အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

အခန်း (၈)

ထင်သည့်အတိုင်းပင် အောင့်အခန်းကို    အားလုံးစုဝေး ရောက်လာကြလေသည်။ အောင့် ခုတင်ရော၊ ချောစု ခုတင်ရော အဆောင်သူတွေပြည့်လာလေသည်။ ချောစုက သူ့ရင်ဘတ်ကို တီးလျက်...

“နဂိုက မခိုင်တဲ့ ငါ့ခုတင်လေးတော့ ကျိုးပါပြီတော်”

တစ်စုံတစ်ယောက်က ရွှတ်တွတ်တွတ် ဝင်မေးတော့   ချောစုက  မျက်လုံးပြူးလျက်...

“အစကတည်းကပါဟယ်၊ ခြေထောက် တစ်ချောင်းနဲ့နေတာ၊    ငါမပြောင်းခင် ကတည်းက မမစံတို့၊ အောင်တို့ သက်သေ ရှိပါတယ်”

ကပျာကယာ ဝင်ရှင်းသည်။ အောင်က ခုနစ်သံတင်လျက်...

“ဟေ့...မယုတ်မာကြနဲ့၊ ဒါ လူကောင်း သူကောင်းတွေနေတဲ့ နေရာဆိုတာ  မသိဘူးလား”

“လူကောင်းသူကောင်း၊ နင်တို့က လူကောင်းသူကောင်းတွေ၊ ငါက စီတွေမှတ် လို့”

အသားညိုညို အရပ်ခပ်မြင့်မြင့် ဆန်းဆန်းမြင့်ဆိုသူမိန်းကလေးက ရှုတည်တည် ပြောတော့ အားလုံးက တသောသောရယ် မောကြကာ သူ့ကို ဝိုင်းရိုက်ကြသည်။

မျက်နှာချင်းဆိုင်အခန်းတစ်ခုမှ တံခါးကို ဝုန်းဒိုင်းအသံမြည်အောင် ဆွဲပိတ်လိုက် သံကြားရတော့ အောင်က ထိုအခန်းဘက်ကို မေးငေါ့ပြကာ...

“ဆင်ဆင်ခြင်ခြင်   ပြောကြပါနော်၊ ငါးခုံးမ   သုံးလေးကောင်ကြောင့်  တစ်ဆောင်လုံး မပုပ်ပါရစေနဲ့”

သည်တော့ ဆန်းဆန်းမြင့်က လေသံကို မြှင့်တင်လျက်...

“အေးလေ၊ ဟောဒီ အောင်နဲ့  ချောစု တို့ ကဲတယ်၊ နင်တို့ကြောင့် တို့အဆောင် နာမည်ပျက်တယ်၊   ကိုယ့်ဘာသာ  တိတ် တိတ်...”

“ထွီ”

အောင်သည် ဆန်းဆန်းမြင့် ကျောပြင် ကို တွန်းလိုက်လေသည်။

“လူပေါင်းစုံကားတွေ တပွမ်ပွမ်လာနေတာ ကောင်းသလား၊ အဲဒီကားတွေ အရှိန် နဲ့ လူတကာကို ရန်ထောင်တယ်၊ ရေချိုးခန်း လုတာကအစ၊ အိမ်သာနေရာ ဘုံပျောက် တာကအစ အချင်းချင်းကို စာစာ စာစာနဲ့”

“ဟင်...မိအောင်၊    ငါတို့ကလေ ကမြင်းတာကို သည်းခံလို့ရတယ်၊ ပုပ်တာ ကို သည်းခံလို့ မရဘူးဟဲ့၊ အပေါ်ယံ ရွှေ မှုန်ကြဲတဲ့ဘဝနဲ့ ကိုယ့်ဘဝတူချင်းအပေါ် နှိမ်ချင်ရတာ ဘာသဘောလဲ၊ ကမြင်းတဲ့ ဘ၀ အဘိဇ္ဈာကလည်း ပွားရသေး”

ဆန်းဆန်းမြင့်ရင်ထဲတွင် သိုလှောင်ထားသော မကျေနပ်သော စက်သေနတ် ကျည်ဆန်တွေသည် ပါးစပ်မှ စုပြုံထွက် လာသဖြင့်    အားလုံးကျိတ်ရယ်မောမိ ကြသည်။  ထို့နောက်  ဆန်းဆန်းမြင့်က တီးတိုးလေသံနှင့်...

“ငါတကယ်ပြောတာ၊ ရှုပ်တာပွေတာ၊ လူတကာနဲ့ တွဲပြီးကမြင်းတာ  ဘယ်သူ့မှ မထိခိုက်ဘူး၊ မျက်စိနောက်ရုံအပြင် မပို ဘူး၊ အဲဒါသည်းခံလို့ရတယ်၊ ပိုက်ဆံမပေး ရဘဲ ရုပ်ရှင်ကြည့်ရသလို မှတ်လိုက်တယ်၊ စိတ်ပုပ်တာကို   နည်းနည်းမှ  သည်းခံလို့ မရဘူး”

“ငါနဲ့ တူလိုက်တာဟယ်”

အောင်က ဆန်းဆန်းမြင့်နှင့် လက်ဆွဲ နှုတ်ဆက်လိုက်သည်။ မမစံက ရယ်ရယ် မောမောနှင့်...

“ကဲ...ကဲ၊ အစားအရင်စားမလား၊ သီချင်းအရင်နားထောင်ကြမလား”

မမစံက ဂေါ်ဖီထုပ်နှင့် ခရမ်းချဉ်သီး များ လှီးနေရာမှ ပြောလိုက်သည်။

“သီချင်းနားထောင်မယ်”

အားလုံးနီးပါးဖြေသည်။

“ကောင်းပြီ၊ ခရမ်းချဉ်သီးဖတ်တွေ ရွေးမစားကြနဲ့နော် မိန်းမတွေ၊ ငါးကျပ်သား တည်း ဝယ်လာတာ၊ တစ်ဆယ်သား ပြား ၈၀ တောင်၊ ပြီးတော့ ဘိုင်ကျနေလို့ မြေပဲ နဲ့ နှမ်းမပါဘူး၊ အဆာမစုံဘူးလေး ဘာလေး မပြောကြနဲ့”

“ရတယ်၊ အဆောင်နေရတဲ့ဘ၀ မြက် ကိုတောင်သုပ်ကျွေး၊ စားမယ်”

အောင်က အော်ပြောလိုက်သည်။

“နင်  ဘာအသုပ်မဆို စားတယ်နော်၊ အေးအေး နောက်တစ်ခါ ငါကျွေးမယ်၊ နင့်ဖို့ စပါယ်ရှယ်”

ဆန်းဆန်းမြင့်က ပြောတော့...

“နင့်ချိုင်းမွေးသုပ်၊ နင်ပဲစား”

အကြောင်းသိနေသော    အောင်က ပက်ခနဲပြောရင်း ရယ်မောကြပြန်သည်။ အောင်က  ရယ်မောလျက်...

“တကယ်ပြောတာ၊ တစ်ခါတုန်းက ဒီ ကောင်မ ကျွန်တော့်ဖို့  မြင်းခွာရွက်သုပ် တယ်တဲ့၊ အဲဒါ ပါလာတယ်၊ တွန့်တွန့် ကောက်ကောက်လေး”

“ထွီ ...တော်ကြဟယ်”

ရွံတတ်သော ချောစုက တံတွေးတပစ်ပစ်နှင့် ဖြစ်လာလေသည်။ ဆန်းဆန်းမြင့် က ညစ်တီးညစ်ပတ်တွေ ဆက်ပြောပြန် ရာ ချောစုက သူ့နားကို ပိတ်ထားလိုက်ရလေသည်။ သည်တော့ ဆန်းဆန်းမြင့်က...

“စားမယ့်လူ  တစ်ယောက်လျော့ရင် မနည်းဘူးဆိုပြီး ကြိုးစားလိုက်ရတာ”

ပြောပြီး   တသောသောရယ်မောနေ သည်။

အောင်သည် စိတ်လက်ပေါ့ပါးစွာ ရယ် မောလျက် မမစံကို လှမ်း၍...

“ဘိုင်ကျတာတော့ မပြောနဲ့ မမစံရေ၊ ဝက်ခန်းတာဟာ ကျွန်တော်တို့အားလုံးရဲ့ ပစ္စက္ခဝေဒနာပဲ၊ ကျွန်တော်လည်း အကြွေး တွေ လည်ပင်းခိုက်နေပြီ၊  ဒီဂီတာ တစ် ပတ်ရစ်တောင် ချောစုရဲ့ မောင်လေးဆီက အကြွေးနဲ့ ဝယ်ထားတာ၊ ဒါကြောင့် ခုလို မမစံနဲ့ ဆန်းဆန်းမြင့်တို့ဆီက စားပေါက် ထွင်ရတာ ဝမ်းနည်းပါတယ်၊ သနားပါရှင်၊ ထမင်းဖိုး၊ ဟင်းဖိုးလေး ငွေ ၄၀၀ လောက်၊ ဟိုတယ်မှာ တက်စားဖို့”

ပြောပြီး ဂီတာတီးကွက်များကိုနှိပ်ကာ လက်နှင့်ခတ်ရင်း   တေးသွားကို   စတင် အသက်သွင်းလေသည်။

သို့သော် တီးလုံးအစတွင်ပင် တစ်ဖက် အခန်းမှ ရင်ရင်ထိုက်တို့၏ ကက်ဆက်သံက ကျယ်ကျယ်လောင်လောင် ဝင်နှောက်လေသည်။

ကက်ဆက်ကို အသံကုန်ဖွင့်ထားလျက် အခန်းထဲမှ ထွက်လိုက်ဝင်လိုက်နှင့် လမ်း သလားနေသော ရင်ရင်ထိုက်ကို ဆန်းဆန်းမြင့်က မျက်စောင်းတစ်ချက် ထိုးလိုက်လေ သည်။

ရင်ရင်ထိုက်သည်    ဆံပင်ဖားလျား ချထားတာကို   လက်နှင့်သပ်တင်လျက် အောက်သို့ကျသွားသော  မျက်တောင်တုလေးကို    အသာကောက်ပြန်တပ်ကာ

အောင်တို့အား တစေ့တစောင်း လှမ်းကြည့်လိုက်သည်။

အသားဖြူဖြူ အရပ်မြင့်သွယ်ကာ ပိန်သော်လည်း    အချိုးအဆက် ကျနသော ကိုယ်ထည်နှင့်  ဘလောက်အင်္ကျီအနက် လက်ပြတ်၊  ကြည်ပြာရောင်   လေယာဉ် မောင်ထဘီ ဝတ်ထားသည်။

ဆက်လက်ဖော်ပြပါမည်။