ကြိုတင်ကာကွယ်သင့်သည့် အသည်းအဆီဖုံးရောဂါ

 

ကြိုတင်ကာကွယ်သင့်သည့် အသည်းအဆီဖုံးရောဂါ

အသည်းအဆီဖုံးရောဂါသည် တစ်ကမ္ဘာလုံးတွင်  အဖြစ်များဆုံး အသည်းရောဂါဖြစ်ပြီး  အသည်းနှင့် ဆက်နွှယ်သောရောဂါကြောင့်  သေဆုံးမှု၏အဓိက အကြောင်းရင်းဖြစ်သည်။ ၂၀၂၂ ခုနှစ်အထိ ကမ္ဘာ တစ်ဝန်းတွင် အရွယ်ရောက်ပြီးသူဦးရေ၏ ၃၂ ဒသမ  ၄  ရာခိုင်နှုန်းသည် အသည်းအဆီဖုံးရောဂါခံစားနေ ရသည်ဟု ခန့်မှန်းထားပြီး  အချိန်နှင့်အမျှ  ဖြစ်ပွားမှု တိုးမြင့်နေကြောင်း၊ ယေဘုယျအားဖြင့် အမျိုးသား များတွင် သိသိသာသာပိုများကြောင်း သိရပါသည်။ အသည်းအဆီဖုံးရောဂါ ဖြစ်ပွားမှုသည် မျိုးရိုးဗီဇနှင့် လူမှုစီးပွားရေးဆိုင်ရာ အကြောင်းရင်းများ   မတူညီ သောကြောင့်  ကမ္ဘာ့ဒေသအလိုက် ကွဲပြားခြားနား မှုရှိသည်။   အမေရိကနှင့် အရှေ့တောင်အာရှတွင် အဖြစ်များကြောင်း တွေ့ရှိရသည်။

ကမ္ဘာလုံးဆိုင်ရာ အဝလွန်ခြင်းနှင့်သွေးချို၊ ဆီးချိုရောဂါ ဖြစ်ပွားမှုမြင့်တက်လာခြင်းနှင့်အတူ အသည်း အဆီဖုံးရောဂါဖြစ်ပွားမှု တိုးမြင့်လာသည်ကို တွေ့ရ သည်။ ၂၀၃၀ ပြည့်နှစ်တွင် ကမ္ဘာ့ဒေသအများအပြား ၌ အသည်းအဆီဖုံးရောဂါဖြစ်ပွားမှု သိသိသာသာတိုး မြင့်လာမည်ဟုခန့်မှန်းထားပြီး    အသည်းအဆီဖုံး ရောဂါနှင့် ဆက်နွှယ်သော အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာနှင့်ဆက်စပ်သော သေဆုံးမှုသည် နှစ်ဆမှ   သုံးဆအထိ တိုးလာမည်ဟု   ခန့်မှန်းထား သည်။  ထို့ပြင်  ပြင်းထန်သော  အသည်းအဆီဖုံးရောဂါနှင့်  နှလုံးသွေးကြောကျဉ်းရောဂါ  ဆက်စပ် မှုရှိကြောင်း တွေ့ရှိရသည်။ အသည်းအဆီဖုံးနေသူ တစ်ယောက်သည် သာမာန်လူထက် သွေးချို၊ ဆီးချို ရောဂါဖြစ်နိုင်ခြေ ငါးဆပိုများပြီး နှလုံးသွေးကြောပိတ်ရောဂါ၊  နှလုံးကြွက်သားအားနည်းခြင်းတို့  ပိုဖြစ်ကြောင်း တွေ့ရပါသည်။

အသည်းအဆီဖုံးခြင်းဆိုသည်မှာ

အသည်းဆဲလ်များတွင် အဆီများစုပုံခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် ရိုးရိုးအဆီများသော အသည်း (Steatosis) ဟုခေါ်သည်။ ဤအဆင့်တွင် အသည်းဆဲလ်များ  ရောင်ရမ်းခြင်း မရှိသေးပါ။ အစောပိုင်း အဆင့်တွင် ရောဂါလက္ခဏာ မပြတတ်သောကြောင့် လူအများစုသည်  ၎င်းတို့တွင်  အသည်းအဆီဖုံးနေသည်ကို  သတိမထားမိဘဲရှိတတ်ပါသည်။  အသည်းဆဲလ်များတွင် အဆီများစုပုံလာပြီး နောက်ပိုင်းတွင် ရောင်ရမ်းစေသော Oxidative Stress နှင့် Cytokines များထွက်လာသဖြင့် အသည်းရောင်ရမ်းခြင်း (Hepatitis)နှင့်အတူ အမာရွတ်(Fibrosis)၊ အသည်းခြောက်ခြင်း(Cirrhosis) နှင့် အသည်းပျက်စီးခြင်း (Hepatic Failure) ကို ဖြစ်ပေါ်စေနိုင်သည်။ အသည်း အဆီဖုံးရောဂါမှာ အချိန်ကြာလာသည်နှင့်အမျှ အသည်းကို ထိခိုက်စေနိုင်ပြီး  အသည်း၏လုပ်ငန်း ဆောင်တာများ  ထိခိုက်မှုကိုဖြစ်စေနိုင်သည်။   ထို့ ကြောင့်  နောက်ဆုံး အဆင့်တွင် အသည်းအစားထိုး ကုသရန် (Liver Transplant) လိုအပ်နိုင်သည်။

အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေရှိသူများ

အဝလွန်သူများသည်   အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေအမြင့်ဆုံးဖြစ်သည်။ ကိုယ်လက်လှုပ်ရှားမှု မရှိသော အထိုင်များသူများသည် ကိုယ်ကာယတက် ကြွသူများနှင့်နှိုင်းယှဉ်လျှင်  အသည်းအဆီဖုံးခြင်း ဖြစ်နိုင် ခြေပိုများသည်။ အဝလွန်ခြင်း၊ သွေးချို၊ ဆီးချို ရောဂါနှင့် အသည်းအဆီဖုံးခြင်းတို့ကို အတူတွဲ၍  တွေ့ရတတ်သည်။ အမျိုးအစား(၂) သွေးချို၊ ဆီးချို ရောဂါရှိသူများ၏ ၇၀ ရာခိုင်နှုန်းကျော်တွင် အသည်း အဆီဖုံးခြင်းကို တွေ့နိုင်ပြီး   အသည်းရောင်ခြင်းနှင့် အချိန်တိုအတွင်း   အသည်းခြောက်ရောဂါဖြစ်နိုင်သည်။  အထူးသဖြင့် အဝလွန်သော  အမျိုးအစား (၂) သွေးချို၊ ဆီးချိုရောဂါရှိသူများတွင်    အသည်းခြောက်ရောဂါနှင့် အသည်းကင်ဆာဖြစ်နိုင်ခြေပိုများသည်။

Metabolic   Syndrome ခေါ်  ဇီဝဖြစ်စဉ် လက္ခဏာစုများဖြစ်သည့်   ခါးအရွယ်အစားကြီးမားခြင်း (အမျိုးသားများတွင် ၁၀၂  စင်တီမီတာနှင့် အမျိုးသမီးများတွင် ၈၈ စင်တီမီတာထက်ပိုလျှင်)၊ သွေးတိုးခြင်း (သွေးပေါင်ချိန် ၁၄၀/၉၀ ထက်ပိုလျှင်)၊ သွေးထဲတွင် ဂလူးကို့စ်ပုံမှန်ထက်များခြင်း သို့မဟုတ် အမျိုးအစား (၂) သွေးချို၊ ဆီးချိုရောဂါ၊ သွေးထဲတွင် ပုံမှန်မဟုတ်သော အဆီပမာဏများဖြစ်သည့်   ခန္ဓာကိုယ်အတွက် မကောင်းသော    Triglycerides ကိုလက်စထရောမြင့်မားခြင်း၊ ကောင်းသော HDL ကိုလက်စထရော နိမ့်ခြင်းတို့နှင့် ဆက်စပ်မှုရှိကြောင်း သိပ္ပံပညာရှင်များက ဖော်ထုတ်ခဲ့ကြသည်။ ထို့ကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အသည်းအဆီဖုံး ရောဂါကို  ခန္ဓာကိုယ်ဇီဝဖြစ်စဉ် ပြောင်းလဲမှုများကြောင့် ဖြစ်ပေါ်လာ သော အသည်းရောဂါ လက္ခဏာများဟု အစားထိုး အသိအမှတ်ပြုရန် အဆိုပြုခဲ့သည်။

 အိပ်ပျော်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်၍  အသက်ရှူရပ်တန့်သောရောဂါ (Sleep  Apnoea)၊ သိုင်းရွိုက်ဟော်မုန်း နည်းလွန်းခြင်းကြောင့် ဖြစ်သောရောဂါ (Hypothyroidism)၊ အကြိုသွေးချို၊ ဆီးချို ရောဂါ(Prediabetes)၊ သားဥအိမ်တွင် အရည်အိတ်တည်သောရောဂါ၊ မိဘဆွေမျိုးများတွင် အသည်း အဆီဖုံး ရောဂါကြောင့် အသည်းခြောက်သူများ၊ HIV ရောဂါရှိသူများ၊  အရက်သောက်သူများ၊  အချိုနှင့် အဆီများသော    အစားအသောက်ကြိုက်သူများ၊ အသည်းအဆိပ်သင့်စေတတ်သော ဆေးများနှင့် ထိတွေ့မှုရှိသူများ (အချို့သောကင်ဆာရောဂါကုသသော ဆေးများ၊ အက်စပရင်နှင့် တချို့သော အကိုက် အခဲပျောက် ဆေးများ)သည် အသည်းအဆီဖုံးရောဂါ ဖြစ်နိုင်ခြေများသည်။

အသည်းအဆီဖုံးရောဂါလက္ခဏာများ

အသည်းအဆီဖုံးရောဂါရှိသူအများစုတွင်  ရောဂါလက္ခဏာအနည်းငယ်  သို့မဟုတ်  လုံးဝမရှိသဖြင့် ၎င်းကို   အသံတိတ်ရောဂါဖြစ်သည်ဟု   National Institutes of Health က ထုတ်ပြန်ခဲ့သည်။ ရံဖန်ရံခါတွင် ရောဂါလက္ခဏာ ရှိသူများသည် ပင်ပန်းနွမ်းနယ်ခြင်း သို့မဟုတ် ဝမ်းဗိုက်အပေါ်ပိုင်းညာဘက်ခြမ်းတွင် မအီမသာဖြစ်ခြင်း၊ ဝမ်းဗိုက်ပြည့်ခြင်း၊ နာကျင်ခြင်း သို့မဟုတ် ယားယံခြင်းတို့ ဖြစ်နိုင်သည်။ အချို့ လူနာများတွင်  ရောဂါလက္ခဏာမပြဘဲ  အသည်းအင်ဇိုင်းများမြင့်မားခြင်း သို့မဟုတ် အသည်းအဆီဖုံး ခြင်း၏ အထောက်အထားများကို   စမ်းသပ်မှုတွင် မတော်တဆတွေ့ရှိခြင်းတို့ကို    မကြာခဏတွေ့ရ သည်။

အသည်းအဆီများလာလျှင် အသည်းကလာပ်စည်းများ ပျက်စီးသွား၍ သွေးဖြူဥများစုဝေးလာပြီး အသည်းရောင်လာစေပါသည်။ တစ်ခါတစ်ရံ အသား ဝါလာတတ်ပြီး ကြာလျှင် အသည်းတွင်အမာရွတ်များ ပြည့်လာ၍ အသည်းမာလာတတ်သည်။ နောက်ဆုံး အသည်းခြောက်လျှင်  ရေဖျဉ်းစွဲ၍  ဝမ်းဗိုက်ပူလာ သည်။  အချို့လူနာများတွင်  အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်းမှ   အသည်းခြောက်သည်အထိ ရှည်လျားသော  ဆင့်ကဲဖြစ်စဉ်ကို   တွေ့ရှိနိုင်သော်လည်း အချို့မှာ အချိန်တိုအတွင်း အသည်းခြောက် ခြင်းမှ အသည်း ကင်ဆာအထိ လျင်မြန်စွာဖြစ်သွား တတ်သည်။ အဓိကအားဖြင့် နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊ ကင်ဆာနှင့်နောက်ဆုံးအဆင့် အသည်းရောဂါ တို့ကြောင့် သေဆုံးနိုင်ခြေပိုများသည်။ အသည်းအဆီ ဖုံးခြင်း၏ နောက်ဆက်တွဲရောဂါများနှင့် နှလုံးသွေး ကြောဆိုင်ရာရောဂါ၊  သွေးချို၊ ဆီးချိုရောဂါရှိသူများ သည် အထူးကုဆရာဝန်များနှင့် ပုံမှန်ပြသကုသမှုခံယူ သင့်သည်။

အသည်းအဆီဖုံးရောဂါဖြစ်စေသောအစားအစာများ

ကယ်လိုရီများသော  အစားအစာများ၊  ကာဗိုဟိုက်ဒရိတ်များ အလွန်အကျွံစားသုံးခြင်း   (အထူးသဖြင့် သန့်စင်ထားသော ကာဗိုဟိုက်ဒရိတ်)၊ အဆီများ (အထူးသဖြင့် ပြည့်ဝဆီများ)နှင့် အသားများမှရ သော  ပရိုတင်းဓာတ်များသည်  အဝလွန်ခြင်းနှင့် အသည်းအဆီဖုံးရောဂါဖြစ်စေနိုင်သည်။    ထို့ပြင် သကြားပါသည့်   အဖျော်ယမကာများနှင့်  အသား များစားသုံးမှုသည်    အသည်းအဆီဖုံးရောဂါနှင့် ဆက်စပ်မှုရှိကြောင်း သိရသည်။

အသည်းအဆီဖုံးရောဂါရှာဖွေနိုင်သည့်နည်းလမ်းများ

 အသည်းအဆီဖုံးခြင်း ရှိ၊ မရှိကို တယ်လီဗီးရှင်းဓာတ်မှန် (Ultrasound )၊ ကွန်ပျူတာဓာတ်မှန်(CT scan)၊ သံလိုက်ဓာတ်မှန်(MRI)၊ အသည်းမာကျောမှု စစ်ဆေးတိုင်းတာသည့်စက် (Fibroscan ) တို့ဖြင့် ရှာဖွေ နိုင်ပါသည်။  အသည်းရောင်လျှင်  သွေးတွင်းအသည်းအင်ဇိုင်းဓာတ် ALTနှင့် AST များ မြင့်နေတတ်ပါသည်။ အသည်းကိုအသားစယူကြည့်ခြင်းဖြင့် အသည်းအဆီဖုံးခြင်း၊ အသည်းရောင်ခြင်း၊ အသည်း ခြောက်ခြင်းတို့ကို ဖော်ထုတ်နိုင်ပါသည်။

အမေရိကန်နိုင်ငံနှင့်   ဥရောပအသည်းရောဂါ ပညာရှင်များအဖွဲ့တို့က  အဝလွန်ရောဂါရှိသူများ၊ ဇီဝဖြစ်စဉ် လက္ခဏာစုများရှိသူ  Metabolic  Syndrome လူနာများ၊  သွေးချို၊ ဆီးချိုရောဂါရှိသူများတွင် အသည်းအဆီဖုံးခြင်း ရှိ၊ မရှိကို  စစ်ဆေးရန် အကြံပြုထားသည်။ အမေရိကန်နိုင်ငံ ဟော်မုန်းဆိုင် ရာအသင်းနှင့်  အမေရိကန်  သွေးချို၊ ဆီးချိုရောဂါ အသင်းတို့က သွေးချို၊ ဆီးချိုရောဂါဝေဒနာရှင်များတွင် အသည်း အဆီဖုံးခြင်းနှင့် ပတ်သက်၍ အသည်းလုပ်ဆောင်ချက်များနှင့် အာထရာဆောင်းကိုစစ်ဆေး ရန်အကြံပြုထားသည်။  အသည်းအဆီဖုံးခြင်း  သို့မဟုတ် အသည်းရောင်ခြင်းအတွက် သံသယဖြစ်ဖွယ် အညွှန်းကိန်းမြင့်သူများကို အသည်းအမာရွတ်နှင့် အသည်းခြောက်ခြင်းဖြစ်နိုင်ခြေကိုသိရှိရန် Fibro-scan သို့မဟုတ် Transient  Elastography(TE) အသုံးပြု၍ စစ်ဆေးရန်အကြံပြုထားသည်။ အသည်း အမာရွတ်ရှိ လူနာများ သို့မဟုတ် အသည်းခြောက်သူများကို အသည်းကင်ဆာနှင့် အခြားအသည်းရောဂါများကို ရှာဖွေရန်  အသည်းအသားစ  (Biopsy) စစ်ဆေးရန်လိုအပ်ပါသည်။

အသည်းအဆီဖုံးရောဂါကုသနိုင်သောနည်းလမ်းများ

အစားအသောက်နှင့် လူနေမှုပုံစံကိုပြုပြင်ပြောင်းလဲခြင်းဖြင့်   ကိုယ်အလေးချိန်  လျှော့ချခြင်းသည် ထိရောက်သောကုသမှု တစ်ခုဖြစ်ပြီး အသည်းအဆီဖုံး ရောဂါလူနာများ၏  ၉၀ ရာခိုင်နှုန်းကို သက်သာစေ သည်။  အစားအသောက်နှင့် လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်အလေးချိန်  ၁၀  ရာခိုင်နှုန်း သို့မဟုတ် ထို့ထက်ပို၍ လျှော့ချခြင်းသည်  အသည်းအဆီဖုံး ရောဂါအတွက် အဓိကကုသမှုဖြစ်သည်။  အဝလွန်သူများတွင် အနည်းဆုံး ကိုယ်အလေးချိန်၏ ၅ - ၁၀ ရာခိုင်နှုန်းကို  လျှော့ချနိုင်မှသာ  အသည်းတစ်သျှူးများ  ပြန်လည်ကောင်းမွန်ပြီး  နှလုံးကျန်းမာရေးကို မြှင့်တင်နိုင်မည်။

စားသောက်မှုပုံစံပြုပြင်ပြောင်းလဲခြင်း (ဥပမာ-အချိန်အပိုင်းအခြားအလိုက်  အစာရှောင်ခြင်း၊ ကယ်လိုရီလျှော့ချ စားသုံးခြင်း၊   Mediterranean diet ကဲ့သို့ ကာဗိုဟိုက်ဒရိတ်နှင့် ပြည့်ဝဆီလျှော့ချ ပြီး မပြည့်ဝဆီများနှင့် အမျှင်ဓာတ်များသော အစားအစာများကို စားသောက်ခြင်း)သည် အသည်းအဆီဖုံးရောဂါကို သက်သာစေသည့်အပြင် နှလုံးသွေးကြော ဆိုင်ရာရောဂါများအတွက်  အကျိုးကျေးဇူးများကို ဖြစ်စေသည်။ သုတေသနပြုမှုများအရ အချို့သော မျိုးရိုးဗီဇကြောင့်ဖြစ်သော  အသည်းအဆီဖုံးလူနာများတွင် အစားအသောက်ပြုပြင်ပြောင်းလဲခြင်း၏ အကျိုးကျေးဇူးများကို တွေ့ရှိရသည်။ အစားအသောက် ပြုပြင်မွမ်းမံမှုများသည်    လူနာတစ်ဦးချင်းစီ၏ ယဉ်ကျေးမှုဓလေ့ထုံးစံ၊   ထိုသူတို့၏ဆန္ဒ၊  ကိုယ်တိုင် နှစ်ခြိုက်မှုများနှင့်   အံဝင်ခွင်ကျဖြစ်မှသာ   ရေရှည် လိုက်နာမှုကိုရရှိစေနိုင်သည်။

အသည်းအဆီဖုံးရောဂါ သက်သာစေရန် ကစီနှင့်အချိုဓာတ်များ၊ ဆီကြော်များ၊ ကယ်လိုရီများသော ပြုပြင်ထားသည့် အစားအစာများနှင့် အလွယ်တကူဝယ်ယူရရှိနိုင်သော  Fast  Food၊   Junk  Food စသည်တို့ကို ရှောင်ခြင်း၊ သကြားပါသော အချိုရည်များသောက်ခြင်း၊ ဆေးလိပ်နှင့်အရက်သောက်ခြင်းတို့ကို ရှောင်ကြဉ်ခြင်း၊ ဟင်းသီးဟင်းရွက်နှင့် အမျှင်ဓာတ်များသော အစားအစာများကို ပိုမိုစားသောက်ခြင်းတို့ကို ပြုလုပ်သင့်သည်။ အသည်းခြောက်ရောဂါရှိသူများသည်  အရက်သောက်ခြင်းကို  လုံးဝရှောင်ကြဉ်သင့်သည်။

လေ့ကျင့်ခန်းလုပ်ခြင်းသည်  အသည်းတွင်အဆီ များစုဝေးခြင်းကိုလျော့ကျစေသဖြင့်  အသည်းဆဲလ် များပျက်စီးခြင်းမှ ကာကွယ်ပေးပြီး   အဆီဖုံးခြင်းကို လျှော့ချနိုင်သည်။   ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် အသည်းအဆီဖုံးရောဂါ၊ နှလုံးသွေး ကြောဆိုင်ရာရောဂါများ၊ သွေးချို၊ ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဖြစ်စေသော အန္တရာယ်များကိုလျှော့ချ နိုင်သည်။   အသည်းအဆီဖုံးခြင်းလျော့ကျစေရန် တစ်ပတ်ကို  အနည်းဆုံး ငါးကြိမ်  (တစ်ပတ်လျှင်  စုစုပေါင်း  မိနစ် ၁၅၀)  ပုံမှန်လေ့ကျင့်ခန်းလုပ်ရန်  လိုအပ်ပြီး အသည်းဆဲလ်များ ရောင်ရမ်းခြင်း သက်သာစေရန်   ပိုမိုပြင်းထန်သော  လေ့ကျင့်ခန်းလိုအပ်ပါသည်။ အသည်းခြောက်သူများတွင် လေ့ကျင့်ခန်းနှင့်အတူ အစားအသောက်ပုံစံပြုပြင်ပြောင်းလဲခြင်း ဖြင့် အကျိုးကျေးဇူးများသည်ကို တွေ့ရှိရသည်။

အမေရိကန် အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ ကုသမှုအသင်း၊ အမေရိကန်နိုင်ငံ အသည်းရောဂါ လေ့လာသူများ အသင်းနှင့် အမေရိကန်ကောလိပ် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ပညာရှင်များ အားလုံးသည် ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ် ခြင်းကို  အသည်းအဆီဖုံးရောဂါအတွက်  ကုသမှု နည်းလမ်းတစ်ခုအဖြစ် အကြံပြုထားသည်။

အချို့သောအသည်းအဆီဖုံးလူနာများတွင် အစားအသောက်နှင့်  လူနေမှုပုံစံပြုပြင်ပြောင်းလဲခြင်းတို့ဖြင့်  လုံလောက်သောကိုယ်အလေးချိန်လျော့ကျမှု မရှိသောအခါ ကိုယ်အလေးချိန်လျော့ကျစေသည့် ဆေးများဖြင့်  တွဲဖက်ကုသရန်စဉ်းစားသင့်ကြောင်းညွှန်ကြားထားပါသည်။

အသည်းအဆီဖုံးလူနာများတွင် Antioxidant တစ်ခုဖြစ်သော ဗီတာမင်အီးကို တစ်ရက်လျှင် ၈၀၀ IU စားသောက်ခြင်းဖြင့် ကုသမှုသည် အကျိုးရှိနိုင်ကြောင်း သုတေသနများတွင်တွေ့ရသည်။ ကော်ဖီသည် အသည်းဆဲလ်များအတွင်း အဆီများစုဝေးခြင်း ကို တားဆီးပေးသည့်အပြင် ရောင်ရမ်းမှုကို လျော့ကျစေသဖြင့် အသည်းအဆီဖုံးခြင်းနှင့်  အသည်းအမာရွတ်ဖြစ်ခြင်းကို  လျှော့ချစေနိုင်ကြောင်း   သိရှိရပါ သည်။

ကဖိန်းဓာတ်ပါဝင်မှုမရှိသော  ကော်ဖီသောက်သုံးခြင်းသည်ပင် အကျိုးရှိနိုင်ကြောင်း အကြံပြုထားသည်။  အသည်းအဆီဖုံးလူနာများတွင်   Statins     နှင့်   Fibrates ကဲ့သို့သော သွေးတွင်းအဆီကျဆေး များ၊ အိုမီဂါ-၃ ငါးကြီးဆီဖြည့်စွက် သောက်သုံးခြင်းဖြင့်   နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း တွေ့ရသည်။

အမျိုးအစား(၂) သွေးချို၊ ဆီးချိုရောဂါ၊ အကြို သွေးချို၊ ဆီးချိုရောဂါနှင့်   အသည်းအဆီဖုံးရောဂါ ရှိသူများတွင် သွေးချို၊ ဆီးချိုကို သတ်မှတ်ထားသည့် စံနှုန်းအတိုင်းရှိစေရန် ထိန်းထားရမည်။ အချို့သော ဆီးချိုဆေးများ (Metformin၊   Pioglitazone၊ DPP4 Inhibitors၊ GLP-1 receptor  agonist၊ SGLT2 Inhibitor)  သည်  သွေးတွင်းဂလူးကို့စ်ကို ထိန်းပေးသည့်အပြင် အသည်းအဆီဖုံးလျော့ကျစေ နိုင်ပြီး နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေကို လျှော့ချ ပေးနိုင်သည်။

Bariatric Surgery သည် အစာအိမ်နှင့်အူလမ်းကြောင်းကို   ခွဲစိတ်ပြုပြင်ခြင်းဖြင့်  အစာစားသုံးမှု လျော့နည်းစေရန် ပြုလုပ်ခြင်း ဖြစ်ပါသည်။   ထိုနည်းလမ်းသည်  ကိုယ်အလေးချိန်လျှော့ချခြင်းအတွက် ထိရောက်သော  ကုထုံးဖြစ်သဖြင့်  အသည်းအဆီဖုံးခြင်းကြောင့်  အသည်းရောင်သော  လူနာများတွင် အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး နှလုံးသွေးကြောဆိုင်ရာရောဂါများနှင့် ကင်ဆာရောဂါ များဖြင့် သေဆုံးနှုန်းကို လျော့နည်းစေသည်။

အသည်းအဆီဖုံးရောဂါကာကွယ်နိုင်သောနည်းလမ်းများ

အသည်းအဆီဖုံးရောဂါဖြစ်ပွားမှု လျော့နည်းစေရန်နှင့် စောစီးစွာ ရောဂါရှာဖွေကုသနိုင်ရန် ဖြစ်နိုင်ခြေ မြင့်မားသူများကို စစ်ဆေးပြီး  အစားအသောက်နှင့် လူနေမှုဘဝပုံစံပြောင်းလဲခြင်းတို့ဖြင့် အသည်း ခြောက်ခြင်းနှင့် အသည်းကင်ဆာရောဂါ လက္ခဏာများ ခံစားရခြင်းမှ တားဆီးကာကွယ်နိုင်ပါသည်။ လူနာများ၊ ပြုစုစောင့်ရှောက်သူများနှင့် ကျန်းမာရေးဝန်ထမ်း များအား ကျန်းမာရေးပညာပေးလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်ရန်လိုအပ်သည်။ သံသယရှိသောလူနာ များတွင်  ဝမ်းဗိုက်ကို  တယ်လီဗီးရှင်းဓာတ်မှန်ဖြင့် ပုံရိပ်ဖော်စစ်ဆေးမှုသည် လက်တွေ့အသုံးဝင်သော စမ်းသပ်စစ်ဆေးမှုဖြစ်သည်။ အသည်းအဆီဖုံးခြင်း၏ နောက်ဆက်တွဲရောဂါများဖြစ်သော အသည်းခြောက်ခြင်း၊ အသည်းကင်ဆာနှင့်   နှလုံးသွေးကြောဆိုင်ရာ ရောဂါများကိုကာကွယ်ရန် အဝလွန်သူများ၊ သွေးတိုး ရောဂါရှိသူများ၊ သွေးထဲတွင်အဆီများသူများ၊ အကြို သွေးချို၊  ဆီးချိုရောဂါနှင့် အမျိုးအစား(၂) သွေးချို၊ ဆီးချိုရောဂါရှိသူများတွင် စောစီးစွာရှာဖွေကုသရန် နှင့် တတ်နိုင်သမျှ လေ့ကျင့်ခန်းလုပ်ရန်၊ ကိုယ်အလေး ချိန် ထိန်းသိမ်းရန် တိုက်တွန်းလိုပါသည်။

ဒေါက်တာသိင်္ဂီကျော်