တောင်ကိုရီးယားသို့ ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များအား စမ်းသပ်ပစ်ခတ်

 

တောင်ကိုရီးယားသို့ ဘလင်ကန် လာရောက်လည်ပတ်စဉ် မြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်များအား စမ်းသပ်ပစ်ခတ်

 

    တောင်ကိုရီးယားနိုင်ငံသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန် လာရောက် လည်ပတ်စဉ်အတွင်း မြောက်ကိုရီးယားနိုင်ငံက မတ်လ ၁၈ ရက်တွင် ၎င်းတို့၏ တာတိုပစ်ပဲ့ထိန်း ဒုံးကျည်များကို စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်ဘက် အရာရှိများ၏ ပြောကြားချက်ကို ကိုးကား၍ ယွန်ဟပ်သတင်းအေဂျင်စီက ထုတ်ပြန်သည်။

မြောက်ကိုရီးယား၏ ယခုလုပ်ဆောင်သည့် ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုသည် နှစ်လ အတွင်း ပထမဆုံးအကြိမ် လုပ်ဆောင်သည့် စမ်းသပ်ပစ်ခတ်မှုဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်များကို ဒေသစံတော်ချိန် နံနက် ၇ နာရီ ၄၄ မိနစ်နှင့် ၈ နာရီ ၂၂ မိနစ်ကြားတွင် ပစ်ခတ် ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်လိုက်သည့် ပဲ့ထိန်းဒုံးကျည်များသည် အကွာအဝေး ၃၀၀ ကီလိုမီတာခန့် ပျံသန်းသွားပြီး ဂျပန်ပင်လယ်အတွင်းသို့ ကျရောက်သွားကြောင်း  တောင်ကိုရီးယား စစ်ဘက်က ထုတ်ပြန်သည်။ မြောက်ကိုရီးယား နိုင်ငံသည် KN-24အမျိုးအစား ဒုံးကျည်နှင့် ဆင်တူသည့် ဒုံးကျည်အနည်းဆုံး သုံးစင်းကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး  ယင်းသို့လုပ်ဆောင်ခြင်းသည် ကိုရီးယားကျွန်းဆွယ်ပေါ် တည်ငြိမ်အေးချမ်းမှုအပေါ် ခြိမ်းခြောက်သည့် ရန်စမှုဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက်က ဆက်လက် ထုတ်ပြန်သည်။

ဘလင်ကန်သည် တောင်ကိုရီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  ဒီမိုကရေစီထိပ်သီး ဆွေးနွေးပွဲသို့ တက်ရောက် ရန်အတွက် ယင်းနိုင်ငံသို့ မတ်လ ၁၇ ရက်တွင် ရောက်ရှိလာခြင်းဖြစ်သည်။ တောင်ကိုရီးယား အစိုးရသည် ဒီမိုကရေစီ ထိပ်သီးဆွေးနွေး ပွဲအား  မတ်လ ၁၈ ရက်မှ ၂၀ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။