အမေရိကန်ရှိ ပြည်နယ်သုံးခုတွင်  လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ် အနည်းဆုံး လူသုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

 

အမေရိကန်ရှိ ပြည်နယ်သုံးခုတွင်  လေဆင်နှာမောင်း ဝင်ရောက် တိုက်ခတ် အနည်းဆုံး လူသုံးဦး သေဆုံးပြီး အများအပြား ဒဏ်ရာရ

 

    အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်သုံးခုတွင် အင်အားပြင်း လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် အနည်းဆုံး လူသုံးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားကြောင်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

လေဆင်နှာမောင်းတိုက်ခတ်မှုသည် အင်ဒီယာနာ၊ ကင်တပ်ကီနှင့် အိုဟိုင်းယိုးပြည်နယ်တို့တွင် မတ်လ ၁၅ ရက် ညပိုင်းကဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူအချို့မှာ အရေးပေါ်ကုသဆောင်တွင်  ဆေးကုသမှု ခံယူနေဆဲ ဖြစ်ကြောင်း အိုဟိုင်းယိုးပြည်နယ် ဘယ်ဖွန်တိန်းမြို့ရှိ Mary Rutan  ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ လော်ရာမေးလားက ပြောသည်။

လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လူ ၃၈ ဦးဒဏ်ရာရရှိခဲ့ပြီး  ၎င်းတို့အနက် ၁၂ ဦးကို ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ရမ်းဒေါ့ဖ်ခရိုင်ရှိ အမိမြေလုံခြုံရေးဆိုင်ရာ အရေးပေါ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြသည်။

ထို့ပြင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် အင်ဒီယာနာပြည်နယ် အရှေ့တောင် ပိုင်း၌ အနည်းဆုံးလူနေအိမ် ၂၉ လုံးပျက်စီး၍ ကင်တပ်ကီပြည်နယ်တွင်လည်း လူနေအိမ် အလုံး ၂၀ မှ ၃၀ ခန့်မှာ  ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့ကြောင်း သိရသည်။