YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

 

YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်မည်

 

ရန်ကုန်  မတ်  ၁၆

ဆွစ်ဇာလန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို မြန်မာကြက်တောင်မယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်ကြောင်း သိရသည်။

YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲကို ဆွစ်ဇာလန်နိုင်ငံ ဘေလ်ဆယ်မြို့၌  လာမည့်မတ်လ ၁၉ ရက် မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်သည်။

သက်ထားသူဇာသည်    YONEX Swiss Open 2024 ကြက်တောင်ပြိုင်ပွဲတွင် ပထမ အဆင့်မှ စတင်ကစားရမည်ဖြစ်ပြီး ကမ္ဘာ့ အဆင့်(၁၃) နေရာတွင် ရပ်တည်နေသည့် အသက် ၂၆ နှစ်ရှိ တောင်ကိုရီးယား ကြက်တောင်မယ် ကင်ဂါအွန်းနှင့် စတင်ကစား သွားရမည်ဖြစ်သည်။

၂၀၂၄ အိုလံပစ်ပြိုင်ပွဲဝင်ခွင့် ရရှိရန် အတွက် နိုင်ငံတကာပြိုင်ပွဲများကို ဆက်လက် ပါဝင်ကစားလျက် ရှိနေသည့် သက်ထားသူဇာ သည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ပါဝင် ကစားခဲ့ပြီးနောက်  ကမ္ဘာ့ အဆင့် သတ်မှတ်ချက်များလည်း ဆက်တိုက် မြင့်တက်လျက်ရှိနေပြီး  အိုလံပစ်ဝင်ခွင့် အဆင့်သတ်မှတ်ချက်တွင်လည်း (၂၂)နေရာ တွင် ရပ်တည်နေသည်။

၂၀၂၄  အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် အိုလံပစ်အဆင့် သတ်မှတ်ချက်ကို ပြီးခဲ့သည့် နှစ်ဧပြီလမှစတင်ပြီး ယခုနှစ် ဧပြီလအတွင်း အိုလံပစ် အဆင့်(၁)မှ (၃၆)အတွင်း ဝင်ရောက် သည့် ကစားသမားများအနေဖြင့် ဝင်ရောက် ကစားခွင့် ရရှိမည်ဖြစ်သည့်အတွက် လက်ရှိ တွင်  သက်ထားသူဇာသည်   အိုလံပစ်အဆင့် သတ်မှတ်ချက် (၂၂)နေရာတွင် ရပ်တည်နေသည့်အတွက်  ဝင်ခွင့်ရရှိရန်အတွက် ရာနှုန်းပြည့်နီးပါး သေချာနေခြင်း ဖြစ်သည်။

အသက် ၂၅ နှစ်ရှိ သက်ထားသူဇာသည် ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်၏ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့်(၄၂)နေရာတွင် ရပ်တည်နေပြီး World Tour Ranking တွင် အဆင့်(၂၆)နေရာတွင် ရပ်တည်လျက် ရှိနေသည်။

သက်ထားသူဇာသည် နောက်ဆုံးကစား ခဲ့သည့်ပြိုင်ပွဲအဖြစ် ပြင်သစ်နိုင်ငံက အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခဲ့သည့် ပြင်သစ်အိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် ၃၂ ဦးရှုံး/ထွက် အဆင့်တွင်   တရုတ်ကြက်တောင်မယ် ဟန်ယူကို  ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရကြောင်း သိရသည်။