MFF AYA  Pay Futsal League(1) ပြိုင်ပွဲတွင် ချန်ပီယံဆုကို VUE FC  အသင်းဆွတ်ခူး

 

MFF AYA  Pay Futsal League(1) ပြိုင်ပွဲတွင် ချန်ပီယံဆုကို VUE FC  အသင်းဆွတ်ခူး

ရန်ကုန်  မတ်  ၁၅

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနိုင်ငံ ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီက ကြီးမှူးကျင်းပသည့်  MFF AYA  Pay Futsal League(1) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲအခမ်း အနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ MFF Futsal Stadium ၌ကျင်းပခဲ့ရာ ချန်ပီယံဆုကို   VUC   FC အသင်းက ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

MFF AYA  Pay Futsal League(1) ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် VUC   FC အသင်းနှင့် MIU FC အသင်းတို့ကစားခဲ့ရာ VUC  FC အသင်းက MIU FC အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ MFF AYA Pay Futsal League(1) ပြိုင်ပွဲများကို ကိုင်တွယ်ခဲ့သော  ဒိုင်လူကြီးများအား   ဒိုင်ကော်မတီဥက္ကဋ္ဌ ဦးထွန်းလှအောင်က အမှတ်တရဆုတံဆိပ်များ ပေးခဲ့ပြီး ပြိုင်ပွဲတွင်  အသန့်ရှင်းဆုံး အသင်းဆုရရှိသော Futsal Chit Thu FC  အသင်းကို မြန်မာ နိုင်ငံဘောလုံး အဖွဲ့ချုပ် ဖူဆယ်နှင့် သဲသောင်ပြင်ကော်မတီဥက္ကဋ္ဌ ဒေါက်တာရဲမွန်ထွဋ်က အမှတ်တရဆုနှင့် ဆုကြေးငွေကျပ်ငါးသိန်းကို ချီးမြှင့်ခဲ့သည်။

ယင်းနောက်   ပြိုင်ပွဲ၏အကောင်းဆုံး ဂိုးသမားဆုရရှိခဲ့သော MIU FC အသင်းမှ ညီညီသန့်ကို  Rhino Sportwear Myanmar မှ အထွေထွေမန်နေဂျာ ဦးလှထွန်းကျော်က အမှတ်တရဆုနှင့်ဆုကြေးငွေကျပ် သုံးသိန်းကိုလည်းကောင်း၊ အကောင်းဆုံးကစားသမားဆုရရှိသော VUC FC အသင်းမှ မျိုးမြင့်စိုးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အမှတ်တရဆုနှင့်ဆုကြေးငွေကျပ် သုံးသိန်းကို လည်းကောင်း၊ စတုတ္ထဆုရရှိသော Winner Soccer FC အသင်းကို Max Energy မှ ဒါရိုက်တာဒေါ်ခင်ပြည့်စုံဦးက ဆုကြေးငွေကျပ် ၁၀ သိန်းကိုလည်းကောင်း အသီးသီးပေးအပ်သည်။

ထို့နောက် ပြိုင်ပွဲ၏ တတိယဆုရရှိသော Generation FC အသင်းကို ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဦးမျိုးမြင့်အောင်က တစ်ဦးချင်းဆုတံဆိပ်များကိုလည်းကောင်း၊ ဆုကြေးငွေကျပ်သိန်း ၃၀ ကို ရန်ကုန် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးကလည်းကောင်း၊  ဒုတိယဆုရရှိသော MIU FC အသင်းကို ရန်ကုန်တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးဌေးအောင်က တစ်ဦးချင်းဆုတံဆိပ်များကို ချီးမြှင့်ခဲ့ပြီး ဆုကြေးငွေကျပ်သိန်း ၅၀ ကို AYA Pay မှ Deputy CEO ဦးမြတ်မင်း ထင်ကျော်ကလည်းကောင်း    ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက်  ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သည့် VUC  FC အသင်းကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က တစ်ဦးချင်းဆုများနှင့် ဆုကြေးငွေကျပ်သိန်း ၁၀၀  ကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ချန်ပီယံဆုဖလားအား   ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။                       

စည်သူအောင်