ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ သတင်းယူ

ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား မြန်မာနိုင်ငံမှ မီဒီယာအဖွဲ့ သွားရောက်လေ့လာ သတင်းယူ

နေပြည်တော်၊ ၂၀၂၄ မတ် - ၁၉

ရုရှားဖက်ဒရေးရှင်းနိုင်ငံ President of the Civic Chamber of the Russian Federation ၏ ဖိတ်ကြားမှုအရ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်း၏ စီစဉ်ပေးမှုဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့အထိကျင်းပသော ရှရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲအား သတင်းမှတ်တမ်းရယူ ရိုက်ကူးရန်နှင့် ရုရှားနိုင်ငံအတွင်း မီဒီယာပိုင်းဆိုင်ရာ ပူးပေါင်းလေ့လာရေးများ ဆောင်ရွက်ရန်အတွက် မြန်မာမီဒီယာအဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့သို့ သွားရောက်ခဲ့ကြသည်။

အဆိုပါ မြန်မာမီဒီယာအဖွဲ့သည် ရှရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ ရွေးကောက်ပွဲကာလအတွင်း  ရွေးကောက်ပွဲ စည်းကမ်းထိန်းသိမ်းရေးဌာနချုပ်သို့ သွားရောက်၍ ရွေးကောက်ပွဲမဲပေးမှုအခြေအနေအား ကြီးကြပ်ကွပ်ကဲနေမှုများအား လေ့လာ ရိုက်ကူးမှတ်တမ်းတင်ခြင်း၊ ရှရှားဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကိုမြို့၊ ဒူးမားလွှတ်တော်မှ ဥက္ကဋ္ဌဖြစ်သူ Mr. Alexsey Valerievich Shaposhnikov နှင့် တွေ့ဆုံမေးမြန်းခြင်း၊ ရွေးကောက်ပွဲ စည်းကမ်းထိန်းသိမ်းရေးဌာနချုပ်အတွင်း အွန်လိုင်း မဲပေးစနစ်နှင့် မဲပေးနေမှုများအား စောင့်ကြည့်ထိန်းသိမ်းထားမှု၊ မော်စကိုမြို့ အတွင်းမဲပေးလျက်ရှိသော မဲရုံများအား စောင့်ကြည့်နေမှု၊ အီလက်ထရောနစ် စနစ်နှင့် မဲပေးသည့်စက်များနှင့် မဲပေးပုံနည်းစနစ်များ လေ့လာခြင်း၊ မော်စကိုမြို့အတွင်းရှိ မဲရုံအမှတ်(၄၁၀)နှင့် (၄၀၂)တို့တွင် ဒေသခံ ပြည်သူများကိုယ်တိုင် မဲပေးသည့် စနစ်နှင့် မဲပေးနေမှုများအား  သွားရောက်ကြည့်ရှုလေ့လာ၍ မဲရုံများမှ တာဝန်ရှိသူများနှင့် လာရောက် မဲပေးကြသူများအား တွေ့ဆုံမေးမြန်းခြင်း၊ မြန်မာနိုင်ငံ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို အပါအဝင် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာသူများအား တွေ့ဆုံမေးမြန်းခြင်း၊ ဒူးမားအထက်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ Mr. Sholban Kara-ool နှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာများနှင့်ပတ်သက်၍ သိရှိလိုသည်များ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲကို မတ်လ ၁၅ ရက်မှ ၁၇ ရက်ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သမ္မတလောင်း ၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ  မဲရေတွက်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးချိန်တွင် Vladimir Vladimirovich Putin က ၈၇ ဒဿမ ၂၈ ရာခိုင်နှုန်း၊ Nikolai Mikhailovich Kharitonov က ၄ ဒဿမ ၃၁ ရာခိုင်နှုန်း၊  Vladislav Andreevich Davankov က ၃ ဒဿမ ၈၅ ရာခိုင်နှုန်း၊ Leonid Eduardovich Slutskyက ၃ ဒဿမ ၂၀ ရာခိုင်နှုန်း အသီးသီး ရရှိကြောင်းနှင့် Vladimir Vladimirovich Putin က ပြတ်သားသည့် မဲရလာဒ်ဖြင့် အနိုင်ရရှိခဲ့ ကြောင်း သိရှိရသည်။

မြန်မာမီဒီယာအဖွဲ့အနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတ ရွေးကောက်ပွဲအား ယခုကဲ့သို့ သွားရောက်လေ့လာခဲ့ရသောကြောင့် ရုရှားနိုင်ငံ၏ ရွေးကောက်ပွဲ ကျင်းပပုံနည်းစနစ်များ၊ ရွေးကောက်ပွဲစီမံခန့်ခွဲမှု နည်းလမ်းများ၊ ရွေးကောက်ပွဲတွင် နည်းပညာ အသုံးပြုဆောင်ရွက်နေမှုများ၊ သတင်းမီဒီယာနှင့် မီဒီယာကဏ္ဍများကို လေ့လာသိရှိနိုင်မည့်အပြင် နိုင်ငံတကာမှ ရွေးကောက်ပွဲ လေ့လာသူများအကြား အမြင်ချင်း ဖလှယ်ဆွေးနွေးခွင့်များ၊ အတွေ့အကြုံ မျှဝေခွင့်များရရှိခဲ့ကြောင်း သတင်းရရှိသည်။