ရုရှားသမ္မတရွေးကောက်ပွဲ၌ ဗလာဒီမာပူတင်က ထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိ

 

ရုရှားသမ္မတရွေးကောက်ပွဲ၌ ဗလာဒီမာပူတင်က ထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိ

 

    ရုရှားနိုင်ငံတွင် ကျင်းပသည့်   သမ္မတ ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ ဗလာဒီမာ ပူတင်က လူထုထောက်ခံမဲ အများဆုံးဖြင့် အနိုင်ရရှိသွားကြောင်း  ရွေးကောက်ပွဲ ကော်မရှင်က မတ်လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

သမ္မတရွေးကောက်ပွဲအား   နိုင်ငံအတွင်း၌ မတ်လ ၁၅ ရက်မှစ၍ သုံးရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး      စုစုပေါင်းမဲ ၉၉ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးနောက်တွင် သမ္မတပူတင်က  ထောက်ခံမဲ ၈၇ ဒသမ ၂၉ ရာခိုင်နှုန်းဖြင့် အခြားကိုယ်စားလှယ်လောင်း သုံးဦးကို ကျော်ဖြတ်၍ အနိုင်ရရှိခြင်း ဖြစ်သည်။ ယခုရရှိသည့် ပူတင်၏ ထောက်ခံမဲ ပမာဏသည် ၂၀၁၈ ခုနှစ်က ရရှိခဲ့သည့် ထောက်ခံမဲပမာဏနှင့်  နှိုင်းယှဉ်ပါက မြင့်တက်လာခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်၊ ရွေးကောက်ပွဲ၌ ပူတင်သည် ထောက်ခံမဲ ၇၆ ဒသမ ၆၉ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်ကျင်းပခဲ့သည့်   သမ္မတရွေးကောက်ပွဲသို့  မဲပေးပိုင်ခွင့်ရှိသူ ပြည်သူ ၇၇ ဒသမ ၄၄ ရာခိုင်နှုန်း လာရောက်မဲပေးခြင်းကြောင့် နိုင်ငံ့၏ခေတ်သစ် သမိုင်းတွင် အများဆုံးဖြစ်လာကြောင်း  ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

သမ္မတရွေးကောက်ပွဲ၌ ပူတင်နှင့်အတူ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ် လောင်းများတွင် နီကိုလိုင် ခါရီတိုနော့ဗ်၊ အမျိုးသားဝါဒီ တစ်ဦးဖြစ်သည့် လီယိုနစ် စလပ်စကီးနှင့် ပြည်သူ့ပါတီသစ်မှ ဗလာဒီဆလပ် ဒါဗန်နော့တို့ ပါဝင်ကြောင်းသိရ သည်။

အသက် ၇၁ နှစ်အရွယ်ရှိ ပူတင်သည် ယခင် KGB ထောက်လှမ်းရေး အဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီး အဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၁၉၉၉ ခုနှစ်မှစ၍ အာဏာ ရရှိလာခြင်းဖြစ်သည်။  ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းကြောင့် ပူတင်အနေဖြင့်   သမ္မတတာဝန်ကို အနည်းဆုံး  နောက်ထပ်ခြောက်နှစ်ကြာ ထမ်းဆောင်ရမည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် ပူတင်အား တရုတ်နှင့် မြောက်ကိုရီးယားတို့က ဝမ်းမြောက်ဂုဏ်ယူကြောင်း  ချီးကျူး ပြောကြားခဲ့သော်လည်း  အမေရိကန်နှင့် အနောက်နိုင်ငံများကမူ ရုရှားရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှု မရှိဟု ပြောဆိုထားကြောင်း သိရသည်။