(၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှည်းကူးမြို့နယ် မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

 

 (၇၉)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှည်းကူးမြို့နယ် မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်လှစ်

 

နေပြည်တော် မတ် ၁၆

    (၇၉) နှစ်မြောက်      တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် ရန်ကုန်တိုင်းဒေသကြီး   လှည်းကူးမြို့နယ်  မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ် ဖွင့်ပွဲအခမ်းအနားကို  ယနေ့နံနက်ပိုင်းတွင်  အဆိုပါဖွင့်ပွဲနေရာ၌ ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရအနေဖြင့် မြို့ပြနှင့်ကျေးလက် အချိုးညီညီ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ကျေးလက် ဒေသများ  ဆင်းရဲမှုလျှော့ချရေး လုပ်ငန်းများကို   အရှိန်အဟုန်ဖြင့်   အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျေးလက်နေ   ဒေသခံပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေး ထုတ်ကုန်ထွက်ကုန်များနှင့် အခြားကုန်စည်များအား ဈေးကွက်သို့ တစ်နှစ်ပတ်လုံး သယ်ပို့ရောင်းချနိုင်ရန်အတွက် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သည့် လမ်းများလိုအပ်ကြောင်း၊ ယခုဖွင့်လှစ်သည့် ကျေးရွာချင်းဆက်လမ်း ဆောင်ရွက်ပေးနိုင်မှုကြောင့်   လှည်းကူးမြို့နယ်အတွင်းရှိ ပတ်ဝန်းကျင်ကျေးရွာ ၁၇ ရွာမှ အိမ်ခြေ ၂၇၈၃ အိမ်၊ လူဦးရေ ၁၄၅၈၃ ဦးတို့ကို တိုက်ရိုက်အကျိုးခံစားမှု  ရရှိသည့်အပြင် ကျေးရွာများ၏ စိုက်ပျိုးမြေဧက ၉၀၀၀ ကျော်ကို အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ဒေသခံပြည်သူ များအနေဖြင့် ဆောင်ရွက်ပြီး လမ်း၊ တံတားများ ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြရန် ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန ဦးစီးမှူးက ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးဇော်ဝင်း၊   တိုင်းဒေသကြီး  လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန    ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်တို့က မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို   ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းအားကြည့်ရှု စစ်ဆေးသည်။

မုဆိုးညောင်ပင်-မလစ်-အဝိုင်း ကျေးရွာချင်းဆက်လမ်းသည်   လမ်းအရှည်ပေ ၅၂၈၀၊    လမ်းအကျယ် ၁၆ ပေရှိကာ ယခင်က ကျောက်လမ်းအဆင့်ဖြစ်ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၇၅၃ ဒသမ ၁၉ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းခံနိုင်ဝန်အနေဖြင့် ယာဉ်တစ်စီးချင်းအလေးချိန် တန် ၂၀ ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနား အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်   ခေတ်မီစံပြကျေးရွာအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လှည်းကူးမြို့နယ် ရဲမွန်ကျေးရွာသို့ ရောက်ရှိရာ ကျေးရွာယာယီရှင်းလင်းဆောင်၌ ကျေးရွာကော်မတီဝင်များ၊ ဒေသခံတောင်သူများ၊ ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ကျေးရွာများတွင် အမှန်တကယ်လုပ်ငန်း လုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစား တူညီသူများ၊ စိတ်တူကိုယ်တူဆန္ဒ တူသူများကိုစုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသား တောင်သူများ၏   အဓိက လိုအပ်သော မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး ထွက်ရှိလာသော သီးနှံများကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း၊   ကျေးရွာတောင်သူများကလည်း  ပန်းတိုင်အထွက်နှုန်း ရရှိရေး ဆောင်ရွက်ရမည့် စိုက်ပျိုးရေး နည်းစနစ်များအတိုင်း လိုက်နာဆောင်ရွက် ရမည်ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ရဲမွန်ခေတ်မီစံပြ ကျေးရွာ၌ ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်း လုပ်ငန်းစီမံကိန်း (RBF))ရန်ပုံငွေမှ အစုအဖွဲ့စနစ်ဖြင့်   နို့စားနွားမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှု၊ ကျေးရွာ ICT စင်တာဖွင့်လှစ်ထားရှိမှုနှင့် ရေသန့်စင်စနစ် ဆောင်ရွက်ထားရှိမှု၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေဖြင့် ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ ကျေးရွာတွင်းလမ်းများ ကွန်ကရစ်ခင်းခြင်း နှင့် စွန့်ပစ်အမှိုက်စီမံ ခန့်ခွဲမှုစနစ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။