အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ဆေးလိပ်ပြာခေါင်း   ရှည်လာတာကို ပြာခံခွက်ထဲ ခြွေချလိုက်ရင်း..

“ငါ့မောင်လေးကလေ ခေါင်းပေါင်းသိပ်သဘောကျတာပဲ၊ တို့အိမ်မှာ ခြကိုက်ထားတဲ့ ဖေဖေ့ခေါင်းပေါင်း တွေ မှန်သရွေ့ သူပဲ ကောက်ကောက်ဆောင်းတာ၊ သူ့ခေါင်းလေးက သေးသေး၊ ခေါင်းပေါင်းက ကြီးကြီးနဲ့ ဆောင်းလိုက်ရင် နဖူးပေါ်ရောက်နေရော၊ အဲဒီတုန်း  က သူခုနစ်နှစ်သားပဲရှိသေးတယ်။

“ခေါင်းပေါင်းကြီး မတန်တဆဆောင်းပြီး တစ်အိမ်လုံး နေရာအနှံ့   တောက်တောက်တောက်တောက်နဲ့ လျှောက်သွားနေတာ သိပ်ချစ်ဖို့ကောင်းတာပဲ၊ ငါတို့က သူ့ကို   ချစ်စနိုးနဲ့  ပုတက်လေးလို့ခေါ်တယ်၊  ငါက သူ့ကိုနမ်းရင် အဲဒီအချိန်ဆိုရင်  သိပ်စိတ်ဆိုးတာပဲ၊ သူ့ခေါင်းပေါင်းကို ချွတ်ယူပြီးစလိုက်ရင် ရှိသမျှပစ္စည်းတွေနဲ့ အကုန်လျှောက်ပစ်တာပဲ။ ငါကလည်း အစသန်သန်နဲ့ ခဏခဏ စိတ်ဆိုးရတယ်”

ညဦးလေပြည်သည်    ခုန်ပေါက်ပြေးလွှားကာ ပြတင်းပေါက်ကို ဖြတ်ကျော်ဝင်လာရာ အောင့် နဖူး ပေါ်မှ ဆံစတို့သည် အတည်မကျ ရွေ့လျားနေကြသည်။   ညအရိပ်နှင့် မည်းနေသော     ဝါးရုံပင်နှင့် မြရာပင်တို့သည်လည်း လေတွင် ယိမ်းနွဲ့လှုပ်ရှားနေ ကြလေသည်။

စီးကရက်ပြာမှုန်များပါ လွင့်လာသဖြင့် အောင် သည် ဆေးလိပ်ပြာခံခွက်ထဲ စီးကရက်ကို ထိုးခြေလျက် ထိုင်ရာမှထကာ ချောစုမှတ်စုထိုင်ကူးနေသော စားပွဲ တွင်လာထိုင်၍ ပုံဆွဲစာရွက်တွေနှင့် ပန်းချီဆေးခဲတံ ကို စားပွဲပေါ်တင်လိုက်လေသည်။

“အဲဒီနှစ်က  တစ်နှစ်လုံး ငါကျောင်းပိတ်လို့ အိမ် ပြန်တိုင်း သူ့ကို စလွန်းလို့ ငါနဲ့ဆို လုံးလုံးမတည့်ဘူး၊ ဒါပေမဲ့ ငါမရှိပြန်ရင်လည်း သူမနေတတ်ဘူူးတဲ့၊ ခု သူမရှိတော့လည်း     ငါဒုက္ခဖြစ်ကျန်ရစ်တာပေါ့၊ ထွေးခင်ဆုံးတာနဲ့ တစ်နှစ်ကျော်ကျော် ကွာတယ်၊ ငါ မရူးတာကံကောင်း”

အောင်သည် ဗြုန်းဆို ထိုင်ရာမှထပြီး ခုတင်နှစ်လုံး နှင့် စာကြည့်စားပွဲတစ်လုံးထားရာ ဆယ်ပေပတ်လည် အခန်းကျဉ်းလေးထဲမှထွက်ကာ ကွပ်ပျစ်နားက သောက် ရေအိုးရှိရာလာပြီး သောက်ရေ ယူသောက်လိုက်လေသည်။

“ဒီကောင်မလေးက   သောက်ရေအိုးနား   ရေသောက်သလိုလို ဘာလိုလိုနဲ့ ငိုဖို့ထွက်သွားတာပဲ”

ချောစုက စဉ်းစားမိသည်။ သောက်ရေကို စိတ်မပါ တပါနဲ့ ခပ်လိမ့်မယ်၊ ရေကို တစ်ငုံနှစ်ငုံလောက်ပဲ သောက်ပြီး    ကျန်တဲ့ရေတစ်ဝက်ကို   သွန်ပစ်လိမ့်မယ်။ ပြီးတော့ ရေအိုးနား တမေ့တမောထိုင်ပြီး မျက်ရည်နှစ်ပေါက်၊ သုံးပေါက်ထိန်းမရဘဲ ကျလာလိမ့်မယ်။ ထိုမျက်ရည်တွေကို      ကပျာကယာလက်ဖမိုးနှင့် ကလေးလိုသုတ်ပြီး  အခန်းထဲပြန်ဝင်လာမှာ  သေချာသည်။

ချောစုသည် မှတ်စုကူးသော ဖောင်တိန်ကိုချကာ သက်ပြင်းတစ်ချက်ချလိုက်သည်။

“အောင်ရေ...လာဟယ်၊ စိတ်မကောင်းစရာတွေ၊ စိတ်မောစရာတွေ မစဉ်းစားနဲ့တော့ဟာ၊ ဒါတွေအကုန် ပြီးကုန်ပြီ၊   ဒါတွေကို တွေးရမယ့်အချိန်တွေလဲ လွန်ခဲ့ပြီပဲ၊ မတွေးနဲ့တော့ဟယ်၊ တွေးတိုင်း စိတ်မကောင်း စရာအဖြစ်မျိုးတွေဆိုရင်  တစ်ခါတည်း  ကျောခိုင်း လိုက်တော့၊ ငါတော့ စိတ်ညစ်စရာကို ဘယ်တော့မှ ခေါင်းထဲထည့်မထားဘူး}}

“စိတ်မညစ်တတ်တာမဟုတ်ဘူးနော်၊ မညစ်ချင်တာ၊ စိတ်ညစ်တဲ့ဒဏ်ကို မခံနိုင်တာ၊ ဒီလိုမခံနိုင်လို့ ရူးဟဲ့၊ သေဟဲ့ဆိုပြီးလူဖြစ်ရှုံးလဲ မခံနိုင်ဘူး၊ ဘာပဲဖြစ် ဖြစ် အရှုံးထဲကအမြတ်ထွက်အောင်လုပ်ပစ်ချင်တယ်၊ နင်ပြောတာတွေလည်း ငါခံစားမိတယ်၊ စာနာရတာ နဲ့ ငါဖြင့် မောနေတာပဲ၊ တကယ် ရင်မောစရာကြီး၊ ဒါကြောင့် မတွေးနဲ့တော့လို့ ပြောရတာပေါ့”

ချောစုစကားကိုတော့ အောင်က နားထောင်သည်။ စားပွဲပေါ်ပန်းချီဆွဲရင်း     သီချင်းတအေးအေးနှင့် နေပြန်သည်။

အောင်၏ လေချွန်သံသည် သီချင်းအလိုက်အတိုင်း ပီသကြည်မြလှလေသည်။ ယောကျာ်းလေးတစ်ယောက် လေချွန်နေသလို အသံမှာ ပြင်း၍ကျယ်လည်း ကျယ် လာသည်။

“အောင်ရေ...လသာနေတယ်၊ ဂီတာတီးပါလားဟယ်၊ ဟိုဘက်ရှေ့က ခုရောက်လာတဲ့ မမစံတို့ကတောင် အောင်ဂီတာတီးတာ တစ်ခါမှနားမထောင်ဖူးလို့တဲ့၊ ငါ မမစံတို့ကို ခေါ်လိုက်မယ်၊ ပြီးတော့ လက်ဖက်သုပ်ခိုင်းမယ်၊ မကောင်းဘူးလား”

“လက်ဖက်ကြေး အခနဲ့ ဂီတာတီးရမလား”

အောင်က ရွှင်လန်းလာသည်။

“အပျော်ပေါ့ဟယ်၊   ကောင်းရာကောင်းကြောင်း ညာစားကြတာပဲ”

အောင်ကရယ်လျက်...

“ဒီလို ညာစားပေါင်းကလည်း များနေပြီ”

“သူတောင်းစားတောင် သီချင်းဆိုရင် ပိုက်ဆံပေး ရသေးတာပဲ”

“ဂိန့်”

“အောင်သည် အော်ရင်း ချောစုခေါင်းကို ခေါက် လိုက်လေသည်။ ထို့နောက်...

“ငါ့ကို ဂီတာသင်ပေးတာက ကျောင်းက ခရစ်ယာန် ကရင်ဆရာမလေးဟ၊ မြန်မာသီချင်းငါမရဘူး၊ အင်္ဂလိပ် သီချင်းပဲရတယ်၊ ဒါလည်း နည်းနည်းပါးပါးပါပဲ”

“အေးလေ၊ ဘာပဲဖြစ်ဖြစ်ပေါ့”

“တော်ကြာနေ ငါ့ကို အဆောင်က ကောင်မလေးတွေ ဘူးရိုလို့ ထင်နေပါဦးမယ်၊ ဘူးရိုထင်ရင် တော်သေးရဲ့၊ ဘို...ဘို”

အောင်က သူ့စကားကို အစမသတ်တော့ဘဲ ရယ် မောနေသည်။

“မထင်ပါဘူးဟာ၊ သူယောင်မယ်တို့ ပျာကလပ်တို့ ကလွဲရင် ကျန်တာတွေက တို့နဲ့ကြည်သားပဲ”

ဆက်လက်ဖော်ပြပါမည်။