အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
ခေတ်ဆန်သော အလှတစ်ရပ်ဖွဲ့စည်းထားသည်။ မျက်နှာအသားကတော့ သိပ်မချောလှ၊ တိုရီ အဖိုးတန်ခရင်မ်အောက်တွင် ပြုပ်ထနေသော အသားအရေကို ဆန်းဆန်းမြင့်က...
“ဘယ်တော့မှ ဒီအသားက လှမှာမဟုတ်ဘူး ဒါလောက်ပွေတာ” ဟုပြောတော့ အောင်က...
“ပွေတာနဲ့ အသားမလှတာနဲ့ မဆိုင်ပါဘူးတဲ့၊ သွေးမကောင်းရင်လည်း ဖြစ်တတ်ပါတယ်”
“အို တခြားလူတော့ မသိဘူး၊ သူကတော့ ပွေလို့ အသားမလှတာ သေချာတယ်”
“ဒီရှေ့နေက တယ်ကြောက်စရာကောင်းပါလား၊ ဇွတ်ချည်းကို ဆွဲချ တော့တာပဲ”
မမစံက ဆန်းဆန်းမြင့်၏ ခေါင်းကိုပုတ်ကာပြောရင်း ရယ်မောနေသည်။ အောင်က ရယ်နေရာမှ မျက်လုံးများမှာ ငေးနေသည်။
“ထွေးခင်နဲ့ အထွန်းတို့နှစ်ယောက်စလုံး သိပ်အသားလှတာပဲ၊ ချော မွတ်ပြောင်တင်းနေတာပဲ၊ သူတို့ကျတော့ ဖြူစင်တာ၊ သန့်ရှင်းတာ မျက်နှာမှာ ပေါ်နေတယ်၊ တကယ့်ကလေး မျက်နှာလေးတွေ၊ သူတို့က အချစ်တော်လည်း မထားဘူး၊ ပွေဖို့ဆိုတာလည်းဝေးရော”
ထိုနေ့က ဂီတာမတီးဖြစ်တော့။ လက်ဖက်သုပ်နှင့် ပဲလှော်သုပ်စားပြီး စုဝေးစကားပြောကြသည်။
“သေကြပါစေဟယ်...”
ချောစုက မျက်စောင်းတထိုးထိုးနှင့် ရင်ရင်ထိုက်တို့ကို ကျိန်ဆဲနေ သည်။
အခန်း(၉)
အထက်တန်းလွှာမိန်းမတို့၏အဆောင်အယောင်သည် ရင်ရင်ထိုက် မှန်တင်ခုံရှေ့တွင် ပြည့်နေသည်။ နှုတ်ခမ်းဆိုးဆေးတောင့် သုံးဆယ် ကျော်တန်ချည်း အရောင်ခြောက်မျိုး၊ ခုနစ်မျိုး။
လက်သည်းဆိုးဆေးတို့လည်း ထိုနည်းလည်းကောင်း၊ သူ့အဝတ် သေတ္တာထဲတွင် အင်္ကျီ၊ ထဘီ၊ အထည်ဝတ်စုံတွေ နှစ်ရာကျော်တောင် ရှိတယ်တဲ့။
“ရင်ရင်ထိုက်ကို ဘာလို့ သူယောင်မယ်လို့ ခေါ်တာလဲ”
ဆန်းဆန်းမြင့်က မေးဖူးသည်။ အောင်က မဖြေ။ ရယ်၍သာနေသည်။ ချောစုက အောင့်ကို မေးငေါ့လျက်...
“အဲဒီမိန်းမပေါ့ နာမည်ပေးတာ၊ ရင်ရင်ထိုက်ရဲ့ ခုလက်ရှိလူက ဇော်ဂျီ ရောင် ဆဲဗင်ဒေးအစရှပ်အင်္ကျီ အမြဲဝတ်တတ်လို့ ဇော်ဂျီနဲ့ပျော်ပါးတဲ့ သူယောင်မယ်လို့ တင်စားခေါ်လိုက်တာ”
“သူယောင်မယ်ဆိုတာ နာမည်လေးက လှကလှနဲ့”
ဆန်းဆန်းမြင့်က မကျေမနပ်ပြောနေသည်။ အောင်က ရယ်မော လျက်...
“ဟဲ့...မလှဘူးဟဲ့၊ သမိန်ပေါသွပ်ကာတွန်းထဲမှာ သူယောင်မယ်
ကို အနက်ဖွင့်ထားတာ ဇော်ဂျီနဲ့ ပျော်ပါးတဲ့မိန်းမတစ်မျိုးတဲ့”
မမစံပင် မနေနိုင်သဖြင့် တဟားဟားရယ်မောမိသည်။
“အဲဒီသူယောင်မယ်ဆိုတာ တကယ်ရှိလို့လား”
“ဟဲ့...မိဆန်းမြင့်ရဲ့ နင်ကလည်း တော်တော်ပေါက်ပါလား၊ ဒဏ္ဍာရီ တွေထဲပါတာ၊ ပွဲထဲမှာ အော်ပရာတွေ ဘာတွေမှာ ကတာမတွေ့ဘူးလား၊ သစ်ပင်မှာ အသီးလေးတွေ တွဲလောင်းသီနေတာကို ဇော်ဂျီက ဆေး တောင်ဝှေးနဲ့ တို့လိုက်တာနဲ့ ကောင်မလေးတွေ အချောစားတွေဖြစ်လာ တာကို တစ်ယောက်ပြီးတစ်ယောက် ပျော်ပါးတာ”
ချောစုက သည်တစ်ခါ ပြည့်ပြည့်စုံစုံရှင်းလေသည်။ အောင်က လွတ် လွတ်လပ်လပ် ရယ်မောလျက်...
“နင်က ပွဲထဲကဇော်ဂျီဖြစ်ချင်ပြန်ပြီလား”
“မိအောင်ကလည်း ကလေးဆန်လိုက်တာ ဒါမျိုး ငါဖြစ်ချင်မလားတဲ့၊ ယောကျ်ားတွေကြိုက်တဲ့ ဇာတ်လမ်းမျိုးပဲ၊ ငါသာယောကျ်ားဆိုရင်တော့ ကြိုက်ချင်ကြိုက်မှာပေါ့”
ဆန်းဆန်းမြင့်က ရယ်ကာမောကာပြောရင်း အောင့်ပါးကို ဆွဲလိမ် သွားလေသည်။ သည်တော့ အောင်သည် အတွေးနှင့်ငေးသွားကာ “ဒီလို ဆိုရင် ယောကျ်ားတွေက မျက်နှာများချင်တာပေါ့။ ငါလည်းများမှာပဲ၊ ငါယောကျ်ားတော့ မယူချင်ဘူး၊ ရည်းစားတွေတော့ တစ်ယောက်ပြီးတစ်ယောက် ထားပစ်ချင်တယ်”
ချောစု ပြောမိသေးသည်။ ချောစုက ရယ်မောလျက်...
“အောင်...အောင်၊ နင်ဟာလေ နင့်အတွေးတွေက အသက်သုံး ဆယ်ကျော် ရင့်တဲ့မိန်းမတွေလို တွေးတတ်ပြီး တစ်ခါတလေတော့လည်း နင် ဆယ့်နှစ်နှစ်သမီးလေးတွေရဲ့ ဦးနှောက်မျိုးနဲ့ တွေးပြန်ရော”
“ငါ ဆယ်နှစ်သမီးကတည်းက စာတွေဖတ်လာတာ၊ တို့အိမ်မှာ စာအုပ်စင်တောင်မရှိဘူး၊ ဂေါ့ဖ်ဆက်ထားတဲ့စင်ပဲရှိတယ်၊ ဘယ်သူမှလည်း စာမဖတ်ကြဘူး၊ ငါ့အဖေကြီးက သတင်းစာတောင် အနိုင်နိုင်ရယ်”
“ငါ့အမေဆိုရင် အင်္ဂလိပ်သတင်းစာကို လူတွေရှေ့ ဟန်လုပ်ဖတ်တာ တွေ့ဖူးတယ်၊ စာအုပ်ဆိုလို့ ဘာမှမဖတ်ဘူး၊ ငါက ကျောင်းကနေ စာဖတ် လာတာ၊ အထွန်းကြောင့် ကိုးတန်းကျ စာတွေအများကြီးဖတ်ဖြစ်တယ်”
ဆက်လက်ဖော်ပြပါမည်။