မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၁

     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ သံဃာတော်များအား ယနေ့နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါမြို့ရှိ ခေမာသီရိကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သည်။

    ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ အရိုးအကြောရောဂါ၊ အာရုံကြောအားနည်းရောဂါ၊   အထွေထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၄၀ ပါးတို့ကို လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသ ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ကူး၍ ရောဂါ ရှာဖွေပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် သံဃာတော်များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးစီစဉ် ဆောင်ရွက်ပေးသည်။

     ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ အဆိုပါ ဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။