နိုင်ငံခြားရေး ဝန်ကြီးဌာန၏ (၇၇)နှစ်တာခရီး

 

နိုင်ငံခြားရေး ဝန်ကြီးဌာန၏ (၇၇)နှစ်တာခရီး

 

    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံခြားရေး ဝန်ကြီးဌာနကို လွတ်လပ်ရေးမရမီ တစ်နှစ်ခန့်အလို ၁၉၄၇ ခုနှစ် မတ်လ ၁၇ ရက်တွင် စတင် ထူထောင်ခဲ့ခြင်းဖြစ်ရာ ယနေ့သည် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ (၇၇)နှစ်မြောက် နှစ်ပတ်လည်ရက်မြတ် အခါသမယဖြစ်သည်။

မြန်မာ့နိုင်ငံတကာ ဆက်ဆံရေးသမိုင်းသည် ဘီစီ၂ ရာစုမှစတင်ကာ  နှစ်ပေါင်း ၂၀၀၀ ကျော်ရှိခဲ့သော်လည်း မျက်မှောက်ခေတ် မြန်မာ့နိုင်ငံတကာ ဆက်ဆံရေးကို    အဖွဲ့အစည်း အထင်ကရဖြင့် မှတ်ကျောက်တင်နိုင်ခဲ့သည်မှာ  (၇၇)နှစ်တာရှိပြီး ထိုကာလအတွင်း  နိုင်ငံခြားရေးဝန်ကြီးဌာနသည် အင်အားသာမက စွမ်းရည်ပါ တိုးတက်လာသည်ကို မြင်တွေ့နိုင်မည်ဖြစ်သည်။

နိုင်ငံခြားရေးဌာနကို  ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် Department of Foreign Service"  အဖြစ်စတင် ထူထောင်စဉ်က အတွင်းဝန်တာဝန်ဖြင့် အရာထမ်း တစ်ဦး၊ အမှုထမ်း ရှစ်ဦး စုစုပေါင်း ဝန်ထမ်းအင်အား ကိုးဦးသာ ရှိခဲ့ပါသည်။ ၁၉၄၈ ခုနှစ် မေလ ၄ ရက်တွင် နိုင်ငံခြားရေးရုံး 'Foreign Office'' ဟု အမည်ပြောင်းလဲခဲ့ပြီး  အတွင်းဝန်ရာထူးကိုလည်း အမြဲတမ်း အတွင်းဝန်အဖြစ် ပြောင်းလဲသုံးစွဲ ခဲ့ကြပါသည်။ လက်ရှိသုံးစွဲနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန 'The Ministry of Foreign Affairs'' (MOFA အမည်ကို ၁၉၆၇ ခုနှစ် မေလ ၂၅ ရက်တွင် စတင် သုံးစွဲခဲ့ခြင်းဖြစ်ပြီး လက်ရှိကာလတွင် ဒုတိယဝန်ကြီးချုပ် နှင့်ပြည်ထောင်စုဝန်ကြီး ဦးဆောင်မှုဖြင့် ပြည်တွင်း ပြည်ပရှိ ဝန်ထမ်းအင်အား တစ်ထောင်ကျော်တို့ဖြင့် ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များကို ထမ်းဆောင် လျက်ရှိသည်။ အင်အား၏ သုံးပုံနှစ်ပုံမှာ မြန်မာပြည်ရှိ ဌာနချုပ်တွင် ထမ်းဆောင်လျက်ရှိပြီး သုံးပုံတစ်ပုံမှာ ကမ္ဘာတစ်လွှားရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန် ချုပ်ရုံး ၅၁ ရုံးတွင်  အသီးသီးတာဝန်ထမ်းဆောင်လျက်ရှိသည်။

နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ဆယ်စုနှစ် ခုနစ်ခုကျော်ကာလ တစ်လျှောက်တွင် နိုင်ငံနှင့်ပြည်သူ့အကျိုးကို ရှေးရှုသည့် “လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒ”ကို အကောင်အထည်ဖော်ကာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကောင်းမွန်သည့် နိုင်ငံ့ပုံရိပ် ဖော်ဆောင်ရေးကိုကြိုးပမ်းလျက်ရှိသည်။

မြန်မာ့လွတ်လပ်ရေး ရရှိပြီးနောက် အစိုးရများ လက်ထက်တွင် ထူးချွန်သည့် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကုလသမဂ္ဂတွင် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ အတွင်းရေးမှူးချုပ် တာဝန်ကို သက်တမ်းနှစ်ကြိမ်တိုင် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးသန့်သည် ကျူးဘားအရေးအခင်း၊ ကွန်ဂိုပြည်တွင်းစစ် အဆုံးသတ်ရေး၊ အင်အားကြီးနိုင်ငံများအကြား တင်းမာမှုလျှော့ချရေးတို့တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ပံ့ပိုးပေးနိုင်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် သံတမန်တစ်ဦးဖြစ်ခဲ့ရာ မြန်မာ့ပုံရိပ်ကို ကမ္ဘာတွင် အထင်အရှားဖြစ်စေခဲ့သည်။

ကမ္ဘာ့ငြိမ်းချမ်းရေးကို ဦးတည်သည့် နိုင်ငံတကာ ဆက်ဆံရေးသမိုင်းတွင် အထင်ကရဖြစ်သည့်  “ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်”ကို ၁၉၅၄ ခုနှစ် ဇွန်လ ၂၉ ရက်တွင် မြန်မာနိုင်ငံသည် တရုတ်၊ အိန္ဒိယတို့နှင့်  ပူးတွဲ ချမှတ်နိုင်ခဲ့ခြင်းသည်လည်း သမိုင်းဝင်ကြိုးပမ်းချက် တစ်ရပ်ဖြစ်သည်။ ဒေသတွင်းနှင့် ကမ္ဘာ့နိုင်ငံများအကြား ငြိမ်းချမ်းစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေး ဦးတည်သည့် အဆိုပါ “မူကြီး(၅)ချက်” မှာ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲရေးအတွက် အပြန်အလှန်လေးစားရန်၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ ကျူးကျော်ခြင်းနှင့် ပြည်တွင်းရေး စွက်ဖက်ခြင်းမပြုရန်၊  တန်းတူညီမျှရှိပြီး  အပြန်အလှန် အကျိုးပြုကာ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး “မူ” များဖြစ်ပါသည်။

ထိုမှတစ်ဆင့်  နိုင်ငံခြားရေး ဝန်ကြီးဌာနသည် ၁၉၅၅ ခုနှစ် ဧပြီလတွင် အင်ဒိုနီးရှား၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ပါကစ္စတန်တို့နှင့် ဘန်ဒေါင်းကွန်ဖရင့်ကို ပူးတွဲ ကမကထပြုကာ မြန်မာနိုင်ငံ၏ သံတမန်ရေးရာ ဦးဆောင်မှုကို  ဖော်ညွှန်းသည့် မှတ်တိုင်တစ်ရပ် စိုက်ထူနိုင်ခဲ့ပါသည်။ အဆိုပါကွန်ဖရင့်တွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ကို   ကိုယ်စားပြုသည့် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး “ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး (၅)ရပ်}} ကို ထပ်လောင်းထင်ဟပ်သည့် ဘန်ဒေါင်းမူကြီး (၁၀)ရပ်ကိုထုတ်ပြန်ကာ    အာရှနှင့်အာဖရိကမှ လွတ်လပ်သော နိုင်ငံအသစ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို အစပျိုးနိုင်ခဲ့ကြပါသည်။

အလားတူပင် ၁၉၆၁ ခုနှစ်တွင် ဘက်မလိုက်အဖွဲ့ကြီး ထူထောင်ရေးတွင်လည်း    မြန်မာနိုင်ငံမှ တက်ကြွစွာပါဝင်ခဲ့ပြီး ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပခဲ့သည့် ဘက်မလိုက်အဖွဲ့ကြီး၏ ဝန်ကြီးများ အဆင့် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးများ တိုးမြှင့်ကာ ဖွံ့ဖြိုးဆဲ နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံများအတွက် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တန်းတူညီမျှရေး၊ ဖွံ့ဖြိုးရေးတို့ကို ကြိုးပမ်းသွားလိုကြောင်း   ပြည်ထောင်စုဝန်ကြီးမှ အလေးထား ပြောကြားခဲ့သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့နှင့် နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ  လက်ထက်များတွင် ကြုံတွေ့ခဲ့ရသည့် အနောက်နိုင်ငံများ၏ပိတ်ဆို့မှုများ အကြားမှပင် နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကုလသမဂ္ဂမျက်နှာစာနှင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၏ အရှိန်ကို ထိန်းသိမ်းကာ နိုင်ငံတော်လုံခြုံရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေး ကြိုးပမ်းမှုများကို ပံ့ပိုးခဲ့သည်။

နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အလေးထားသည့် နိုင်ငံအဖြစ်    မြန်မာနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်နိုင်စေရေး၊ လက်နက်ဖျက်သိမ်းရေး ကဏ္ဍတွင် တက်ကြွစွာပါဝင်ကာ နျူကလီးယားလက်နက် တားဆီးရေးစာချုပ်၊ နျူကလီးယား စမ်းသပ်မှုအလုံးစုံ တားဆီးရေး စာချုပ်တို့တွင်   လက်မှတ်ရေးထိုးခြင်း၊ နျူကလီးယား    လုံခြုံစိတ်ချစွာ သုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း၊ နျူကလီးယားဆိုင်ရာပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်းစသည်တို့တွင် ပါဝင်ခဲ့သည်။ အထူးသဖြင့် ဂျကာတာ၊ ဂျီနီဗာနှင့် နယူးယောက်မြို့ရှိဖိုရမ်များတွင်   အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ဇုန်ကို လေးစားလိုက်နာရေးအပါအဝင်   လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ဆွေးနွေးမှုများတွင် တက်ကြွစွာပါဝင်လျက်ရှိသည်။  ၁၉၉၅ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ၏ နိုင်ငံတကာ လုံခြုံရေးနှင့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ပထမကော်မတီတွင် နျူကလီးယား လက်နက်ဖျက်သိမ်းရေးဆိုင်ရာ အဆိုမူကြမ်းကို ကုလသမဂ္ဂက အဖွဲ့ဝင်အများစု၏ ထောက်ခံမှုဖြင့် တင်သွင်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင်   အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ခြင်းသည်လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ သမိုင်းမှတ်တိုင်တစ်ရပ်ဖြစ်သည်။ အာဆီယံအဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံ အနေနှင့် ဒေသတွင်း ပေါင်းစည်းရေးတွင် အာဆီယံ

နှင့်အတူလိုက်ပါ ဆောင်ရွက်ခဲ့ပြီး အောင်မြင်မှုများ ရှိခဲ့သည်။ အဖွဲ့ဝင်အားလုံး အပြန်အလှန် စိတ်ဝင်စားမှုရှိသည့် ကိစ္စရပ်များကို ဆွေးနွေးအဖြေရှာရာတွင် အဖွဲ့ဝင် နိုင်ငံများ၏ အဆင်ပြေမှုကို လေးစားလိုက်နာပြီး အတူတကွပူးပေါင်း ဖြေရှင်းနိုင်ရေးတွင် ပါဝင်လျက်ရှိသည်။

၂၀၁၁-၂၀၁၅ ကာလသံတမန်ရေးအရ ပြန်လည် ဦးမော့လာစေရေးတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တို့တွင် ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကမ်မရွန်း၊ အမေရိကန်သမ္မတ အိုဘားမားနှင့် နိုင်ငံခြားရေးဝန်ကြီး ဟေလာရီကလင်တန်တို့၏ ခရီးစဉ်များကို လက်ခံစီစဉ်ပေးနိုင်ခဲ့ပါသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်တွင် အာရှဒေသဆိုင်ရာ ကမ္ဘာ့ စီးပွားရေးဖိုရမ်ကို လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဘင်းမ်စတက် ထိပ်သီးအစည်းအဝေးများကို လည်းကောင်း လက်ခံကျင်းပကာ ကွန်ဖရင့်ဒီပလိုမေစီကို  မြှင့်တင်နိုင်ခဲ့သည်။ အဆိုပါ ၂၀၁၁-၂၀၁၅ ကာလအတွင်း မြန်မာနိုင်ငံတွင်    ဖွံ့ဖြိုးမှုအကူအညီများ ရရှိမှု သုံးဆမြင့်တက်ခဲ့ပြီး ကုန်သွယ်ရေး၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုနှင့် ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုများလည်း သိသိသာသာ တိုးတက်ခဲ့ပြီး ယင်းတိုးတက်မှုများအတွက်နိုင်ငံခြားရေး ဝန်ကြီးဌာနက တက်ကြွစွာ ပံ့ပိုးခဲ့သည်။

အလားတူပင် ၂၀၁၆-၂၀၂၀ ကာလများတွင် သံရေးတမန်ရေး အောင်မြင်မှုများစွာ ဖော်ဆောင်နိုင်ခဲ့ပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေး ပိတ်ဆို့မှုများကိုလည်း ဖယ်ရှားနိုင်ခဲ့ကာ ကမ္ဘာ့နိုင်ငံရေး စီးပွားရေး အင်အားကြီးနိုင်ငံများနှင့် ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးများ ဖော်ဆောင်နိုင်ခဲ့သည်။

လက်ရှိ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင်လည်း  နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကြီး၏ လမ်းညွှန်ချက်များဖြစ်သည့် အခြေခံဥပဒေ အပိုဒ် ၄၁၊ ၄၂ (က)နှင့်(ခ)တို့အရ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲရေးမူကြီး(၅)ရပ်နှင့်အညီ နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးမှုမြှင့်တင်ကာ နိုင်ငံတကာတွင် ထားရှိရမည့် ကတိကဝတ်များကို လေးစားလိုက်နာလျက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တာဝန်များကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ယနေ့ခေတ်တွင် ပထဝီနိုင်ငံရေး စိန်ခေါ်မှုများ၊ နည်းပညာဖွံ့ဖြိုးမှု၏ ဘေးထွက်ဆိုးကျိုးများ၊ သတင်းမီဒီယာ၏ အဆိပ်အတောက်ဖြစ်စေမှုများ အပါအဝင် ပိုမိုရှုပ်ထွေးသည့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာစိန်ခေါ်မှုများစွာကို မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်လျက်ရှိသည်။ ထိုစိန်ခေါ်မှုများနှင့် ဆက်စပ်သည့် ပြည်တွင်း၊ ဒေသတွင်းနှင့် ကုလသမဂ္ဂမျက်နှာစာတွင်  မြန်မာနိုင်ငံအပေါ် ရိုက်ခတ်မှုများကို ကျော်လွှားကာ နိုင်ငံနှင့် ပြည်သူများအကျိုးစီးပွား ဖော်ဆောင်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အနေနှင့် တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံနေသည့် မြန်မာနိုင်ငံသားများ အကျိုးဖော်ဆောင်ရေး လုပ်ငန်းရပ်များကိုလည်း နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အရေးပါသော လုပ်ငန်းရပ်တစ်ခုအဖြစ်   သတ်မှတ်ကာ အလေးပေးဆောင်ရွက်လျက်ရှိသည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အကျဉ်းကျခံပြီးသူ ၂၀၇၅ ဦးနှင့် ၂၆၇၁၆ ဦးတို့ကို မြန်မာနိုင်ငံသို့  ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထို့အတူ အရှေ့အလယ်ပိုင်း ဒေသနိုင်ငံအချို့တွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး အလုပ်ရှင်အလုပ်သမား ပြဿနာများကြုံတွေ့ရ၍ နေရပ်ပြန်ရန် အခက်အခဲဖြစ်နေသည့် နိုင်ငံသား ၁၆၄ ဦးတို့ နေရပ်ပြန်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများရှိ အာဏာပိုင်များနှင့်ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်။

အလားတူပင် နိုင်ငံခြားရေး ဝန်ကြီးဌာနအနေနှင့် မိမိနယ်မြေအတွင်း အွန်လိုင်းလိမ်လည်မှု  ဂိုဏ်းများ၏လှည့်ဖြားခံရခြင်း အပါအဝင်   အခြားအကြောင်းအမျိုးမျိုးနှင့် တရားမဝင် ရောက်ရှိခဲ့ကာ နေရပ်ပြန်ရန် အခက်အခဲရှိနေသည့် နိုင်ငံပေါင်း ၂၄ နိုင်ငံမှ နိုင်ငံသား ၅၂၈၂၃ ဦးကို သက်ဆိုင်ရာနိုင်ငံ အသီးသီးသို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါသည်။

စိန်ခေါ်မှုများကို ဘက်ပေါင်းစုံမှ ကြုံတွေ့နေရသည့် ယနေ့ခေတ်ကာလတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် မြန်မာသံတမန်များ၏ ကြံ့ခိုင်မှု ပိုမိုပေါ်လွင်စေသည်။

အထူးအားဖြင့် နိုင်ငံအချို့သည် ကုလသမဂ္ဂ မျက်နှာစာနှင့် အာဆီယံမျက်နှာစာတွင် အစဉ်အဆက်လိုက်နာ ခဲ့ကြသည့် “မူကြီး”များကို  အလေးထားမှု မရှိကြသည့် အခက်အခဲဆုံး ကာလတွင်ပင် မြန်မာနိုင်ငံသည် နိုင်ငံစုံစနစ်၊ ဒေသတွင်းနှင့်  နိုင်ငံတကာပူးပေါင်း ဆောင်ရွက်ခြင်းကို အလေးထားကာ   မိမိတို့ကတိကဝတ်များကို မသွေဖည်ကြောင်း သက်သေပြနိုင်ခဲ့သည်။ ကြံ့ခိုင်မှုမှသည် ပိုမိုသန်စွမ်းမှုသို့ ဦးတည်ကာ နိုင်ငံခြားရေး မူဝါဒရည်မှန်းချက်များ ပြည့်မီစေရန် နိုင်ငံခြားရေး ဝန်ကြီးဌာနသည်   ဆတက်ထမ်းပိုး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရှေးယခင်ကပင် အင်ပါယာကြီးသုံးခု အကြားတွင် လက်ရုံးရည်နှင့်နှလုံးရည်အားဖြင့် စည်းလုံးညီညွတ်တင့်တယ်စွာ ရပ်တည်ခဲ့သည့် မြန်မာနိုင်ငံ၏ အစဉ်အလာနှင့် အတွေ့အကြုံကောင်းများကို အခြေခံကာ ယနေ့ခေတ်ကြုံတွေ့နေကြရသည့် ပထဝီနိုင်ငံရေး အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် မှုခင်းများ၊ ရာသီဥတုပြောင်းလဲမှု စသည့် စိန်ခေါ်မှုများကို  နှစ်နိုင်ငံချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများ မြှင့်တင်ရေး၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြန်မာသံတမန်များမှ အားသွန်ခွန်စိုက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြမည်ဖြစ်ပါသည်။

 (၇၇)ကြိမ်မြောက် နှစ်ပတ်လည်အခါသမယတွင် မြန်မာ့သမိုင်းတစ်လျှောက် ရွပ်ရွပ်ချွံချွံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် သံတမန်ကြီးများကို ဂုဏ်ပြုလျက် မျိုးဆက်သစ် သံတမန်များသည်လည်း ခေတ်သစ်၏ အင်အားသစ်များ၊ နည်းပညာသစ်များဖန်တီနိုင်စွမ်းများကိုအသုံးချကာ၊ ပိုမိုငြိမ်းချမ်းစည်ပင်ကာ မြန်မာ့ ပုံရိပ်ကောင်းများပေါ်ထွန်းစေမည့်  နိုင်ငံခြားရေး မူဝါဒဦးတည်ချက်များ ပြည့်မီရေးကို ပိုမိုပြောင်မြောက်စွာ စွမ်းဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ရပါသည်။  ။

နိုင်ငံခြားရေးဝန်ကြီးဌာန