုင်းမျက်နှာစာများတွင်  တွေ့မြင်ရသည်မှာ အလွန်ပင်အကျည်းတန်ပေသည်။

ခေတ်မီပြောင်းလဲလာသည်နှင့်အမျှ (Artificial intelligence-AI))ဟူသော  ဉာဏ်ရည်တုနည်းပညာများသည်   အွန်လိုင်းကဏ္ဍတွင် အလျင်အမြန် ထိုးဖောက်ဝင်ရောက်လာနေပေသည်။  ထုတ်လုပ်သူများသည် AI နည်းပညာကို အသုံးချ၍ မိမိတို့ကုန်စည်များကို အွန်လိုင်းအပလီကေးရှင်းများဖြင့်    အမျိုးမျိုးကြော်ငြာလျက် စားသုံးသူများကို ဆွဲဆောင်လျက်ရှိသည်။ စားသုံးသူတို့နှစ်သက်သည့်    ပုံသဏ္ဌာန်၊ အပြုအမူတို့ကို အသုံးချလျက်ထုတ်လုပ်သူများက ကုန်စည်ရောင်းချရန် ကြိုးပမ်းလာကြသည်။ စားသုံးသူများအနေဖြင့်လည်း မိမိတို့၏ အခွင့်အရေးရွေးချယ်ပိုင်ခွင့် အပြည့်အဝရှိသည့်အလျောက် AI နည်းပညာကို အသုံးချလျက်  အတုအပကိုခွဲခြားသိမြင်နိုင်ရန်   ကြိုးစားကြရမည်ဖြစ်သည်။

ထုတ်လုပ်သူများကိုလည်း  စားသုံးသူများမှ  ကျင့်ဝတ်ဆိုင်ရာဥပဒေနှင့်အညီ ကုန်စည်များကိုရောင်းချရန် ဝိုင်းဝန်းကာကွယ်ကြရမည်ဖြစ်သည်။

မျှတသည့်အတွေးအမြင်

စားသုံးသူသည် တခြားတစ်ဖက်တွင်  ထုတ်လုပ်သူလုပ်ငန်းရှင်ဖြစ်၍ ထုတ်လုပ်သူသည်လည်း   တခြား တစ်ဖက်တွင်   စားသုံးသူဖြစ်သည်ကို နားလည်သဘောပေါက်ကြရမည်။ လူသားတိုင်းသည် စားသုံးသူ ဖြစ်သည်ကို မမေ့မလျော့ဘဲ ထုတ်လုပ်ရောင်းချသူများအနေဖြင့် စားသုံးသူများအပေါ် စာနာနားလည်မှုရှိစွာ မျှတသည့်အတွေးဖြင့်    ကုန်စည်များကို ရောင်းချကြရမည်ဖြစ်သည်။ ထို့ကြောင့် တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်အဝရှိသော စံနှုန်းကိုက်ညီသည့် ကုန်စည်နှင့်ဝန်ဆောင်မှုများကိုသာ စားသုံးသူများလက်ထဲသို့ ရောင်းချရန် ကုန်ထုတ်လုပ်မှုကို စံချိန်မီထုတ်လုပ်သင့်ပေသည်။ ၂၀၂၄ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင်   ကျရောက်သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့ဆောင်ပုဒ်အရ  AI နည်းပညာဖြင့် စားသုံးသူအခွင့်အရေးကို ကာကွယ်ရန် ရည်မှန်းချက်ထား၍ ဆောင်ရွက်မည်ဖြစ်သဖြင့် ကုန်စည်ထုတ်လုပ်သူများအနေဖြင့် မျှတသောအတွေး၊ တန်းတူညီမျှခံစားခွင့်ရှိသည့် အမြင်တို့ကို ရှေ့တန်းတင်လျက် ကုန်ထုတ်လုပ်မှုများကို စံနှုန်းနှင့်အညီ ထုတ်လုပ်နိုင်ကြပါစေကြောင်း   မေတ္တာရပ်ခံ အကြံပြု ရေးသားလိုက်ရပေသည်။        ။

ကိုးကားချက်-        စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉) ပါအချက်များ