အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာစေသည့် နည်းပညာ ကန့်သတ်မှု

 

အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများ ပိုမိုမြင့်တက်လာစေသည့် နည်းပညာ ကန့်သတ်မှု

 

    အမေရိကန်အစိုးရသည် ၎င်းတို့နှင့် တရုတ်ကြား အငြင်းပွားနေသည့် ကုန်သွယ်ရေးစစ်ပွဲ သို့မဟုတ် ကုန်သွယ်ရေး အငြင်းပွားမှုကို အပြီးအပိုင် ဖြေရှင်းနိုင်ခြင်း မရှိသေးသော်လည်း နှစ်နိုင်ငံကြား သဘောထားကွဲလွဲစေမည့် ဆောင်ရွက်ချက်တစ်ရပ်ကို လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

ယင်းမှာ အခြားမဟုတ် တရုတ်ကုမ္ပဏီ တစ်ခုဖြစ်သည့် ByteDance က ပိုင်ဆိုင်ထားသည့်  TikTok အပလီကေးရှင်းအား နိုင်ငံ၏အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လျက် ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ပိတ်ပင်တားမြစ်ရန် ကြိုးပမ်းလာခြင်းဖြစ်သည်။ အမေရိကန်တို့သည် ယခင်ကလည်း တရုတ်နိုင်ငံ၏   Huawei  နည်းပညာကုမ္ပဏီမှ ထုတ်လုပ်သည့်    နည်းပညာဆိုင်ရာ ပစ္စည်းများကိုလည်း ပိတ်ပင်ခဲ့ဖူးသည်။

စင်စစ်တွင်   အမေရိကန်သည် ယခင် သမ္မတဟောင်း ဒေါ်နယ်ထရမ့်နှင့် အခြား လွှတ်တော်အမတ်များ၏ ဖိအားကြောင့် TikTok အပလီကေးရှင်းအား နိုင်ငံအတွင်း ပိတ်ပင်ရန်    လုပ်ဆောင်လာခဲ့ခြင်းဖြစ်သည်။

TikTok  အပလီကေးရှင်းသည် တရုတ်ကွန်မြူနစ်ပါတီနှင့် ဆက်နွှယ်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သောကြောင့် ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်အမတ်များက ရှင်းလင်းစွာ ပြောကြားခဲ့သည်။

၎င်းတို့၏ ပြောဆိုချက်မှာ TikTok  အပလီကေးရှင်းအနေဖြင့် ByteDance ကုမ္ပဏီမှခွဲထွက်၍    အမေရိကန်နိုင်ငံအတွင်း၌   ဆက်လက် လည်ပတ်ခွင့်ရှိကြောင်း၊ ထိုသို့ခွဲထွက်ခြင်း မရှိပါက  အမေရိကန်၏ အရေးယူမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ရီပတ်ဘလီကန်အမတ်တစ်ဦးဖြစ်သူ ကက်သီမက်မော်ရစ်ရောဂျာက သတိပေးခဲ့သည်။

ထို့ပြင် TikTok အပလီကေးရှင်းသည် နိုင်ငံအတွက် အမျိုးသား လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတစ်ရပ်အဖြစ်    အခြားလွှတ်တော်အမတ်များကလည်း  ရှုမြင်လျက်ရှိသည်။ ထို့ကြောင့် နောက်ဆုံးတွင် TikTok အပလီကေးရှင်းအား နိုင်ငံအတွင်း၌ အသုံးပြုမှု ပိတ်ပင်နိုင်စေမည့် မူကြမ်းတစ်ရပ်ကို အောက်လွှတ်တော်၌ မဲခွဲဆုံးဖြတ် ခဲ့ခြင်းဖြစ်သည်။ ထိုသို့မဲခွဲရာတွင်လည်း ထောက်ခံမဲ ၃၅၂ မဲ၊ ကန့်ကွက်မဲ ၆၅ မဲဖြင့် အတည်ပြုခဲ့သည်ကို တွေ့ရသည်။

အဆိုပါမူကြမ်းအရ   ByteDance အနေဖြင့် သန်း ၁၇၀ ခန့်ရှိသော အမေရိကန် ပြည်သူများက အသုံးပြုထားသည့် ဗီဒီယိုဖိုင်များနှင့် ၎င်းတို့၏ အချက်အလက်များကို ခြောက်လအတွင်းအပြီး ဖယ်ရှားပစ်ရမည်ဖြစ်သည်။ ထိုသို့လုပ်ဆောင်ရန် ပျက်ကွက်ပါက   ယင်းအပလီကေးရှင်း အသုံးပြုမှုအား အမေရိကန်က တားဆီးပိတ်ပင်မည် ဖြစ်သည်။

ထို့ကြောင့် အမေရိကန်၏ အဆိုပါ လုပ်ဆောင်ချက်သည်  အမေရိကန်နှင့် တရုတ်တို့ကြား တင်းမာမှုများကို မြင့်တက်လာစေခဲ့သည်။ အမေရိကန်၏ လုပ်ဆောင်ချက်ကို တရုတ်နိုင်ငံက ဝေဖန်ထားသည်။ အမေရိကန်၏   လုပ်ဆောင်ချက်သည် TikTok အပလီကေးရှင်းအား တရုတ်နိုင်ငံက  ပိုင်ဆိုင်နေခြင်းကို ဖိနှိပ်ရန်အတွက် နိုင်ငံ၏အမျိုးသား လုံခြုံရေးကို အကြောင်းပြ၍ အနိုင်ကျင့်ခြင်းဖြစ်သည်ဟု တရုတ်နိုင်ငံက စွပ်စွဲပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏  တုံ့ပြန်ချက်သည် ရှင်းလှသည်။   TikTok အပလီကေးရှင်းသည် အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟူသော သက်သေ အထောက်အထားများကို ပြသနိုင်ခြင်းမရှိသော်လည်း တရုတ်အစိုးရနှင့် နီးစပ်နေသည့် ByteDance ကုမ္ပဏီအပေါ် ဖိနှိပ်ထိန်းချုပ်နိုင်ရန်အတွက် နိုင်ငံ၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုခြင်းဖြစ်သည်ဟု တရုတ်ကဆိုသည်။

ထို့ပြင် အမေရိကန်၏ လုပ်ဆောင်မှုများသည် တရားမျှတမှု မရှိကြောင်း၊ ယခု လုပ်ဆောင်ချက်သည်  အနိုင်ကျင့်သည့် အပြုအမူဖြစ်ကြောင်း တရုတ်အစိုးရက ဝေဖန်ပြောကြားထားသည်။ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အမေရိကန်၏ လုပ်ဆောင်ချက် သည် အမေရိကန်ပြည်သူထောင်ပေါင်း များစွာအား အန္တရာယ်ကျရောက်စေနိုင် ကြောင်း   TikTok  အပလီကေးရှင်းမှ အမှုဆောင်အရာရှိချုပ် ရှောချူက ပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် နည်းပညာနှင့် စက်မှုကဏ္ဍတွင်  နိုင်ငံအတွင်း လာရောက် ရင်းနှီးမြှုပ်နှံနေသည့်    ပြည်ပနိုင်ငံများမှ ကုမ္ပဏီများ၊ အထူးသဖြင့် တရုတ်ကုမ္ပဏီ များအပေါ်   တင်းကျပ်လျက်ရှိသည်။ ထို့ကြောင့် အမေရိကန်အနေဖြင့် ဈေးကွက် စီးပွားရေး၏ အခြေခံ သဘောတရားများကို အမှန်တကယ် လေးစားခြင်းအားဖြင့် မျှတစွာပြိုင်ဆိုင်မှုပြုပြီး အခြားနိုင်ငံများမှ စီးပွားရေး လုပ်ငန်းများအပေါ် ဖိနှိပ်ခြင်း များကို ရပ်ဆိုင်းသင့်ကြောင်း    တရုတ်အစိုးရက ယခင်ကတည်းက တောင်းဆို ထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်က TikTok အပလီကေးရှင်းအား နိုင်ငံအတွင်း လုပ်ငန်းလည်ပတ်ခြင်းအား  တားဆီးနိုင်မည့်မူကြမ်းအား အတည်ပြုလိုက်ပြီး နောက်ပိုင်း တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရန်အတွက်   တရုတ် အစိုးရက   လိုအပ်သည့်ဆောင်ရွက်ချက် အားလုံးကို   လုပ်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်အစိုးရက လူသိရှင်ကြားပြောဆိုခဲ့ရာ TikTok အပလီကေးရှင်းအား အသုံးပြုမှု ပိတ်ပင်တားဆီးနိုင်မည့် မူကြမ်းသည် အမေရိကန်နှင့် တရုတ်တို့ကြား အပြီးမသတ်နိုင်သေးသည့် ကုန်သွယ်ရေး စစ်ပွဲအပြင် နည်းပညာ ကန့်သတ်မှုကိုပါ ဖြစ်ပေါ်လာစေနိုင်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။