နေပြည်တော် အမျိုးသား ပရဆေးဥယျာဉ်ရှိ ခုတင်-၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊ပြင်ပ လူနာဌာနခွဲတွင် ဆေးကုသခြင်း လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော် အမျိုးသား ပရဆေးဥယျာဉ်ရှိ ခုတင်-၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ၊ပြင်ပ လူနာဌာနခွဲတွင် ဆေးကုသခြင်း လုပ်ငန်းများအား ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  မတ် ၁၆

    မြန်မာ့တိုင်းရင်း ဆေးသမားတော်နေ့ကို   ကြိုဆိုဂုဏ်ပြုသောအားဖြင့်    အကြိုလှုပ်ရှားမှု ဆေးကုသခြင်းကို  ယနေ့တွင်  နေပြည်တော်အမျိုးသား ပရဆေးဥယျာဉ်ရှိ ခုတင်-၁၀၀ဆံ့ တိုင်းရင်းဆေးရုံ၊ ပင်ပလူနာဌာနခွဲတွင် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန     ပြည်ထောင်စုဝန်ကြီး   ပါမောက္ခဒေါက်သက်ခိုင်ဝင်း၊  ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ  တိုင်းရင်းဆေး ဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ    မြန်မာနိုင်ငံ တိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး  လာရောက်ပြသသည့် လူနာများကို တိုင်းရင်းဆေးဝါးများ လက်ဆောင်ဝေငှပေးသည်။

အဆိုပါဆေးကုသခြင်း အစီအစဉ်တွင် တိုင်းရင်းဆေးပညာ ဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး ဦးဆောင်၍ ခုတင်-၁၀၀ဆံ့ တိုင်းရင်းဆေးရုံ၊ နေပြည်တော်မှ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ပါဝင်သော ဆေးကုသရေးအဖွဲ့နှင့် မြန်မာနိုင်ငံတိုင်းရင်းဆေး ကောင်စီ၊ မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာအသင်း(ဗဟို)နှင့်   နေပြည်တော် တိုင်းရင်းဆေးဆရာ အသင်းတို့မှ တိုင်းရင်းဆေး သမားတော်ကြီးများက သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်းရောဂါများ၊ အဆစ်ရောင်၊ အဆစ်နာရောဂါများ၊ ထုံနာကျဉ်နာ၊ လေငန်း၊ လေဖြတ်၊ ပါးရွဲ့ရောဂါများ၊ အာရုံကြောအားနည်းရောဂါများ၊ မီးယပ်ရောဂါများ၊ လိပ်ခေါင်း၊ ဂရင်ဂျီနာနှင့် အနာပေါက်ရောဂါများ၊ ကလေးသူငယ်နာရောဂါများနှင့် အဖျားရောဂါ လူနာများအား ကုသပေးရာ စုစုပေါင်းလူနာဦးရေ ၂၅၀ ဦးကို လိုအပ်သော  ကျန်းမာရေး စောင့်ရှောက်မှုအဖြစ် သောက်ဆေး၊ လိမ်းဆေးပေးခြင်း၊ အကြောပြင်ကုသခြင်း၊ ကျပ်ထုပ်ထိုးကုသခြင်းနှင့် ဆေးစည်း၊ ဆေးကပ်ခြင်း စသည့်ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ  ပျဉ်းမနားမြို့ ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိပြီး  အရေးပေါ်နှင့် ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ခွဲစိတ်ကုသဆောင်၊ အရိုးကုသဆောင်၊  ဓာတ်ခွဲဌာန၊ ဆေးသိုလှောင်ခန်း၊ သားဖွားမီးယပ်ကုသဆောင်၊ ကလေးကုသဆောင်၊ မွေးကင်းစ ကလေးအထူးကြပ်မတ် ကုသဌာန၊ အထွေထွေဆေး ကုသဆောင်တို့သို့ လှည့်လည်ကြည့်ရှု၍ လူနာနှင့်လူနာစောင့်များကို တွေ့ဆုံအားပေးစကား ပြောကြားပြီး အာဟာရစားသောက်ဖွယ်ရာများ ထောက်ပံ့ကာ ဆေးကုသဆောင်အလိုက် လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ ဆေးဘက်ကျွမ်းကျင် ဝန်ထမ်းများနှင့် ကျန်းမာရေးဝန်ထမ်းနှင့် တွေ့ဆုံ၍   ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့်   နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုနှင့် ပံ့ပိုးမှုနှင့်အညီ ကုသရေး လုပ်ငန်းများ      တိုးတက်အောင် အားဖြည့်ဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံတော်ရန်ပုံငွေဖြင့်  လူနာများအတွက် အခြေခံလိုအပ်သော ဆေးဝါးများ၊ အရေးကြီး လိုအပ်သောဆေးဝါးများ   ရရှိနိုင်စေရေး ထောက်ပံ့ပေးခြင်း၊  ဓာတ်ခွဲစစ်ဆေးမှုများ၊ ဓာတ်မှန်လုပ်ငန်းများ တိုးတက်ဆောင်ရွက်ပေးနိုင်ရေး လိုအပ်သည်များ ပံ့ပိုးစီစဉ်ပေးထားကြောင်း မှာကြားပြီး တင်ပြချက်များကို လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် လယ်ဝေးမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ပြင်ပလူနာဌာန၊ ဓာတ်မှန်ဌာန၊ ဓာတ်ခွဲခန်း၊ သွားနှင့်ခံတွင်းပြင်ပလူနာဌာန၊ ကလေးကုသဆောင်၊ သားဖွားမီးယပ်ကုသဆောင်၊   အထွေထွေ ဆေးကုသဆောင်၊ ခွဲစိတ်ကုသဆောင်၊ ဆေးပေးခန်းနှင့် ဆေးသိုလှောင်ခန်းတို့ကို   လှည့်လည်ကြည့်ရှုပြီး လူနာများကို တွေ့ဆုံအားပေးခြင်း၊ အာဟာရပြည့် စားသောက်ဖွယ်ရာများ ထောက်ပံ့ခြင်းတို့ဆောင်ရွက်ခဲ့ပြီး အစည်းအဝေးခန်းတွင် ဆေးရုံအုပ်၊ အထူးကုဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံကာ  ပြည်သူ့ ကျန်းမာရေးလုပ်ငန်းများ၊ ကုသရေးလုပ်ငန်းများ ယခုထက်ပိုမို တိုးတက်စေရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။