အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၄ ခုနှစ်) (နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၂၀  /၂၀၂၄)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ

အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၄ ခုနှစ်)

(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်  ၂၀  /၂၀၂၄)

၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း   ၁၁    ရက်

(၂၀၂၄ ခုနှစ်၊ မတ်လ  ၂၀   ရက်)

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

၁။      ဤဥပဒေကို အမျိုးသားအစားအသောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ(၂၀၂၄ ခုနှစ်) ဟု ခေါ်တွင်စေရမည်။

၂။       အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈ ကို အောက်ပါအတိုင်း အစားထိုးရမည်-

           “၂၈။ မည်သူမဆို ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်-

    (က)   ပုဒ်မခွဲ (က)၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲ (ဃ)၊ ပုဒ်မခွဲ (င)၊ ပုဒ်မခွဲ (စ) သို့မဟုတ် ပုဒ်မခွဲ(ဆ)ပါ အစားအသောက်နှင့်သက်ဆိုင်သည့် ပြစ်မှုဖြစ်ပါက ထိုသူအား တစ်ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၃၀ အထိ  ငွေဒဏ်လည်း ချမှတ်နိုင်သည်။

    (ခ)     ပုဒ်မခွဲ (ဇ) သို့မဟုတ် (ဈ)ပါ အစားအသောက်နှင့်သက်ဆိုင်သည့် ပြစ်မှု ဖြစ်ပါက ထိုသူအား တစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ကျပ်ငါးသိန်းထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချမှတ်ရမည်။

    (ဂ)     တရားရုံးသည် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို  ဖျက်ဆီးရန် သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲရန် အမိန့်ချမှတ်ရမည်။”

၃။      အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၉ ကို အောက်ပါအတိုင်း အစားထိုးရမည်-

    “၂၉။ မည်သူမဆို ပုဒ်မ ၂၃ ပါ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား တစ်ဆယ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ် ၁၀ သိန်းမှ အများဆုံး ကျပ်သိန်း ၅၀ ထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ထို့ပြင် တရားရုံးသည် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးရန် သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲရန် အမိန့်ချမှတ်ရမည်။”

၄။    အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၃၀ ပါ “ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းထိဖြစ်စေ” ဆိုသည့်စကားရပ်ကို “အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၃၀ ထိ ငွေဒဏ်ဖြစ်စေ” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ “ထို့ပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် သက်သေခံပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရမည်” ဆိုသည့် စကားရပ်ကို “ထို့ပြင် တရားရုံးသည် ပြစ်မှုနှင့်သက်ဆိုင်သည့် သက်သေခံပစ္စည်းများကို ဖျက်ဆီးရန် သို့မဟုတ် သတ်မှတ်ချက်များနှင့်အညီ စီမံခန့်ခွဲရန် အမိန့်ချမှတ်ရမည်။” ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း အစားထိုးရမည်။

၅။    အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၃၁ ပါ “ထောင်ဒဏ် ၃ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းမှ အများဆုံး ကျပ်သုံးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ် ရမည်။”ဆိုသည့် စကားရပ်ကို “ငါးနှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများဆုံး ကျပ်သိန်း ၃၀ ထိ ငွေဒဏ်လည်း ချမှတ်နိုင်သည်။” ဆိုသည့် စကားရပ်ဖြင့် အစားထိုးရမည်။       

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

 

                                                                                      (ပုံ)

မင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ