သက်တမ်းကုန်နေသည့် ယာဉ်မောင်းလိုင်စင်ဖြင့် ကားမောင်းနှင်ခဲ့သည့် အသက် ၁၀၃ နှစ်အရွယ် အမျိုးသမီးကြီးကို ရဲတပ်ဖွဲ့က ဒဏ်ငွေရိုက်၍ နေအိမ်သို့ပြန်ပို့

 

သက်တမ်းကုန်နေသည့် ယာဉ်မောင်းလိုင်စင်ဖြင့် ကားမောင်းနှင်ခဲ့သည့် အသက် ၁၀၃ နှစ်အရွယ် အမျိုးသမီးကြီးကို ရဲတပ်ဖွဲ့က ဒဏ်ငွေရိုက်၍ နေအိမ်သို့ပြန်ပို့

 

    အီတလီနိုင်ငံတွင် သက်တမ်းကုန်ဆုံးနေသည့် ယာဉ်မောင်းလိုင်စင်ဖြင့် မော်တော် ကားမောင်းနှင်ခဲ့သည့် အသက် ၁၀၃ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးကို ရဲတပ်ဖွဲ့က  ဒဏ်ငွေရိုက်၍ နေအိမ်သို့ပြန်ပို့ခဲ့ရကြောင်း သိရသည်။

ဂူဆက်ပီနာမိုလီနာရီအမည်ရှိ အဆိုပါ အမျိုးသမီးကြီးသည် မြောက်ပိုင်း အမ်မလီယာ ရိုမတ်နာဒေသ ဖယ်ရာရာမြို့အနီးရှိ ဘွန်ဒီနိုမြို့လယ်ကောင်တွင် ညအချိန်ကားမောင်းနှင် လျက်ရှိကြောင်း သတင်းပေးပို့ချက်ကို ရဲတပ်ဖွဲ့ က လက်ခံရရှိခဲ့ပြီးနောက် ကင်းလှည့်နေ သည့် ရဲတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှ ဂူဆက်ပီနာမိုလီနာရီအား မော်တော် ကားမောင်းနှင်လျက် ရှိကြောင်းကို စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း AFP  သတင်းဌာန က   ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း၌ ထုတ်ပြန်သည်။

ရဲတပ်ဖွဲ့ဝင်များက ဂူဆက်ပီနာမိုလီနာရီ ထံမှ ယာဉ်မောင်းလိုင်စင်အား စစ်ဆေး ကြည့်ရှုရာ ၎င်း၏မွေးသက္ကရာဇ်မှာ ၁၉၂၀ ပြည့်နှစ်ဖြစ်ကြောင်း တွေ့ရှိခဲ့ကြသည်။ သို့ရာ တွင် အမျိုးသမီးကြီးမှာ မော်တော်ကားကို ကောင်းစွာ မောင်းနှင်နိုင်ဆဲဖြစ်ကြောင်း၊ သို့သော် ညအမှောင်ကြောင့် ၎င်းအမျိုးသမီးကြီးမှာ  မောင်းနှင်နေစဉ်  မျက်စိလည်၊ လမ်းစပျောက်ခဲ့ဖွယ်ရှိကြောင်း  ရဲတပ်ဖွဲ့ကပြောသည်။

ဂူဆက်ပီနာမိုလီနာရီသည် ၎င်း၏မိတ်ဆွေများနှင့်တွေ့ဆုံရန် ညအချိန် မော်တော်ကား ဖြင့်ထွက်လာခဲ့ခြင်းဖြစ်ပြီး ၎င်းမောင်းနှင်သည့် မော်တော်ကားမှာလည်း အာမခံထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ရဲတပ်ဖွဲ့က ၎င်းအား ဒဏ်ငွေရိုက်၍ ၎င်း၏နေအိမ်သို့ပြန်ပို့ပေး ခဲ့ကြောင်း သိရသည်။

အီတလီနိုင်ငံတွင် အသက် ၈၀ ကျော် အရွယ်ရှိ ယာဉ်မောင်းသူများသည် နှစ်နှစ် တစ်ကြိမ် ဆေးစစ်မှုခံယူရန် လိုအပ်ပြီး ၎င်းတို့၏ ယာဉ်မောင်းလိုင်စင်ကိုလည်း နှစ်နှစ် တစ်ကြိမ် သက်တမ်းတိုးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။