“အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်”

  “အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက် နှောင့်ယှက်လျက်ရှိသဖြင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးမည်”

နေပြည်တော်  မတ်  ၁၉

၁။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade- 12  ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲများကို ၁၁-၃-၂၀၂၄ ရက်နေ့မှ စတင်၍ ၁၉-၃-၂၀၂၄ ရက်နေ့ထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ၏ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင်  အကြမ်းဖက်သောင်းကျန်းသူများနှင့် PDF အမည်ခံ အကြမ်းဖက်သမားများက နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်နှောင့်ယှက်လျက် ရှိသော  ဒေသအချို့ရှိ ကျောင်းသား၊  ကျောင်းသူများသည် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုရန် အခွင့်အရေး ဆုံးရှုံးခဲ့ကြပါသည်။

၂။  သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး အခွင့်အလမ်း မဆုံးရှုံးစေရန်အတွက် လုံခြုံရေးအခြေအနေအရ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် မှတ်ပုံတင်ထားပြီးဖြစ်သော်လည်း တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် မရခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအတွက် အထူးအစီအစဉ်တစ်ရပ်ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ၏ ပံ့ပိုးကူညီပေးမှုအရ  သတ်မှတ်ထားသည့် အခြေခံပညာကျောင်းများရှိ   စာစစ်ဌာနများသို့ ကျောင်းသား၊ ကျောင်းသူများအား စုစည်းခေါ်ယူ၍   စာမေးပွဲဖြေဆိုစေခြင်း တို့ကို   ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ ဖြေဆိုမည့် နေ့ရက်နှင့် စာစစ်ဌာနများအား ထပ်မံထုတ်ပြန်သွားမည် ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန