အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်တွင် မန်ယူအသင်းနှင့် ကိုဗင်ထရီအသင်း မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေ

 

အက်ဖ်အေဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ် အဆင့်တွင် မန်ယူအသင်းနှင့် ကိုဗင်ထရီအသင်း မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေ

 

    အက်ဖ်အေဖလားပြိုင်ပွဲ  ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များပြီးဆုံးပြီးနောက်   ဆီမီးဖိုင်နယ် အဆင့်တွင်  မန်ယူအသင်းနှင့် ကိုဗင်ထရီအသင်း၊ မန်စီးတီးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ထိပ်တိုက် တွေ့ဆုံနေကြောင်း သိရသည်။

အက်ဖ်အေဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်အဆင့်တွင် အင်္ဂလန်ချန်ပီယံ ရှစ်ကလပ် ကိုဗင်ထရီအသင်းသည်  ဝုဗ်အသင်းနှင့် ကစားရာတွင်  ၃ ဂိုး- ၂ ဂိုးဖြင့်   အနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ပြီး မန်စီးတီးအသင်းသည်လည်း နယူးကာဆယ် အသင်းနှင့်ကစားရာတွင် ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

အလားတူ ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်များအဖြစ် ချယ်လ်ဆီးအသင်းနှင့်  အင်္ဂလန်ချန်ပီယံရှစ် ကလပ် လက်စတာအသင်းတို့ ကစားရာ ချယ်လ်ဆီးအသင်းသည် ခက်ခက်ခဲခဲကစားခဲ့ရပြီး  လက်စတာအသင်း ကစားသမားတစ်ဦး အနီကတ်ဖြင့် ထွက်ခွာပြီးနောက်မှသာ ချယ်လ်ဆီးအသင်းက ၄ ဂိုး- ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး မန်ယူအသင်းနှင့် လီဗာပူးအသင်းတို့ ပွဲစဉ်တွင်လည်း  ပွဲချိန်  မိနစ် ၉၀ တွင် နှစ်ဂိုးစီသရေရလဒ်ကြောင့်  အချိန်ပို  မိနစ်  ၃၀ ဆက်လက်ကစားရာတွင်လည်း  မန်ယူအသင်းက နှစ်ဂိုးသွင်းယူနိုင်ကာ လီဗာပူးအသင်းက တစ်ဂိုးသာ သွင်းယူနိုင်သည့်အတွက် မန်ယူအသင်းက ၄ ဂိုး-၃  ဂိုးဖြင့် အနိုင်ရရှိပြီး ဆီမီးဖိုင်နယ် အဆင့်သို့ တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဆီမီးဖိုင်နယ်အဆင့်ပွဲစဉ်များ အဖြစ် လာမည့် ဧပြီလ ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့ရှိ ဝင်ဘာလေ အားကစားကွင်း၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ပြီး  ဗိုလ်လုပွဲကစားရမည့်ရက်ကို  အင်္ဂလန်နိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ထပ်မံထုတ်ပြန်မည်ဖြစ်သည်။

လက်ရှိ   ဆီမီးဖိုင်နယ်အဆင့် တက်ရောက်လာခဲ့သည့် အသင်းများတွင် အက်ဖ်အေဖလားအား မန်ယူ အသင်းက ၁၂ ကြိမ်၊ ချယ်လ်ဆီးအသင်းက ရှစ်ကြိမ်၊ မန်စီးတီးအသင်းက ခုနစ်ကြိမ်နှင့် ကိုဗင်ထရီအသင်းက တစ်ကြိမ်စီ ရရှိထားကြောင်း သိရသည်။