အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များ၌ အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းများဖွင့်လှစ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များ၌ အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာအခြေခံ သင်တန်းများဖွင့်လှစ်

နေပြည်တော်၊ ၂၀၂၄ မတ် ၁၉

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက် ကာလများတွင် အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်၊ အကျင့်စာရိတ္တ ကောင်းမွန်ပြီး ပညာထူးချွန်သူများ ဖြစ်လာစေရန်၊ လက်တွေ့အသုံးချ ဘာသာရပ်များနှင့်အတူ ဗဟုသုတရစေပြီး အသိပညာ၊ အတတ်ပညာတိုးပွားစေရန် ရည်ရွယ်၍ အခြေခံ အင်္ဂလိပ်သဒ္ဒါနှင့် စကားပြောသင်တန်း၊ ကွန်ပျူတာ သင်တန်းများကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်အောင်မြင်ခန်းမ၌ ဖွင့်လှစ်ရာ  အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ/စစ်သည်မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ကြသည်။                                                                                          

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းအလိုက် အထောက်အကူပြု ပစ္စည်းများ ပေးအပ်ပြီး သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

အလားတူ တိုင်းစစ်ဌာချုပ်ကွပ်ကဲမှုအောက် တပ်နယ်အသီးသီးရှိ တပ်ရင်း/ တပ်ဖွဲ့များ၌လည်း အဆိုပါသင်တန်းများကို ယနေ့တွင် ဖွင့်လှစ်ခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ သင်တန်းများ၌ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း ၄၃၇၀ ဦးအား ယနေ့မှ မတ် ၂၉ ရက်နေ့ထိ ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။