အင်ဒိုနီးရှားတွင် ရေကြီးမှုများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာက နေအိမ်များကို စွန့်ခွာထွက်ပြေး

 

အင်ဒိုနီးရှားတွင် ရေကြီးမှုများကြောင့် ဒေသခံပြည်သူ ထောင်ပေါင်းများစွာက နေအိမ်များကို စွန့်ခွာထွက်ပြေး

 

    အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်း ဂျာဗားပြည်နယ်တွင် ရေကြီးမှုများဖြစ်ပွားခြင်းကြောင့် ဒေသခံပြည်သူထောင်ပေါင်း များစွာက နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သဘာ၀ ဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက မတ် လ ၁၈ ရက်တွင် ထုတ်ပြန်သည်။

ရေကြီးမှုများသည်  အလယ်ပိုင်းဂျာဗား ပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်ပိုင်းမှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး  လက်ရှိတွင် ဒေသခံပြည်သူ ၂၂၀၀၀ ကျော်မှာ ယာယီ ခိုနားဆောင်များတွင် နေထိုင်လျက်ရှိသည်။ ယင်းပြည်နယ်တွင် မိုးသည်းထန်စွာရွာသွန်း မှုကြောင့် ခရိုင်ခွဲ ၁၁ ခုရှိ ကျေးရွာပေါင်း ၈၉ ရွာမှာ ရေနစ်မြုပ်သွားကြောင်း သဘာ၀ ဘေးအန္တရာယ်လျှော့ချရေး အေဂျင်စီက ပြောသည်။

ရေကြီးမှုကြောင့် ပြည်နယ်အတွင်းရှိ ဝူလန်မြစ်ပေါ်တွင် တည်ဆောက်ထားသည့် ရေလှောင်တမံကျိုးသွားခြင်းကြောင့် ဒီမက် ဒေသတွင် ရေလွှမ်းမိုးမှု အဆိုးရွားဆုံးဖြစ်ပွား ခဲ့ပြီး ယင်းဒေသတွင်းရှိ ပြည်နယ်ချင်းဆက်  အဝေးပြေးလမ်းမ၏ ဆက်သွယ်ရေးကိုပါ ပြတ်တောက်စေခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံသည် မိုးရာသီကာလ အတွင်းတွင်လည်း ရေကြီးမှုနှင့် မြေပြိုမှုများ နှင့် ရင်ဆိုင်ရလေ့ ရှိသည်။