အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

ငိုရကောင်းမှန်းမသိကြ။ သွပ်မိုးသွပ်ကာတန်းလျားလေးမှ ကွပ်ပျစ်ပေါ်တွင် အဝတ်စုတ်တွေနှင့်ရစ်ပတ် ထားသော   သစ်သားခေါင်းအုံးလေးတွေရှိသော ထွေးခင်တို့ ညီအစ်မတစ်တွေ အိပ်ခဲ့သည့်နေရာ။

ခေါင်းအုံးဘေးတွင် စီလျက်တင်ထားသော စောင်းလျားသီးသုံးလုံးကိုတွေ့ရသော အောင်သည် စောင်း လျားသီးတစ်လုံးကို   အသာကောက်ယူလိုက်ရင်း အသက်ရှူတာနှေးသွားသည်။

ယူရဘူး၊ ဒါ မမကြီး အုပ်ကြာတေ...

အငယ်ဆုံးမလေးက မပီကလာ ပီကလာနှင့်ပြော တော့ အောင်သည် မျက်ရည်တွေကျလာလျက်..

ငါသိပါတယ် ညီမလေးရယ်

ခပ်စောစောက  အောင့်ရင်ထဲတွင်  ထိန်းထားခဲ့သော ရှိုက်သံတို့သည် လှိုက်၍လှိုက်၍ထွက်လာပြီး ထိုဂိုဒေါင်အခန်းလေးထဲမှ ပြေးထွက်လာမိသည်။

စောင်းလျားပင်ရိပ်အောက် မြေပေါ်တွင် ပြေးနင်း လာသော ခြေသံနှင့်အတူ ရှိုက်သံတို့သည် ပျံ့လွင့်လာ လေသည်။ ကစားကွင်းတွင် ပုတ်နေသော ဘောလုံး သံနှင့်အတူ ထွေးခင်၏ အော်ဟစ်ရယ်မောသံလေး သည် အောင့်နားထဲ မထင်မှတ်ဘဲဝင်လာလေသည်။

ပွဲတွေထဲကလို ထွေးခင်သည် ဥစ္စာစောင့်ဖြစ်ပြီး ကိုယ်ထင်ပြရင် သိပ်ကောင်းမှာပဲ မျှော်လင့်မိသေး သည်။

ဒါပေမဲ့ ဘယ်ဖြစ်နိုင်မှာလဲ။ သည်နေ့ ထွေးခင်အလောင်း မြေကျသောနေ့ပေပဲ။ ဥစ္စာချို့တဲ့လွန်း၍ ထုံထိုင်းသွားသော ဘဝ၊ ကိုယ့်ဝမ်းဗိုက်ကိုသာ ဂရုမူ နေသော နိမ့်ကျလှသည့် လူသားတို့အခြေအနေ ရှင် လျက်နဲ့သေခဲ့သောဘဝ။

အခန်း(၇)

တကယ်တော့ ထွေးခင်က ဝဋ်ကျွတ်သွားတာပဲ၊ ဒီလိုလူဖြစ်ရှုံးတဲ့ဘဝထက်စာရင် သေရတာက မြတ်ဦး မယ်လို့ ငါစိတ်ဖြေတယ်၊ ဒါပေမဲ့ ငါ့မျက်စိထဲ ထွေးခင် ကို မြင်နေတာပဲ၊ အချိန်တော်တော်ကြာထိ ဖျောက် လို့မရဘူး၊ လေး၊  ငါးလအထိ ထွေးခင်ကို  အိပ်မက် ချည်းပဲ မက်နေတာပဲ

သူ ဥစ္စာစောင့်ဖြစ်မယ်လို့ စိတ်ကစွဲနေလို့လား မသိဘူး၊ ဆံပင်အရှည်ကြီး ဖားလျားချပြီး စောင်းလျား ပင်အောက်တွေမှာ ပြေးကစားနေတာပဲ၊ ငါ့အိပ်မက် ထဲမှာ သူ့ကိုလိုက်ခေါ်တာ သူက လှည့်တောင်မကြည့် ဘူးတဲ့၊ ငါ သိပ်ဝမ်းနည်းတာပဲ၊ အိပ်မက်ထဲမှာ ငါ ငိုတာပေါ့

အောင့်ခေါင်းသည်  စိုက်ကျသွားသည်။  မြေပေါ် ခြစ်နေသော သူ့တုတ်တံလေး၏ လှုပ်ရှားမှုသည် နှေးသွားသည်။ ခေါင်းငုံ့နေသဖြင့် သူ့မျက်နှာကို ချောစု မမြင်ရသော်လည်း  အောင့်ကိုယ်က  လှုပ်နေသဖြင့် အောင်  ငိုနေပြီဆိုတာ ချောစုသိလေသည်။  အောင့် လက်မောင်းအိုးကိုသာ လှမ်းကိုင်လိုက်သည်။ ဘာပြော ရမှန်းမသိ။

စိတ်နှင့်ဒဏ်ရာ အကြိမ်ကြိမ်ရသူ၊ စိတ်ထိခိုက်လွယ်သူ၊ စိတ်ခံစားမှုအာရုံ၌ စူးရှနက်ရှိုင်းစွာ ထိလွယ်သူမို့ ကြင်နာသနားလျက် ငေး၍သာ ကြည့်နေမိသည်။ ချောစု၏ရင်ထဲ၌ အောင်...အောင်ဟုသာ ရှိုက် ညည်းတမ်းတမိလိုက်သည်။

အဆောင်သို့ ပြန်ရောက်ကြသည်အထိ စကားက မပြတ်။ စကားအချီအချပြောကြတာထက် အောင်က အပြောသမား ချောစုက နားထောင်သမား။ သည်လို ပင် အောင့်ရင်ထဲတွင် ပြောစရာစကားတွေ ပြည့်နေ တတ်သည်။

တစ်ခါတုန်းက အောင်က ပြောစရာစကားတွေ များလွန်းလို့ တစ်ခါတလေများ နားထောင်မယ့်လူမရှိ ရင် တစ်ယောက်တည်း ပြောနေရတယ်။ ငယ်ငယ် တုန်းကဆိုရင်   အိမ်တိုင်တွေ၊   ကျောက်တိုင်တွေကို   အဖော်သူငယ်ချင်းလုပ်ပြီး စကားပြောရတာ သိပ်အရသာရှိတာပဲပြောရင်း အောင်သည်  သူ့ဘာသာသူ သဘောကျသလိုရယ်မောနေတတ်သည်။

ကိုလတ်တို့၊ ကိုအောင်တို့ရှေ့ မျက်ရည်ကျခဲ့သော အောင်သည် ထိုညနေက တစ်ညနေလုံး၊ တစ်ညလုံး စကားတွေပြောနေခဲ့သည်။

အောင်သည် အိပ်ရာခုတင်ထက်တွင် ပက်လက် အိပ်ကာ ခြင်ထောင်အမိုးကို အမှတ်မထင်စိုက်ငေးနေ သည်။ ဖန်ပြာခံခွက်ကို စားပွဲပေါ်တင်လျက် ဒူးယား စီးကရက်တစ်လိပ်ကို ဟန်ကြီးပန်ကြီးနှင့် ရှိုက်ဖွာနေသည်။

ငါမျက်စိနောက်လိုက်တာဟယ်၊ မသောက်စမ်းပါနဲ့

ချောစုက မာန်မဲကာပြောလည်း အောင်က ရယ် မောလျက်...

တစ်ခါတလေသောက်တာပဲဟယ်  ဘာဖြစ်သလဲ၊ ဆေးလိပ်က တွေးတဲ့အခါ သိပ်သောက်လို့ကောင်း တာပဲ၊ ဘာမှတ်သလဲ

သွားစမ်းပါဟာ၊  နင်နဲ့စီးကရက်  လုံးလုံးကို ကြည့်လို့မရဘူး၊ ၁၀ နှစ်အရွယ်ကလေးလေး ခေါင်း ပေါင်းပေါင်းထားတာနဲ့ သိပ်တူတာပဲ

ထိုတဒင်္ဂဟန်မျှ  အောင်သည်  အတွေးတွေနှင့် နှုတ်ခွန်းဆိတ်သွားသည်။

ဆက်လက်ဖော်ပြပါမည်။