တပေါင်း မတ်လ ပန်းနှယ်လှ၏

 

တပေါင်း မတ်လ ပန်းနှယ်လှ၏

 

ဆောင်းသက်လေ၊ ရော်ရွက်ကြွေ မြေမှာခပါတဲ့၊ နွေလအပြောင်း။  ပြာနုငယ်ကြည်၊ ကာဠုထေရ် ဂါထာစီတဲ့၊ ရာသီမိန် ချိန်သမယမှာ၊ လွမ်း(စရာ့) လှ တပေါင်း။    ။

ဟူသော စာရေးတော်ကြီး ဦးမောင်ကလေး၏ တပေါင်းလဘွဲ့ လက်တန်းကဗျာကို ဤလသို့ရောက်တိုင်း အမှတ်ရနေမိတော့သည်။

ကမ္ဘာပေါ်ရှိ  လူမျိုးတိုင်းတွင်  တစ်နှစ်၊ ဆယ့်နှစ်လရာသီမှာ ရှိကြမြဲဖြစ်သည်။ အချို့မှာ နတ်များကို အစွဲပြု၍လည်းကောင်း၊ ပျော်ပါးမှုကိုအစွဲပြု၍ လည်းကောင်း၊ အစားအသောက်များကို အစွဲပြု၍ လည်းကောင်း အမျိုးမျိုးပင်အမည်မှည့်ခေါ်ကြသည်။

လအမည်များကို သက္ကတဗေဒင်နက္ခတ်ကျမ်းတို့၌ ကောင်းကင်ပြင်တွင်ဖြစ်ပေါ်နေသော ကြယ်တာရာ၊ နက္ခတ်ရုပ်တို့ကို အကြောင်းပြု၍ မှည့်ခေါ်လေ့ရှိကြသည်။  ပါဠိဘာသာအားဖြင့်ကား စန်းယှဉ်နက္ခတ်ကို အကြောင်းပြု၍ ခေါ်ဝေါ်လေ့ရှိသည်။ မြန်မာမှု၌ကား လုပ်ငန်းကို အကြောင်းပြု၍လည်းကောင်း၊ သာသနာတော်ရေးကို အကြောင်းပြု၍လည်းကောင်း မှည့်ခေါ်ကြခြင်းဖြစ်သည်။

တပို့တွဲလတွင် ထန်းပင်မှ ပို၍တွဲလွဲကျနေသည်တို့ကို ပြုပြင်ရသောကြောင့် ထန်းပို့တွဲလဟု ခေါ်ကြသလို တပို့တွဲလတွင် ပြုပြင်ထားသော ထန်းနို့၊ ထန်းခိုင်စသည်တို့ဝယ်  မြူအိုးဖြင့်ခံ၍ရသော  ထန်းရည်တို့ကို ဖျဉ်းအိုးကြီးများဖြင့် စုပေါင်းရသော (ဝါ) ကျိုရသောလဖြစ်၍ ထန်းပေါင်းလဟု ခေါ်ကြပြီး ထိုမှ တပေါင်းလ ဟု ဖြစ်လာလေသည်။ လုပ်ငန်းကို အကြောင်းပြု၍ မြန်မာလတို့ကို သတ်မှတ်ကြသည်ဟု ရှေးပညာရှိတို့က သို့နှယ်ဆိုကြလေသည်။

ထန်းပေါင်းလ၊ တပေါင်းလသည် ကျက်သရေအပေါင်း အုပ်ဆောင်း စိုးမိုးနေသည့်အတွက် ကြက်ဆောင်းလ ဟူ၍လည်း ခေါ်ကြသေးသည်။ တပေါင်းလသည် နွေရာသီ၏ အဦးအစဖြစ်၍ ရွက်ဟောင်းများကြွေဆင်းကာ ရွက်သစ်များပေါ်ထွက်ချိန်ဖြစ်သည်။ ဥသြငှက်၏  ရင့်ကျူးမြည်ကြွေး ချိုအေးသောအသံတို့ဖြင့် လောကအား စိုးမိုးထားပြန်သည်။

တပေါင်းလပြည့်(တပေါင်းပွဲတော်)

    ဗုဒ္ဓဘုရားရှင်လက်ထက်တော်က    ဘုရားရှင်သည်  ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးလျက် အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒါယကာ၊ ဒါယိကာမများအား  တရားရေအေး  တိုက်ကျွေးလျက်ရှိသည်။ ထိုသတင်းကို  ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ  သားဘုရားကို  ဖူးတွေ့ချင်သဖြင့် အမတ်တစ်ယောက်ကို အခြွေအရံတစ်ထောင်နှင့်အတူ စေလွှတ်၍ ပင့်ဆောင်ခိုင်းလေသည်။ ထိုအမတ်သည် ဗုဒ္ဓထံရောက်သောအခါ ဗုဒ္ဓဟောကြားသည့် တရားကိုနာပြီး အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားလေသည်။ ဤနည်းဖြင့် အမတ်တို့ကို ကိုးကြိမ်တိုင်အောင်  စေလွှတ်သော်လည်း အားလုံးရဟန်း ပြုသွားကြသည်။ ဆယ်ကြိမ်မြောက်တွင် ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သည့် ကာဠုဒါယီ အမတ်ကို စေလွှတ်ပြန်သည်။ ကာဠုဒါယီအမတ်သည် ယခင်ရှေးနှယ် ရဟန်းပြုခဲ့သော်လည်း ခရီးလမ်းပန်း သာယာသော တပေါင်းလ အချိန်သို့ ရောက်သောအခါတွင် “အင်္ဂါရီနောဒါနိ ဒုမာဘဒ္ဒန္တေ”ဟူ၍ အစချီသည့် ဂါထာခြောက်ဆယ်ဖြင့် တပေါင်းလရာသီ၌   တောအုပ်၏ တင့်တယ်ပုံကို ကာဠုဒါယီမထေရ်က လျှောက်သည့်အတိုင်း မြတ်စွာဘုရားသခင်သည် ကပိလဝတ်ပြည်ကို ကြွချီတော်မူခဲ့သည်။ ယင်းကို  သျှင်အုန်းညိုကလည်း ဂါထာခြောက်ဆယ်ပျို့ဟူ၍ ခမ်းနားစွာ သီကုံးခဲ့ပြန်သည်။

တပေါင်းလပြည့်နေ့သည်    ဘုရားရှင် ပြည်တော်ဝင်ရန်   စတင်ခြေလှမ်းကြွသည့်နေ့ ဖြစ်သဖြင့် ဗုဒ္ဓဘာသာဝင်တို့အတွက် နေ့ထူးနေ့မြတ်ဖြစ်ခဲ့သည်။ ကာဠုဒါယီမထေရ်၏ တင်လျှောက်မှုအရ ပန်းပေါင်းစုံတို့သည် ကားကားစွင့်စွင့် ဖူးပွင့်ချိန်လည်းဖြစ်သည်။ အဆိုင်ဆိုင်သော သစ်သီးသီးနု  သီးရင့်တို့ဖြင့်လည်းပြည့်စုံနေကြသည်။ ကျေးငှက်သာရကာတို့လည်း ဘာသာပျော်ကြချိန်ဖြစ်သည်။ သာမန်အားဖြင့် နွေဦးကာလဖြစ်ငြား ပန်းချီကားတစ်ချပ်နှယ် လှပနေသော အချိန်ကာလဖြစ်သည်။ ခရစ်ပြက္ခဒိန်အရမူ မတ်လပင်ဖြစ်တော့သည်။

တစ်ဖန် တပေါင်းလကို  နက္ခတ်ဗေဒင်နည်းဖြင့် ကြည့်လျှင် ကောင်းကင်ပြင်တွင် ကြယ်နက္ခတ်တာရာတို့မှာ  ငါးကြင်းအဖို၊ အမ ကျောချင်းကပ်နေသော ပုံသဏ္ဌာန်ထင်နေသည့်အတွက်  မိန်ရာသီခေါ်ကာ ပါဠိဘာသာအားဖြင့် “ဖဂ္ဂုဏမာသ”ဟူ၍ ခေါ်တွင်လေသည်။ ရာသီအားလျော်စွာ  ပွင့်ကြသည့် ပန်းကား သရဖီပန်း၊ ပိတောက်ပန်း၊ အင်ကြင်းပန်းတို့ပွင့်၍ ဥတ္တရဘရဂုဏ္ဌီ (ဥတ္တရဖလဂုဏ္ဌီ) နက္ခတ်နှင့် စန်းယှဉ်ကာ ဆံကျင်တာရာမှာလည်း တစ်ပါတည်းယှဉ်တွဲလျက် နေရုံသာမက နေမင်းသည် ပြုဗ္ဗဘဒြပိုဒ်နက္ခတ်နှင့် ယှဉ်နေလေတော့သည်။ မွန်းတည့် ဖဝါးစမှာ ၄ ဖဝါးဖြစ်၍ မြန်မာနေ့နာရီ ၂၈၊ ညနာရီ ၃၂ ရှိလျက် နေမင်းကြီးမှာမူကား မဇ္ဈေဝီထိ ဟု ဆိုအပ်သော အလယ်လမ်းသို့ဝင်ကာ  တေဇောဓာတ် လွန်ကဲသောလပင်ဖြစ်လေသည်။

တပေါင်းလတွင်  သဲပုံစေတီတည်ခြင်း၊ ဘုရင်မင်းမြတ်နှင့်တကွ မင်းမှုထမ်း ရာထမ်းတို့သည် စေတီပုထိုးများ၌ ဆီမီးများကို ထွန်းညှိပူဇော်ခြင်းများ ပြုကြသည်။ မြစ်ယံသောင်ဦး ကမ်းနဖူး စသောနေရာများ၌ သဲပုံစေတီကိုတည်ကြပြီး ထိုသဲပုံစေတီ၌ပင် ဆွမ်းတော်ကြီးတင်ပွဲများကို နံနက်အရုဏ်တက်အချိန်၌ ပြုလုပ်လှူဒါန်းကြသေးသည်။ ရှေးအခါက တောင်သူလယ်သမားတို့ တည်ထားလေ့ရှိသော သဲပုံစေတီတော်များမှာ မူလတည်ခါစအချိန်တွင် အုတ်ဖြင့်မပြုလုပ်နိုင်ကြ၍ ရိုင်ပတ်တွင် သဲများဆင့်ပြီး တည်ထားလေ့ရှိသည်။ ထို့နောက်မှ နှစ်ကာလကြာလျှင် အုတ်တို့ဖြင့် စေတီကိုငုံလျက် စေတီကြီးအဖြစ်သို့ ဆက်လက် တည်ဆောက်ကြသည်ဟု ဆိုသည်။

တပေါင်းလသည်  ခရစ်နှစ်ပြက္ခဒိန်၏ တတိယမြောက်လဖြစ်သည့် မတ်လအတွင်း ကျရောက်သည်က များလေသည်။ မတ်လသည် ရက်ပေါင်းပြည့်ပြည့်၀၀ဖြင့် ၃၁ ရက်သတ်သော လလည်းဖြစ်သည်။ ၁၂ လရာသီပွဲတော်များနှင့်စည်ကားနေသော မြန်မာပြည်ဝယ် မတ်လအတွင်း၌  စည်ကား ရာပွဲတော်များရှိသည်။ တပေါင်းလသည် ထိုဂုဏ်အင်္ဂါတို့ဖြင့်ပြည့်စုံသည်ထက် ပြည့်စုံစေရန် တပ်မတော်နေ့က ထပ်မံဝန်းရံ ပံ့ပိုးပေးလိုက်ပြန်သည်။

တပ်မတော်နေ့

    ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ဒုတိယကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားသည်။ စစ်ကြီးနှင့်အတူ မြန်မာတို့၏   အမျိုးသားစည်းလုံးရေး စိတ်ဓာတ်၊ နယ်ချဲ့တော်လှန်ရေး စိတ်ဓာတ်တို့သည်  တဟုန်းဟုန်း ထကြွလာကြသည်။ အင်္ဂလိပ်အခက် မြန်မာအချက်ကို အခွင့်ကောင်းယူ၍ လွတ်လပ်ရေးအတွက် မည်သူနှင့်မဆို ပူးပေါင်းချင်စိတ် ဖြစ်ပေါ်နေကြသည်။ နယ်ချဲ့တို့အား ပြန်လည်တိုက်ခိုက်ရန် မိတ်ဆွေရှာဖွေခဲ့ရာ အရှေ့ဘက်တစ်လွားတွင် အင်္ဂလိပ်အား တိုက်မည့် ဂျပန်တို့၏အကူအညီကိုရယူကာ လွတ်လပ်ရေးရယူမည်ဟုဆုံးဖြတ်လိုက်ကြသည်။တို့ဗမာအစည်းအရုံး၏ အထွေထွေအတွင်းရေးမှူး သခင်အောင်ဆန်း အပါအဝင် မြန်မာ့မျိုးချစ်လူငယ် သုံးဆယ်(ရဲဘော်သုံးကျိပ်)တို့သည်     လျှို့ဝှက်စွာ စစ်သင်တန်းများ တက်ရောက်နိုင်ခဲ့သည်။ မြန်မာမျိုးချစ်လူငယ် သုံးကျိပ်တို့သည် မြန်မာနိုင်ငံမှ အသုတ်လေးသုတ်ခွဲကာ ထွက်ခွာကြပြီးနောက် တရုတ်-ဂျပန်စစ်ပွဲတွင် ဂျပန်တို့သိမ်းပိုက်ထားသော တရုတ်ပြည်တောင်ပိုင်း ဟိုင်နန်ကျွန်းရှိ ဆန်းငရွာအနီးတွင် စစ်ပညာသင်ကြားကြသည်။ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် အရှေ့အာရှစစ်ပွဲကြီး စတင်ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာလ ၂၇ ရက်တွင် ထိုင်းနိုင်ငံ  ဘန်ကောက်မြို့၌  ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို ရဲဘော်သုံးကျိပ်နှင့်တကွ ထိုင်းနိုင်ငံတွင် နေထိုင်ကြသော မြန်မာတို့ ပူးပေါင်း ဖွဲ့စည်းလိုက်သည်။

ထို့နောက် ဗိုလ်တေဇ ခေါ်  ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့်  ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်မ(၃၃)၊ (၅၅)တို့နှင့် ရင်ပေါင်တန်း၍ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ စစ်ကြောင်းလေးကြောင်းဖြင့် ဝင်ရောက်လာရာ ရန်ကုန်မြို့ကို ၁၉၄၂ ခုနှစ် မတ်လတွင် သိမ်းပိုက်နိုင်ခဲ့သည်။ ဆက်လက်၍ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် တပ်မကြီးနှစ်ခု ဖွဲ့စည်း၍  ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံ အထက်ပိုင်းသို့ ဆက်လက်ချီတက်ရာ ထိုနှစ် ဧပြီလတွင်  မြန်မာတစ်နိုင်ငံလုံးကို  သိမ်းပိုက်မိသည်။  ဤသို့ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာတစ်နိုင်ငံလုံးကို လျင်မြန်စွာ ချီတက်တိုက်ခိုက်နိုင်သည်မှာ မြန်မာပြည်သူ တစ်ရပ်လုံး၏ တပ်မတော်ကို တညီတညွတ်တည်း ပူးပေါင်းကူညီမှုများကြောင့်ပင် ဖြစ်သည်။  ထိုစဉ်ကတည်းက ပြည်သူပါမှ စစ်နိုင်မည်ဟူသော ခံယူချက်မှာ စတင်ပေါ်ထွက်လာခဲ့ပြီး ယနေ့ထိတိုင် တပ်မတော်က ကျင့်သုံးသော ပြည်သူ့စစ်မဟာဗျူဟာဖြစ်သည်။

ဂျပန်ခေတ်တွင်  ဘီအိုင်အေ တပ်မတော်သည် ဂျပန်တို့၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် ရှိသော တပ်မျိုးသာဖြစ်ရသည်။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်လည်း မရှိပေ။ မျိုးချစ်စိတ်ပြင်းထန်သော လူငယ်လူရွယ်များ ဘီအိုင်အေ တပ်မတော်သို့ တဖွဲဖွဲဝင်ရောက်လျက် ရှိသောကြောင့် ဂျပန်တို့စိုးရိမ်မကင်း ဖြစ်လာကြသည်။

ထို့ကြောင့် ဂျပန်တို့သည် အင်အားကြီးထွားနေသော ဘီအိုင်အေ တပ်မတော်ကို အင်အားသုံးထောင်အထိ လျှော့ချကာ ဗမာ့ကာကွယ်ရေး တပ်မတော် ခေါ် ဘီဒီအေအဖြစ် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောင်းလဲဖွဲ့စည်းလိုက်သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် မြန်မာပြည် စစ်နယ်မြေဆိုင်ရာ ဂျပန်တပ်မတော် စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး ကဝါဘီက ၁၉၄၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှ စတင်ခဲ့သော စစ်အုပ်ချုပ်ရေးကို လည်းကောင်း၊ ၁၉၄၂ ခုနှစ် သြဂုတ်လ ၁ ရက်က စတင်ခန့်အပ်ခဲ့သော ယာယီအစိုးရအဖွဲ့ကို လည်းကောင်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် အကြံပေးအဖွဲ့(အတိုင်ပင်ခံအရာရှိကြီးရုံး)ကို လည်းကောင်း၊ ဗမာ့ကာကွယ်ရေး တပ်မတော် စစ်မှုပြင်ဆင်ရေးရုံးကို လည်းကောင်း ဖျက်သိမ်းကြောင်း ကြေညာ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ကြေညာပေးသည်။ သို့သော် ထိုလွတ်လပ်ရေးသည် ရွှေရည်စိမ် လွတ်လပ်ရေးသာဖြစ်သည်။

ထို့အတူ ဘီဒီအေကိုလည်း ၁၉၄၃ခုနှစ်  စက်တင်ဘာလ ၁၅ ရက်တွင်   ဗမာအမျိုးသား တပ်မတော် (ဘီအင်န်အေ)အဖြစ်  ပြောင်းလဲခဲ့သည်။ လက်တွေ့တွင်မူ  မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသည်   ဖက်ဆစ်စနစ်၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ရှိနေခဲ့ပြီး တပ်မတော်သည်လည်း    ဂျပန်တို့၏ လက်အောက်ခံ တပ်မတော်အဖြစ်သာ  ရပ်တည်နေရသည်။

၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ကား တပ်မတော်သည်   ပြည်သူ့လွတ်မြောက်ရေး  တပ်မတော်အသွင် ဖွဲ့စည်းကာ ပြည်သူလူထု တစ်ရပ်လုံးနှင့်အတူ ဖက်ဆစ်တော်လှန်ရေးကြီးကို စတင်ဆင်နွှဲလိုက်တော့သည်။ ထိုအချိန်မှစ၍ တပ်မတော်သည် မည်သည့်လက်အောက်မျှ မဟုတ်တော့ဘဲ သီးခြားရပ်တည် တော်လှန်ရေး ဆင်နွှဲလိုက်ခြင်းပင်ဖြစ်သည်။  ဖက်ဆစ်တော်လှန်ရေး   ဆင်နွှဲနေစဉ်ကာလအတွင်း ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် တပ်မတော်သည် ဗမာမျိုးချစ်တပ်မတော် (ပီဘီအက်ဖ်)ဟု အမည်ပြောင်းလဲခံယူခဲ့သည်။ တပ်မတော်၏ အင်အားများလည်း သုံးသောင်းကျော်အထိ ကြီးထွားလာသည်။

ဖက်ဆစ်တို့ကို ထိရောက်အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး တိုင်းရင်းသား ပြည်သူလူထုနှင့်လည်း တစ်သွေးတစ်သားတည်း  ဖြစ်လာခဲ့သည်။

ဖက်ဆစ်တို့ကို တော်လှန်ခဲ့သည့် ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့အား အမြဲတမ်းသတိရနေစေရန်အတွက် နှစ်စဉ် မတ်လ ၂၇ ရက်နေ့ရောက်တိုင်း တပ်မတော်နေ့ဟု ဂုဏ်ပြုဖော်ညွှန်းခဲ့ကြခြင်းဖြစ်သည်။

မတ်လသည် ဤနှယ် ဘာသာရေးနွယ်၊ အမျိုးသားရေး ကြွယ်လှသည်။ ထိုအရာတို့သည်ရနံ့ထုံသောပန်းတို့ဖြစ်ပါက  မတ်လသည် မြတ်လှပါ့ပန်းစုံစုံသည့်      လပင်ဖြစ်တော့သည်။  ကျော်လွှားသွားရမည့် လမဟုတ်ဘဲ တယုတငင်ဖြင့်  ချစ်ခင်မြတ်နိုးရမည့် လတစ်လသာ  ဖြစ်ပါတော့သည်။ တပေါင်းမတ်လ ပန်းနှယ်လှ၏ဟု ဆိုရမည် မဟုတ်ပါလော။  ။

 

ကိုဇော်ဌေး(ယဉ်ကျေးမှု)