၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်

 

၂၀၂၄ ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်

 

မော်လမြိုင်  မတ်  ၁၉

    ၂၀၂၄ ခုနှစ်  နှစ်(၅၀)ပြည့်  ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားနှင့် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့၌ ကျင်းပရာ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူး   ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး တက်ရောက်ချီးမြှင့်သည်။

ဦးစွာ နှစ်(၅၀) ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အခမ်းအနားကို မော်လမြိုင်မြို့ သမိန်ဗရမ်း(ဘက်စုံသုံးကွင်း)၌ ကျင်းပရာ အခမ်းအနားသို့   နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးနှင့်အတူ   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ခွန်စံလွင်၊  ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမင်းနောင်၊ ဦးလှမိုးနှင့်  Jeng  Phang နော်တောင်၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်လင်းမောင်၊ ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တက်ရောက်လာကြသူများက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများနှင့် ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ   နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ပေးပို့သည့် ၂၀၂၄ခုနှစ် နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး က ဖတ်ကြားသည်။

ယင်းနောက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက   နှစ်(၅၀)ပြည့် ရွှေရတု   မွန်ပြည်နယ်နေ့အထိမ်းအမှတ် နှုတ်ခွန်းဆက်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးသည် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယ ဝန်ကြီးများနှင့်အတူ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပသည့် နှစ်(၅၀)ပြည့် ရွှေရတု မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်ဂုဏ်ထူးဆောင်ဆုများ ချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဂုဏ်ပြုစကား ပြောကြားသည်။

ထို့နောက် မွန်ပြည်နယ်၏ ရိုးရာဓလေ့ ထုံးတမ်းများ၊ ရိုးရာလက်မှု လုပ်ငန်းများ၊ ထင်ရှားကျော်ကြားလှသည့် ခရီးစဉ်ဒေသများအား ဂုဏ်ပြုဖော်ကြူးထားသည့် အလှဖြာဝေ ရာမညဌာနေ Video Clip ကို ပြသသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူးက   ပြည်နယ် ဂုဏ်ထူးဆောင် ထူးချွန်ဆုများဖြစ်ကြသည့် စီးပွားရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ စိုက်ပျိုးရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆု၊ မွေးမြူရေးထူးချွန်မှု  ဂုဏ်ထူးဆောင်ဆု၊ စက်မှုလက်မှုထူးချွန်မှု ဂုဏ်ထူးဆောင်ဆုနှင့် စီမံခန့်ခွဲရေးထူးချွန်မှု ဂုဏ်ထူးဆောင်ဆုရရှိသူများကို ဆုများပေးအပ် ချီးမြှင့်ပြီး ဆုရရှိသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ဖြစ်ကြသည့် ပိုးရယ် အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်နှင့် ခွန်စံလွင်တို့က ပြည်နယ် ဂုဏ်ထူးဆောင် ထူးချွန်ဆုရရှိသူများအား ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က   ပြည်နယ်အတွင်းရှိ ကျေးရွာများ မီးလင်းရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် ဆိုလာအစုံ ၁၅၀ အား ပြည်နယ်ဝန်ကြီးချုပ်ထံ ပေးအပ်သည်။

 မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် မုဒုံမြို့ရှိ  Fuxing Brother Rubber Industrial Co.,Ltd. သို့ရောက်ရှိကြရာ စက်ရုံတာဝန်ရှိသူက စက်ရုံသမိုင်းကြောင်း၊ ရည်ရွယ်ချက်နှင့်   ရော်ဘာထုတ်လုပ်မှု လုပ်ငန်းစဉ်များကို   ရှင်းလင်းတင်ပြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် စက်ရုံအတွင်း ရော်ဘာ ကုန်ကြမ်းမှ ကုန်ချောအဖြစ် အဆင့်ဆင့် ထုတ်လုပ်ဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုကြသည်။

 ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် မော်လမြိုင် မြို့ရှိ  Myanmar Lighting (IPP) Co.,Ltd. ၏ (၂၃၀) မဂ္ဂါဝပ် သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ် အပူသုံး ဓာတ်အားပေးစက်ရုံသို့ ရောက်ရှိကြရာ   တာဝန်ရှိသူက စက်ရုံ၏  စီမံကိန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြပြီး   နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ အတွင်းရေးမှူးနှင့် အဖွဲ့သည် စက်ရုံအတွင်းလုပ်ငန်း ဆောင်ရွက်လည်ပတ်နေမှု အခြေအနေများကို ကြည့်ရှု ကြသည်။

ညပိုင်းတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် သမိန်ဗရမ်း (ဘက်စုံသုံးကွင်း)၌ ကျင်းပသည့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲနှင့် မွန်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ရှေးဦးစွာ မွန်ရိုးရာယဉ်ကျေးမှုအဖွဲ့က နှစ်(၅၀)ပြည့် ရွှေရတုမွန်ပြည်နယ်နေ့ ဂုဏ်ပြု သီချင်းဖြင့် ဖျော်ဖြေတင်ဆက်သည်။

ဆက်လက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးက မွန်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲ၏ ရိုးရာယိမ်းအက အဖွဲ့လိုက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိကြသည့် ယိမ်းအဖွဲ့များကို ဆုများ ပေးအပ်ချီးမြှင့်သည်။

 ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွန်တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အတီးပြိုင်ပွဲတွင် ဘာသာရပ်အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိကြသူများကို ဆုများပေးအပ် ချီးမြှင့်ကြသည်။

ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူးနှင့် အဖွဲ့သည် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွ သုံးဆောင်ကြပြီး မွန်ပြည်နယ် ရိုးရာယဉ်ကျေးမှု အဖွဲ့များ၏ ရိုးရာအကအလှများနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးကြသည်။