မြိတ်ခရိုင်၏ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းအခြေခံတန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအားပေး

 

မြိတ်ခရိုင်၏ ရေလုပ်ငန်းနှင့် ရေထွက်ပစ္စည်းအခြေခံတန်ဖိုးမြင့်ကုန်ချောထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးအားပေး

 

နေပြည်တော်  မတ်  ၁၆

   စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက  တနင်္သာရီတိုင်း ဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်ရှိ ရေလုပ်ငန်းနှင့်   ရေထွက်ပစ္စည်းများကို တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်နေမှုများ၊ ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများကို    ကွင်းဆင်းကြည့်ရှုအားပေးပြီး လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျွန်းစုမြို့နယ် ပထော်ကျေးရွာရှိ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်   ကုမ္ပဏီလီမိတက်၏ ပုစွန်သားပေါက်စခန်းနှင့် ပုစွန်သားပေါက်များ မွေးကန်များတွင် ရက်သားအလိုက် ပုစွန်သားပေါက် မွေးမြူဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကုမ္ပဏီတာဝန်ရှိသူများကို ပုစွန်သားပေါက်များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းကြရန် နှင့် ငါးပုစွန်များကို ဖမ်းဆီးထုတ်လုပ်ခြင်းထက်  မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးလာရေး အတွက် အသေးစားအငယ်စား မွေးမြူရေး တောင်သူများအား   လက်တွဲခေါ်ယူ ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပထော်ရေလှောင်တမံ အတွင်း ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်ကုမ္ပဏီ လီမိတက်နှင့် မြန်မာဆိုလာပါဝါ ထရေးဒင်း ကုမ္ပဏီလီမိတက်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ၃ ဒသမ ၇၇ မီဂါဝပ်ရေပေါ်ဆိုလာစနစ်လုပ်ငန်း စီမံကိန်း၏ ဆိုလာပြား တပ်ဆင်ဆောင်ရွက်ထားရှိမှုကို   ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါ ရေပေါ်ဆိုလာစနစ် လုပ်ငန်းစီမံကိန်းသည် ပထော်ရေလှောင်တမံ အတွင်း ရေပြင်အကျယ်အဝန်း ၇ ဧကတွင် ဆိုလာအချပ်ရေ စုစုပေါင်း ၆၃၈၄ ချပ် တပ်ဆင် ဆောင်ရွက်ထားရှိပြီး   ဆိုလာစွမ်းအင် ၃ ဒသမ ၇၇ မီဂါဝပ် ထုတ်ပေးနိုင်မည်ဖြစ်ကာ အင်ဗာတာ ၂၅၅ ကီလိုဝပ် ၁၂ လုံးတပ်ဆင်ထားရှိပြီး လာမည့်ဧပြီလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ ပြည့်ဖြိုးထွန်း အင်တာနေရှင်နယ်  ကုမ္ပဏီလီမိတက်၏ အအေးခန်းစက်ရုံနှင့် စက်ရုံအလုပ်ရုံများ၊ မကြာမီတည်ဆောက်မည့် ဆီအုန်းဆီချော စက်ရုံလည်ပတ်ရေးတို့အတွက်   အသုံးပြု သွားမည်ဖြစ်သည့်အပြင် ပထော် ၊ ပထက် ကျွန်းပေါ်ရှိ ဒေသခံပြည်သူများ လျှပ်စစ်မီး အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း သိရသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပထော်ကျွန်းပေါ်ရှိ  ခေတ်မီရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းနှင့် ရက် ၈၀သားရှိ မွေးပုစွန်များ  ကန်ဖော်ဆယ်ယူ၍ အအေးခန်းစက်ရုံသို့ ပို့ဆောင်သည့်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးကြပြီး  လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ခေတ်မီအအေးခန်းစက်ရုံ အတွင်း ရေငန်ပုစွန်များ၊ ကဏန်းပျော့များနှင့် ရေထွက်ကုန်များကို တန်ဖိုးမြင့် ကုန်ချောအဖြစ် ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရန် ဆောင်ရွက်ထားရှိမှု၊ တနင်္သာရီတိုင်းဒေသကြီး   ငါးလုပ်ငန်းအဖွဲ့ချုပ်၏ သုတေသနရန်ပုံငွေဖြင့် မြိတ်နှင့်ကျွန်းစုဒေသတို့တွင်    စီးပွားဖြစ်ကျယ်ပြန့်စွာ မွေးမြူထုတ်လုပ်လျက်ရှိသော ငါးပုစွန်မွေးမြူရေး လုပ်ငန်းများအတွက်    ငါးပုစွန်ရောဂါ စစ်ဆေးနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ငါး ပုစွန်မွေးမြူရေးကန်များ ရေရှည်စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေး ရည်ရွယ် ဆောင်ရွက်ထားရှိသည့် RT-PCR ဓာတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်    ဒေါင်းကူးမော်ကျေးရွာရှိ ကောင်းကောင်းမွေးမြူရေး ကုမ္ပဏီလီမိတက်၏ ကဏန်းပျော့မွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုနှင့် ကတ္တလူကျေးရွာရှိ ပြည့်ဖြိုးထွန်း ကုမ္ပဏီ၏  ခေတ်မီရေငန်ပုစွန်မွေးမြူရေး စီမံကိန်းလုပ်ငန်းများကို ကြည့်ရှုအားပေးကြသည်။

ဆက်လက်၍ စီမံကိန်းရှင်းလင်းဆောင်တွင် ကုမ္ပဏီအသီးသီးမှ တာဝန်ရှိသူများက  ရေငန်ပုစွန်မွေးမြူရေး လုပ်ငန်းများဆောင်ရွက်နေမှုနှင့် ပုစွန်များတိုးချဲ့ မွေးမြူနိုင်ရေးအတွက် ပုစွန်ကန်အသစ်များ တူးဖော်ဆောင် ရွက်နေမှုများကို  ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက   ငါးပုစွန်မွေးမြူ ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်လာရေးအတွက် ဝန်ကြီးဌာန၏ ကူညီဆောင်ရွက်ပေးနေမှု၊ မြေယာများ အသုံးပြုရာတွင် တည်ဆဲမြေယာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး   အလေးထား ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ပြည်ပပို့ကုန်များအတွက် သက်ဆိုင်ရာနိုင်ငံများ၏ စံချိန်စံညွှန်းများကို တိကျစွာလိုက်နာ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

အလားတူ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပရည်ကျွန်းရေပြင်တွင် ဂျင်းခရုမွေးမြူရေး လုပ်ငန်း    ဆောင်ရွက်နေမှု၊ ဆားကျွန်း အရှေ့ရေပြင်တွင် ယူနိုက်တက် (မြိတ်) ကေအမ်ကေကုမ္ပဏီ၏ ကျောက်ငါး၊ ကကတစ်ငါးမွေးမြူရေးဆောင်ရွက်နေမှု၊ မွေးမြူရေးသုတေသန ဦးစီးဌာန၏ ကျောက်ငါးနှင့်   ငါးပါးနီမျိုး သုတေသနငါးများ မွေးမြူဆောင်ရွက်နေမှုများကို  ကြည့်ရှုစစ်ဆေးသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြိတ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌   တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်   လယ်ယာကဏ္ဍဆိုင်ရာ န်ထမ်းများကိုတွေ့ဆုံ၍ ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။