အောင် ရဲ့ အောင်
ယမန်နေ့မှအဆက်
သည်တော့ အောင်သည် အတွေးနှင့် ငေးသွားပြန်သည်။ ဘာပဲဖြစ်ဖြစ် ကိုယ်ဖြစ် လာတဲ့ဘဝကိုတော့ ကျေနပ်ပါသည်။ အနည်းဆုံး ကိုယ့်အတွေးနှင့် ကိုယ့်စိတ်နေ သဘောထားကိုပေါ့။
ရင်ရင်ထိုက် ဖြစ်မလာတာ၊ ဖြူဖြူခေါ် ပျာကလတ်ဖြစ်မလာတာ၊ ရင်ရင်ထိုက်တို့ အားကျအတုခိုးနေတဲ့ အဆောင်မှာလာနေတဲ့ အရာရှိကတော် မိန်းမတစ်ဦးပုံစံ မျိုး ဖြစ်မလာတာ။
ထိုကတော်ကို မမခိုင်နွယ်လို့ ခေါ်ကြတယ်။ အသက် ၃၀ ကျော်၊ ၄၀ နီးပါးခန့် ရှိပြီ။ သူနှင့်အတူ သမီးပျိုလေးတစ်ယောက် မကြာခဏ လာရောက်နေတတ်သည်။ ဒေါ်ခိုင်နွယ်က အရွယ်တင်သည်။
သားအမိနှစ်ယောက် ဆင်တူဝတ်ထားလျှင် ညီအစ်မသဖွယ်ပင်။ သားအမိ နှစ်ယောက်မှာ မော်တော်ကားမောင်း သင်ကြသည်။ မြင်းစီးဘောင်းဘီဝတ်လျက် အင်းလျားလမ်းတစ်လျှောက် မြင်းစီးလည်း ကျင့်ကြသည်။
သူတို့ဆီလာကြသော လျှပ်စစ်ဂီတာ တီးကြသောသူများ။ ဖယ်မလီယာ၊ မာဇဒါ၊ တိုယိုတာကားများ မောင်းလာသော ကောင်လေးများ၏ အနောက်အပြောင်လည်း အောင်တို့ သည်းညည်းခံရသည်။
အောင်တို့နေသော လေးယောက်တစ်ခန်းကို ဒေါ်ခိုင်နွယ် တစ်ယောက်တည်း ၂၀၀ ကျပ်ပေးပြီး ငှားနေတာတဲ့။ လှတော့ တော်တော်လှသော မိန်းမ။
အသားဖြူဖြူနှင့် မျက်နှာလေးလှသလောက် ကိုယ်လုံးကလည်း အချိုးအစား ပြေပြစ်သည်။ သူ ညဉ့်နက်သန်းခေါင်မှ ပြန်လာလျှင် အောင်တို့အခန်းရှေ့က ဖြတ်သွားရတာမို့ တံခါးထဖွင့်ပေးရမြဲ။
“ညီမလေးတွေကို အားနာတယ်ကွယ်”
ဒေါ်ခိုင်နွယ်က ပြောမြဲပင်။ အဖိုးတန် ရှာနယ် အမှတ် ၅ ရေမွှေးရနံ့ဖြင့် အမြဲ သင်းပျံ့နေသော ဒေါ်ခိုင်နွယ်ကိုယ်တွင် ဝီစကီ သို့မဟုတ် အဖိုးတန် နိုင်ငံခြား အရက်တစ်မျိုးမျိုး အငွေ့အသက်က အမြဲလိုပင် ကပ်လျက်ပါလာလေသည်။ တကယ့်အထက်လွှာ သို့မဟုတ် အထက်တန်းစားလို့ အခေါ်ခံရတဲ့ နေရာသို့ရောက် နေကြသော အမျိုးသမီးများကို ဒေါ်ခိုင်နွယ်က အတုခိုးနေဆဲ၊ ရင်ရင်ထိုက်က ဒေါ်ခိုင်နွယ်အား တုလျက်ရှိသည်။
အပေါ်ယံအဝတ်အစား သားနားတောက် ပြောင်သော ရုပ်ဝတ္ထုပစ္စည်းများနှင့် အကဲ ခတ်လျှင်တော့ လူတကာသည် သူတို့အား ဂရုတစိုက်ဖြစ်စေဖို့ ရိုသေကျိုးနွံဖို့ သူတို့ မှာ ဂုဏ်သိက္ခာ၊ ပညာတစ်ပြားဖိုးမှ မရှိလျှင်နေပါစေ၊ အားလုံးက အရေးတယူ လုပ်ခြင်းကို ခံရမှာသေချာသည်။
ဒါကို ဂျက်လန်ဒန်ကတော့ လူ့ဘောင် အရှင်သခင်များ၊ ထိုအရှင်များရဲ့သခင် ဇနီး၊ သားသမီးများဟု သမုတ်တတ်သည်။ သည်မှာတော့ လူ့ဘောင်အရှင်သခင်တို့၏ အစွယ်အပွားများပါ ပါဝင်သည်ဟု အောင် က ဖြည့်စွက်သည်။
ညကျတော့ ချောစုနှင့် ဆွေးနွေးကြပြန် သည်။
“ငါ သိပ်ကြိုက်တဲ့ စကားတစ်ခုရှိတယ် ချောစု၊ ဒီကမ္ဘာလောကမှာ ရောဂါတစ်ခု ရှိတယ်တဲ့၊ ဒီရောဂါဟာ အသုံးမဝင်တဲ့လူတွေကို ပူဇော်တာတဲ့၊ ဆရာပါရဂူပြန်တဲ့ ဗုဒ္ဓဒိုင်ယာရီစာအုပ်ထဲမှာ ငါဖတ်ရတာ”
“အေး၊ ငါလည်း ဖတ်ရတယ်၊ သိပ်ကြိုက်တာပဲ၊ ဒါ အမှန်ပဲအောင်၊ တစ်ခါ တစ်ခါ ငါ စဉ်းစားမိတယ်၊ လောကကြီးမှာ အကာတွေက ရှေ့တန်းရောက်ပြီး တကယ့် အနှစ်သာရက မြုပ်မြုပ်နေတတ်တယ်ဆိုတာ”
အခန်း(၁၀)
အောင်က ကာလီဒါသ ပညာရှိအမတ်ကြီးကို အားကျလို့တဲ့။
သူ၏လေ့ကျင့်ခန်းစာအုပ်မှ စာမျက်နှာ အလွတ်ပေါ်တွင် အလယ်တည့်တည့်က မျဉ်းတားထားသည်။ စာအုပ်ဘယ်ဘက် ကွက်လပ်တွင် “အကာ”၊ ညာဘက်တွင် “အနှစ်”ဟု ရေးထားသည်။ အကာနှင့်အနှစ် ခေါင်းစဉ်အောက်တွင် သူနှင့်ထိတွေ့ရတဲ့ လူတွေနာမည်ကို ရေးထည့်မလို့တဲ့။
တစ်ခါတုန်းက ဟိန္ဒူအမျိုးအနွယ်တို့ ရှင်ဘုရင်က အမတ်ကြီးတွေကိုမေးသည် တဲ့။
လောကကြီးမှာ မျက်စိမမြင်သော အကန်းနှင့် မျက်စိမြင်သော အကောင်း ဘယ်သူများသလဲ ဆိုတော့ အမတ်အားလုံးက မစဉ်းစားဘဲ မျက်စိမြင်သော လူကောင်း တွေ များပါတယ်လို့ တစ်ခါတည်းဖြေလိုက် ကြတယ်တဲ့။ ကာလီဒါသကတော့ မဖြေဘူး။ သူ့ကို ရက်သတ္တတစ်ပတ်အချိန်ပေး ပါပြောပြီး နန်းရိပ်က ခွာခဲ့တယ်။
မင်း၊ မိဖုရား၊ မှူးမတ်၊ ဗိုလ်ပါ လူစုံ သူစုံ ရေဆင်းချိုးရာ ဂင်္ဂါရေချိုးဆိပ်ကမ်း နားက ညောင်ပင်ကြီးရိပ်အောက်မှာ သူ အိပ်ဖို့ ကြိုးခုတင်တစ်လုံးကို ထိုးနေပါရောတဲ့။ ရေချိုးဆိပ်ဆင်းလာတဲ့ မှူးမတ်၊ ဗိုလ်ပါ နန်းအမှုထမ်းအားလုံးက အမတ်ကြီးကို နှုတ်ဆက်ကြရင်း “ကာလီဒါသအမတ်ကြီး ဘာလုပ်နေသလဲ”လို့ မေးတယ်တဲ့။
ကာလီဒါသက သူကြိုးထိုးနေတာ မြင်လျက်သားနဲ့ “အမတ်ကြီး ဘာလုပ်နေသလဲ” လို့ မေးတဲ့သူကို အကန်းဆိုတဲ့ စာရင်းထဲမှာ ထည့်ရေးမှတ်သတဲ့။ “သြော်... အမတ်ကြီး ခုတင်ကြိုးထိုးနေသလား”လို့ မေးတဲ့လူကိုတော့ အကောင်းစာရင်းထဲ ထည့်တယ်တဲ့။
ဒါပေမဲ့ သိတဲ့အတိုင်း လူအများကတော့ ဘာလုပ်နေသလဲ မေးကြတော့ အကန်းထဲ ထည့်မှတ်လိုက်ရတာပေါ့။ ရှင်ဘုရင်ကြီးကလည်း ရေချိုးဆင်းရင်း အမတ်ကြီး ဘာလုပ်နေလဲ မေးတာပေါ့။
သည်တော့ ရှင်ဘုရင်လည်း အကန်းစာရင်းဝင်ပဲ၊ မိဖုရားကြီးလည်း ထိုနည်း လည်းကောင်းပဲ၊ ဒါကို ညီလာခံမှာပြတော့ မင်း၊ မိဖုရားကအစ အဲလိုဖြစ်နေတော့ ကာလီဒါသအမတ်ကြီးကို ရှင်းခိုင်းရတယ် တဲ့။ ကာလီဒါသက..
“မှန်ပါ၊ လောကကြီးမှာ သတိတရား မရှိတဲ့လူဟာ မျက်စိမြင်ပေမယ့် အကန်းနဲ့ တူပါတယ်၊ သတိရှိတဲ့လူကတော့ ပကတိ လူကောင်းပဲတဲ့”
အဲလိုပဲ သတိမမူ ဂူမမြင်၊ သတိမူတော့ မြူတောင်မြင်တယ်ဆိုတာလိုပေါ့။ အကန်း နဲ့အကောင်း ဥပမာနဲ့ ကာလီဒါသက လူတွေရဲ့အရည်အချင်းမှာ အနှစ်သာရကို တစ်ခါတည်း ဆွဲထုတ်လိုက်တာပဲ။
သည်ပုံပြင်ကိုမကြားဖူးသော ချောစုကို အောင်ကပြောပြရင်း သူလည်း စာအုပ်ထဲတွင် အကာ၊ အနှစ်စာရင်းကို နေ့ချင်း၊ ညချင်းပြုလုပ်လေသည်။
ဆက်လက်ဖော်ပြပါမည်။