မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့် ကားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့် ကားများကို လုံခြုံရေး တပ်ဖွဲ့ဝင်များက ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ မတ် ၁၉

         မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွေးစုကျေးရွာကို မတ်လ ၁၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်း ပစ်ခတ်ဝင်ရောက်ပြီး နာရေးကူညီမှု ပရဟိတအသင်းရုံးနဲ့ကားကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် စွပ်စွဲရေးသားထားသည့်  သတင်းတု၊ သတင်းအမှားများကို ပြည်သူများ အထင်အမြင် လွဲမှားစေရန် တရားမဝင် ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်ပေါ်တွင် ရေးသားဖြန့်ဝေနေသည် ကိုတွေ့ရှိရသည်။

         အဆိုပါသတင်းနှင့်ပတ်သက်၍ မတ္တရာမြို့နယ်မှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ရွေးစုကျေးရွာမှ နာရေးကူညီမှုအသင်းရုံးနှင့်ကားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်း မရှိကြောင်း သိရှိရသည်။ မတ္တရာမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဝင်ရောက်လှုပ်ရှားမှု မရှိစေရန်အတွက် ဒေသခံပြည်သူများနှင့်လက်တွဲ၍ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ မတ်လ ၁၈ ရက်နေ့က အများပြည်သူ အသုံးပြုလျက်ရှိသည့် ရွေးစုကျေးရွာနှင့် လက္ကောင်းကြီးကျေးရွာသွား မြေသား လမ်းပေါ်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ် မိုင်းများတွေ့ရှိရသဖြင့် ပြည်သူများထိခိုက်မှုမရှိစေရန်အတွက် စနစ်တကျဖောက်ခွဲ ဖျက်ဆီးခဲ့ရကြောင်း သိရှိရသည်။

         တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများအားထင်ယောင်ထင်မှား ဖြစ်စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကိုအခြေခံကာ သတင်းတု၊ သတင်းအမှားများကို တစ်ဖက်သတ် စွပ်စွဲရေးသားဖြန့်ဝေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။