မှော်ဘီမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

မှော်ဘီမြို့နယ်နှင့် မဟာအောင်မြေမြို့နယ်တို့ရှိ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၆

          ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တလိုင်းကုန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေး အဖွဲ့က အဆိုပါကျေးရွာရှိ တလိုင်းကုန်း ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုး အကြောရောဂါ၊ ကလေးရောဂါ၊  အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၃၇ ပါးနှင့် ဒေသခံပြည်သူ ၉၁ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေး ခြင်းများ ဆောင်ရွက်ပေးသည်။

          အလားတူ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ်ကွက်၊ မဟာဝိဇယကျောင်းတိုက်ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများအား ယနေ့ နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါ ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။

          ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ဖျားနာရောဂါ၊ ခွဲစိတ် ကုသမှုဆိုင်ရောဂါ၊ အရိုးအကြောရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၉၈ ပါးနှင့် ဒေသခံပြည်သူ ၃၈ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေပေးခြင်းနှင့် ဆီးချို၊သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန် လိုအပ်သူများအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။