ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် စာမေးပွဲများ ကျင်းပ

 

ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် စာမေးပွဲများ ကျင်းပ

 

နေပြည်တော်  မတ်  ၁၆

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်သည်  ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများနှင့်အတူ   ယမန်နေ့မွန်းလွဲပိုင်းက ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်၊ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ဒုတိယနှစ်ဝက် စာမေးပွဲကို ဒုတိယနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား၊ ကျောင်းသူ ၃၂၃  ဦးက စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖြေဆို နေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

အလားတူ  ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများ၏ နှစ်ဝက်အတန်းတင် စာမေးပွဲများကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၉၄၄ဦးက စာမေးပွဲ စည်းမျဉ်းစည်းကမ်းနှင့် အညီဖြေဆိုနေမှုများကို ကြည့်ရှုအားပေးကြသည်။

မွေးမြူရေးဆိုင်ရာ   ဆေးတက္ကသိုလ် နောက်ဆုံးနှစ် မွေးမြူရေးပညာ သင်တန်းမှ ကျောင်းသား၊  ကျောင်းသူများသည် ပျားမွေးမြူရေး ပညာရပ်သင်ကြားရာတွင် စာတွေ့၊ လက်တွေ့နှိုင်းယှဉ် လေ့လာနိုင်ရေးအတွက် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနနှင့် ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တို့ရှိ နေကြာစိုက်ခင်းများတွင် ဝတ်ရည်စုပျားတို့၏ ဝတ်မှုန်ကူးခြင်း၊ ပျားအုံအတွင်း    ပျားသားလောင်းများ ပေါက်ပွားမှု၊ ပျားစာဝတ်ရည်နှင့် ဝတ်မှုန်များကို   စနစ်တကျထားသိုတတ်သည့် လုပ်သားပျားတို့၏ သဘာဝတို့ကို  စာတွေ့ လက်တွေ့ လေ့လာခဲ့ကြောင်း သိရသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် အဆင့်မြင့်စိုက်ပျိုးရေး သုတေသနနှင့် ပညာရေး ဗဟိုဌာန (Advanced Center for Agricultural Research and Education-ACARE) တွင် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ သုတေသန တာဝန်ခံများနှင့်  တွေ့ဆုံ၍ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ရာပြည့်နှစ်မှ စတင်၍ ဘွဲ့လွန်သင်တန်းများကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး မြှင့်တင်ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်ဝသော ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး၊ သုတေသန ဆောင်ရွက်ချက်များ ပါဝင်သည့် အဆင့်မြင့် စိုက်ပျိုးရေးပညာများ သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးကင်းလုံခြုံသော   ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ပညာရှင်များအပိုင်းက    ကြိုးပမ်းရေးနှင့် နိုင်ငံတော်၏    စားသုံးဆီဖူလုံပိုလျှံရေး ကြိုးပမ်းမှုကို အထောက်အကူဖြစ်စေမည့် သုတေသနများ အလေးထား ဆောင်ရွက်ရန် လိုအပ်ချက်များ၊ စိုက်ပျိုးရေး တက္ကသိုလ်မှ ဘွဲ့ရပြီးပါက နိုင်ငံအတွက် လိုအပ်လျက်ရှိသော စိုက်ပျိုးစီးပွားရေးကို အခြေခံသည့် MSMEလုပ်ငန်းများကို လုပ်ကိုင်လာကြစေရန်၊ စိုက်ပျိုးရေးတက္ကသိုလ်၏ အဆင့်မြင့် စိုက်ပျိုးရေး သုတေသနနှင့်  ပညာရေးဗဟိုဌာန၏ သုတေသနနှင့် စီမံခန့်ခွဲမှုဌာနကို မိုဘိုင်းနည်းပညာ၊      ဝက်ကွန်ရက်နည်းပညာဖြင့်    တောင်သူလယ်သမားများ၊ သုတေသီများနှင့်  စိုက်ပျိုးရေး လုပ်ကိုင်သူလုပ်ငန်းရှင်များအား အွန်လိုင်းဖြင့် နည်းပညာပေး လုပ်ငန်းများကို တီထွင်လုပ်ကိုင် ပညာပေးရန် ၊ ရိတ်သိမ်းချိန်လွန် နည်းပညာဌာနတွင် ဆီထွက်သီးနှံများ၏ ဆီကြိတ်ဖတ်အမျိုးမျိုး၌   ဆီကျန်မှုရာခိုင်နှုန်းအား ဓာတ်ခွဲစမ်းသပ်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ထို့နောက်  ဒုတိယဝန်ကြီးသည် ဆင်းရွှေကြာ (၂) နေကြာမျိုးအား မျိုးမြှင့် တင်ခြင်း သုတေသနဆောင်ရွက်ထားရှိမှုနှင့်   တက္ကသိုလ်ပင်မ စာကြည့်တိုက်တွင် အပင်မျိုးမွေးမြူရေးဆိုင်ရာ စာအုပ်စာတမ်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များ ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။