အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

တစ်ရက်တော့ သည်စာအုပ်လေးသည် ဗလလက်ထဲမှတစ်ဆင့် ကိုလတ်လက်ထဲသို့ ရောက်သွားသည်။     ပြန်လုယူလည်း မရတော့။ လူပိန်သလောက် ကိုလတ် လက်တွေမှာ သန်မာမြဲမြံလှသည်။ စာအုပ်စုတ်သွားမည် စိုးသောကြောင့် စာအုပ်ကို တစ်ခါတည်း အလယ် က ဖြတ်ကိုင်ထားသည်။

“ကိုလတ်လည်း တော်တော်ဆိုးပါလား၊ အဲလောက် ဆိုးလိမ့်မယ်လို့ တစ်ခါမှ မထင်မိဘူး”လို့ အောင်က ပြောတော့  “ဒီကောင်တွေနဲ့  ပေါင်းနေတာပဲ” လို့ ကိုအောင့်ဘက်သို့ မေးငေါ့ပြလိုက်သေးသည်။ နောက်ဆုံးတော့  အောင်က ရှက်ရှက်နှင့်    ရယ်၍သာနေရ သည်။

သည်တစ်ခါတော့ ဦးချစ် လက်ဖက်ရည်ဆိုင်မှာ မဟုတ်တော့၊  ပုဂံလမ်းမှာ။ အမှန်စင်စစ် အောင်၊ ဒေဝနှင့် ဗလက သက်သက်၊ ကဗျာဆရာ၊ စာရေးဆရာ တွေဆီက စာမူတွေလိုက်ကောက်တာဖြစ်ပြီး ကိုလတ် နှင့် ကိုအောင်တို့က မြို့ထဲကပြန်လာပြီး ပုဂံလမ်းထိပ် မှတ်တိုင်မှာဆင်းကြကာ ဆုံကြခြင်းဖြစ်သည်။

“ချောစု ဘာလို့လိုက်မလာတာလဲ”

အရေးထဲ သည်တစ်ခါတော့ ကိုအောင်က ပူပန် နေသေးသည်။ အောင်က မျက်စောင်းတစ်ချက်ဝေ့ ရင်း “ပရယ်တီကယ်(လ်) တက်ချင်လို့ပေါ့ ကိုအောင်ရ”

ဟုဖြေလိုက်သည်။ ကိုလတ်ကတော့ ဘာမှမပြော။

အောင့်ကို ပြုံးလျက်ငေးကြည့်နေသည်။ ကိုလတ် မျက်နှာက  ပင်ပန်းသည့်ဒဏ်နှင့်  နည်းနည်းညှိုးနွမ်း နေသည်။    ဒါကြောင့်   ကိုလတ်ကို သနားသဖြင့်  ရန်မထောင်တော့ဘဲ စိတ်ရှုပ်ရှုပ်နှင့်ရယ်မောလျက်...        

“ကျွန်တော် ရည်းစားထားရင်တောင် ဒီအဖွဲ့ကို အလျင်အသိပေးထားရမယ့် သဘောရှိတယ်”

“ပေးရမယ် ပေးရမယ်၊ အသိမပေးလို့ ဘယ်ရမလဲ”

ဗလက အော်လိုက်သည်။

“နင်တကယ် တစ်ခါမှ ရည်းစားမထားဖူးဘူးလား”

အရေးထဲ ဘာမဟုတ်တာကို စိတ်ဝင်စားနေပြန်ပြီ လဲဟု စိတ်ထဲ၌ အပြစ်တင်ရင်း...

“မထားဖူးလို့ နောင်တရနေတာပေါ့”

“ဘုရား...ဘုရား၊ နင့်အသက်က ဘယ်လောက် ရှိသေးလို့လဲ”

ဒေဝက မျက်လုံးပြူးနေသည်။

“အသက်  ၂၁ နှစ်ရှိပြီ၊    ကောလိပ်ရောက်တာ နောက်ကျလို့”

“ငါက နင့်ကို ၁၇ နှစ်လောက်ပဲ ရှိသေးတယ်လို့ ထင်နေတာ”

“ချောစုတောင် ကျွန်တော့်ထက် နှစ်နှစ်ငယ်တယ်။ ဒါပေမဲ့   ချောစုက ကျွန်တော့်ထက်  အများကြီး လိမ္မာတယ်”

“ဒီလိုတော့လည်း သိသားပဲ”

ကိုအောင်က ဖျတ်ခနဲပြောလိုက်သဖြင့် အောင်သည် သူ့လွယ်အိတ်နှင့် ကိုအောင့်ကျောကို ဘုံးခနဲလှမ်း ရိုက်လိုက်သည်။  ကိုလတ်သည် သူသောက်လက်စ ဆေးလိပ်ကို လွှင့်ပစ်ကာ အောင့်စာအုပ်ကို တစ်ရွက်စီ

လှန်ကာ ဖွင့်လိုက်လေသည်။

“အကာ၊ အနှစ်”

“ကိုလတ်...ကိုလတ်”

အောင်က လှမ်းဟန့်လည်းမရတော့။ တစ်ယောက် ယောက်က အော်ဖတ်ပြီးလျှင် အားလုံးတညီတညွတ် တည်းသိရတော့မည်။ ညနေချိန် ပုဂံလမ်းတွင် လူခြေကတိတ်ဆိတ်လို့ တော်ပါသေးသည်။

“အနှစ်”   ခေါင်းစဉ်အောက်တွင်   “ကိုလတ်၊ ကိုအောင်”တို့နာမည်စရေးထားသည်။ ထို့နောက် ဒေ၀  ခေါ် ကိုချစ်ထွန်း၊ ဗလ ခေါ် ကိုမင်းမောင်တို့လည်း ပါသည်တဲ့။

ဆရာမ ဒေါ်သီသီမြင့်၊ ဆရာ ဦးကံချွန် စသော ဆရာ၊ ဆရာမတွေ နာမည်တချို့၊ ထွေးခင်၊ အထွန်း၊ ချောစု၊   မမစံနှင့်  ဆန်းဆန်းမြင့်ဆိုတာတွေလည်း ရေးသားထားသေးသည်။

“နင်ကလည်း အနှစ်အောက်မှာ နင်ချစ်တဲ့လူတွေ နာမည်တွေ ရွေးထားတာပဲ”

ဒေဝကပြောတော့...

“မဆိုင်ပါဘူး၊ မတုံးစမ်းပါနဲ့၊ ကျွန်တော် ဘယ်လို လူမျိုးတွေကို   ချစ်တတ်တယ်ဆိုတာ   ဒေဝလည်း

သိသားပဲ”

ချက်ချင်းချေပသေးသည်။ ဗလက ဆက်၍ဖတ်ပြန် သည်။

“အကာမှာ နံပါတ်တစ် ဦးမြင့်လှိုင်၊ နှစ် ဒေါ်ငွေ ရင်လှိုင်၊ အဲဒါဘယ်သူတွေလဲ”

အောင်ကရယ်ပြီး ရုတ်တရက်မဖြေ။ ကိုလတ်က အောင့်မျက်နှာကိုငေး၍ကြည့်တာကို လှမ်းကြည့်ပြီး မှ...

“တစ်ယောက်က ဖားသား၊ နောက်တစ်ယောက်က ဖားသားမိန်းမ”

“ဟေ”

ဒေဝ၏မျက်လုံးအစုံတို့သည် ပြူးလာပြီး ကိုအောင်တို့က တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြပြီး တသောသော ရယ်မောနေကြသည်။

“ကြူကြူမြင့်လှိုင်ဆိုတာက အစ်မလား”

ကိုလတ်က မေးလိုက်သည်။

“ဟုတ်တယ်၊ အစ်မလတ်”

“မောင်နှမ ဘယ်နှယောက်ရှိလို့လဲ”

ကိုအောင်က မေးလိုက်သည်။

“အားလုံး ခြောက်ယောက်”

“နင်က အငယ်ဆုံးလား”

“ဟင့်အင်း၊   ကျွန်တော်က     ဒုတိယအငယ်ဆုံး၊ အငယ်ဆုံးမောင်လေးက ဆုံးသွားပြီ၊ ကျွန်တော်တို့ က မိန်းမသုံးယောက်၊ ယောကျ်ားသုံးယောက်၊ အကြီး ဆုံးက အစ်မ၊ နောက်အစ်ကိုနှစ်ယောက်၊ သူ့အောက် အစ်မလတ်ပေါ့၊ ကျွန်တော်နဲ့ မတည့်တာ၊ တကယ် အချဉ်ပေါက်နေတာ”

“ဘာဖြစ်လို့လဲ”

ကိုလတ်ကမေးသည်။

“အမယ်လေး၊ သူ့အကြောင်းပြောရင် အရှည်ကြီး ရယ်၊ သူနဲ့ကျွန်တော်စကားမပြောကြတာ ကျွန်တော် တက္ကသိုလ်ရောက်တဲ့နှစ်ကပဲလေ၊ ခုဆိုရင် နှစ်နှစ်နီးပါး ရှိသွားပြီပေါ့”

“အေးလေ၊ သူနဲ့  ဘာလို့အဲလောက်အကြာကြီး မခေါ်ဘဲနေတာလဲ၊ အောင်ပြောပြမှ ကိုယ်တို့သိရမှ”ပေါ့}}

“ကိုလတ် တကယ်သိချင်လား၊ သိချင်ရင် ကျွန်တော် အေးအေးဆေးဆေးပြောပြမယ်။ သူကတော့ ဘာလို့ ကျွန်တော့်ကို  စပြီးမုန်းခဲ့သလဲမသိဘူး၊ ကျွန်တော် သူ့ကို မုန်းတာတော့  အခြေခံနဲ့ပါ၊  အကြောင်းမဲ့ မဟုတ်ပါဘူး”

လွန်လေပြီးသော ကာလက   အကြောင်းတွေကို အောင့်တွင် ပြောစရာတွေ တစ်ခုပြီး တစ်ခုရှိပြန်သည်။

ဆက်လက်ဖော်ပြပါမည်။