ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၇

    ထိုင်းခရီးသွားဧည့်သည်များအနေဖြင့် ပိုမိုသိရှိ လာရောက်လည်ပတ်စေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် ခရီးလှည့်လည်ရေး လုပ်ငန်းလိုင်စင်ရယူထားသော Picturesque Myanmar Group Co;Ltd ၏ ပူးပေါင်းစီစဉ် ဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံမှ Mr.Akaluk jarukijpaisal အပါအဝင် ထိုင်းနိုင်ငံသားရိုက်ကူးရေးအဖွဲ့ဝင် ၁၅ ဉီးတို့သည် ယနေ့ ညနေပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ကြည်ညို ကြသည်။

   ဦးစွာ ထိုင်းနိုင်ငံမှ ရိုက်ကူးရေးအဖွဲ့များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင် ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော် လေ့လာ ကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ် လှူဒါန်းကြသည်။

   ထို့နောက် မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအခြေအနေနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ရန် အဆင့်ဆင့်ဆောင်ရွက်ခဲ့မှုများကို လိုက်လံရှင်းလင်းပြသသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိကြောင်း သတင်း ရရှိသည်။